နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုတွင်းမှာ ဘယ်ဖျော်ဖြေရေးကဏ္ဍတွေက ခေတ်ရေစီးကြောင်းမှာ လူကြိုက် များနေကြသလဲ၊ ဘယ်အနုပညာတွေကို ပြည်သူလူထုအများစုက လက်ခံလေ့ရှိကြသလဲ ဆိုတာတွေကို ကြည့်လိုက်ရုံနဲ့ ဒေသတစ်ခုနိုင်ငံတစ်နိုင်ငံရဲ့လူနေမှုအဆင့်အတန်း အတွေးအခေါ်အဆင့်အတန်းတွေကိုပါ တစ်ခါတည်း တန်းသိနိုင်ပါတယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင်စတဲ့ အနုပညာနယ်ပယ်အသီးသီးမှာ အဆင့်အတန်းမပြည်မှီတဲ့ လူကြိုက်များ ဖျော်ဖြေရေးတွေသာ အားကောင်းလာပြီဆိုရင် ဒီဒေသတွင်းကလူတွေရဲ့ ဝေဖန်တွေးခေါ်နိုင်မှု ကျိုးကြောင်း ဆင်ခြင်နိုင်မှု စွမ်းရည်တွေကိုပါ ထိခိုက်လာပြီး၊ ပြည်သူလူထုရဲ့အတွေးအခေါ်တွေမှာ မီဒီယာတွေက ထုတ်လုပ်တဲ့ ယဉ်ကျေးမှုဝန်ဆောင်မှု လုပ်ငန်းအများစုကသာ လွှမ်းမိုးသွားလေ့ရှိကြတယ်။

လူ့အဖွဲ့အစည်းတွင်းမှာနေတဲ့ လူတစ်ယောက်ဟာ နေ့စဉ်လူနေမှုဘဝထဲက မီဒီယာတွေနဲ့နည်းလမ်းပေါင်း မျိုးစုံ ဆက်သွယ်နေရတယ်။ မီဒီယာတွေနဲ့သာ အဆက်အသွယ်မပြုလုပ်ပဲ နေလိုက်မယ်ဆိုလျှင် ဒီလူဟာလူ့ အဖွဲ့စည်းရဲ့ ပြင်ပကို ရောက်ရှိသွားလိမ့်မယ်။
လူထုမီဒီယာတွေကို အသုံးပြုကြတဲ့အခါ အကြမ်းအားဖြင့် (၁) သတင်းအချက်အလက်ပေးရန် ( to inform )၊ (၂) ဖျော်ဖြေပေးရန် ( to entertain )၊ (၃) ဩဇာလွမ်းမိုးရန် ( to influence) ဆိုတဲ့ အဓိကရည်ရွယ်ချက်ကြီး သုံးခုနဲ့အသုံးပြုလေ့ရှိကြတယ်။ နေ့စဉ်သတင်းစာတွေဟာ သတင်းပေးတဲ့အလုပ် ( informative function ) တွေကို အဓိက ဦးစားပေးလုပ်ဆောင်လေ့ရှိကြပြီး၊ တစ်ခါတစ်ရံမှာ ဝတ္ထုတို၊ ကာတွန်း၊ ကဗျာ၊ အက်ဆေး စတာတွေကိုလည်း ထည့်သွင်းဖော်ပြလေ့ ရှိကြပါတယ်။
မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား တို့ကလည်း သတင်းပေးရန်၊ ဖျော်ဖြေပေးရန်ဆိုတဲ့ ကဏ္ဍကြီးနှစ်ခုလုံးကိုပါ အားမျှချိန်ဆပြီး ဖော်ပြလေ့ရှိကြတယ်။ ရုပ်ရှင်၊ ကာတွန်း၊ ကဗျာ၊ ဝတ္ထုတွေမှာလည်း သတင်းပေးခြင်း၊ ဖျော်ဖြေပေးခြင်း အပြင် ဩဇာလွမ်းမိုးရန်ဆိုတဲ့ ကဏ္ဍကြီးသုံးခုလုံးကိုပါ လုပ်ဆောင်ပေးလေ့ရှိကြတယ်။
ဥပမာတစ်ခုလောက်ပြရရင် နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်းစာအုပ်မှာ မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ လူမျိုးစုတွေရဲ့ နေ့စဉ်လူနေမှုဘဝ၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ဘာသာရေး၊ အတွေးအခေါ် စတာတွေကို စာဖတ်သူတွေအပေါ် သတင်းအချက်အလက်တွေပေးထားတာကို တွေ့နိုင်တယ်။ ရခိုင်ကဗျာဆရာမများ ရေးသားထားကြတဲ့ “အကျွန်စွာ မမတစ်ယောက်” ဆိုတဲ့ ကဗျာစာအုပ်မှာလည်း ရခိုင်ဒေသမှာရှိတဲ့ မိန်းကလေးတွေရဲ့ နေ့စဉ်လူနေမှုဘဝ အခက်အခဲတွေ မိန်းကလေးတွေအပေါ် ရှေးရိုးစွဲကြီးစွာ ဖိနှိပ်မှုတွေ ရခိုင်မိန်းကလေးတွေရဲ့ အိမ်ထောင်ရေး ချုပ်ခြယ်ခံရမှုတွေကို စာဖတ်သူအပေါ် သတင်းပေးပြီးတော့ ပြန်လည်တွန်းလှန်ရန်အတွက် ဩဇာလွမ်းမိုးမှုရှိအောင် ဖော်ပြသွားတာကိုလည်း မြင်တွေ့နိုင်တယ်။
လူထုမီဒီယာတွေထဲက သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ မဂ္ဂဇင်းစတဲ့ ဖျော်ဖြေရေးကဏ္ဍမျိူးစုံက သတင်း အချက်အလက်တွေကိုသိရှိဖို့ မိမိကိုယ်ကို စိတ်ကျေနပ်မှု ပြန်ပေးနိုင်ရန်အတွက်ဆိုပြီး ပြည်သူလူထုက အသုံးပြုကြပေမဲ့ လူထုမီဒီယာတွေကလည်း ကျွန်တော်တို့တွေအပေါ် ပြန်လည်ပြီးအသုံးချတာ တွေရှိကြတယ်။
လူထုမီဒီယာတွေဟာ အုပ်ချုပ်သူလူတန်းစားတစ်ရပ်က ပြည်သူလူထုတွေအပေါ် အတွေးအခေါ်ဖိနှိပ် ချုပ်ခြယ်နိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ လက်နက်တစ်မျိုးလို့တောင် မတ်စ်ဝါဒီတွေက ယူဆလေ့ရှိကြတယ်။ ( ဒီယူဆချက်ဟာ လက်ဝဲဝါဒီစွန်းပေမဲ့လည်း တစ်ချို့သောကိစ္စရပ်တွေမှာ မှန်နေတာတွေကို တွေ့ရလေ့ ရှိတယ်။)
လက်ရှိခေတ်ယဉ်ကျေးမှုနဲ့ဆက်စပ်နေတဲ့ လူထုမီဒီယာတွေပေါ်က လူကြိုက်များတဲ့ ဖျော်ဖြေရေးတွေ တတိယတန်းစားလို့ပြောလို့ရတဲ့ တစ်ဆင့်နိမ့် အနုပညာအတန်းစားတွေဟာ ပြည်သူလူထုရဲ့ ဝေဖန်သုံးသပ်နိုင်မှုနဲ့ စဉ်းစားတွေးခေါ်နိုင်မှုတွေကိုပါ မှုန်ဝါးသွားအောင်လုပ်လေ့ရှိကြတယ်။ ဖျော်ဖြေရေး မီဒီယာတွေရဲ့ အဓိကဦးစားပေး ရည်မှန်းချက်က လူအများစုကြိုက်နှစ်သက်ရေးပဲဖြစ်တယ်။
Culture industry လို့ခေါ်တဲ့ ယဉ်ကျေးမှုဝန်ဆောင်မှု လုပ်ငန်းအများစုဟာ သီးခြားဆန်မှု၊ တသီးပုဂ္ဂလဆန်မှု (individualized) အများစုကို ငြင်းပယ်ပြီးတော့ အစုအပေါင်းဝါဒီတွေရဲ့ တွန်းအားကို ပိုပြီးတော့ အားပေးလေ့ရှိတယ်။ လူကြိုက်များမဲ့ အကြောင်းတွေကိုသာ ဦးစားပေးပြီးတော့ လူ့အဖွဲ့စည်းရဲ့သရုပ်၊ လူသားများရဲ့ စရိုက်လက္ခဏာတွေကို ရေးသားဖော်ပြထားကြတဲ့ အနုပညာလက်ရာတွေနေရာမှာ လူကြိုက်များတဲ့ သတင်း၊ ရုပ်ရှင်၊ ဝတ္ထု၊ တေးဂီတ အများစုကိုသာ ဖျော်ဖြေရေးမီဒီယာတွေက ဦးတည်ပြီး လမ်းကြောင်းပေးလေ့ရှိကြတယ်။
နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုတွင်းမှာ ဘယ်ဖျော်ဖြေရေးကဏ္ဍတွေက ခေတ်ရေစီးကြောင်းမှာ လူကြိုက် များနေကြသလဲ၊ ဘယ်အနုပညာတွေကို ပြည်သူလူထုအများစုက လက်ခံလေ့ရှိကြသလဲ ဆိုတာတွေကို ကြည့်လိုက်ရုံနဲ့ ဒေသတစ်ခုနိုင်ငံတစ်နိုင်ငံရဲ့လူနေမှုအဆင့်အတန်း အတွေးအခေါ်အဆင့်အတန်းတွေကိုပါ တစ်ခါတည်း တန်းသိနိုင်ပါတယ်။
စာပေ၊ ဂီတ၊ ရုပ်ရှင်စတဲ့ အနုပညာနယ်ပယ်အသီးသီးမှာ အဆင့်အတန်းမပြည်မှီတဲ့ လူကြိုက်များ ဖျော်ဖြေရေးတွေသာ အားကောင်းလာပြီဆိုရင် ဒီဒေသတွင်းကလူတွေရဲ့ ဝေဖန်တွေးခေါ်နိုင်မှု ကျိုးကြောင်း ဆင်ခြင်နိုင်မှု စွမ်းရည်တွေကိုပါ ထိခိုက်လာပြီး၊ ပြည်သူလူထုရဲ့အတွေးအခေါ်တွေမှာ မီဒီယာတွေက ထုတ်လုပ်တဲ့ ယဉ်ကျေးမှုဝန်ဆောင်မှု လုပ်ငန်းအများစုကသာ လွမ်းမိုးသွားလေ့ရှိကြတယ်။
မီဒီယာတွေကနေ ထုတ်လုပ်တဲ့ ယဉ်ကျေးမှုဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အကျိူးသက်ရောက်မှုဟာ ပြည်သူ လူထုရဲ့ လူနေမှုဘဝပုံစံလမ်းကြောင်းကိုပါ တစ်ခါတည်း ပုံစံပြောင်းသွားစေနိုင်တယ်။ သူတို့ဖတ်နေ တဲ့စာအုပ် သူတို့နားထောင်နေတဲ့ ဂီတတွေဟာ ဖျော်ဖြေရေးသက်သက် ဆိုတာကိုနားမလည်နိုင်ကြတော့ဘဲ လောကရဲ့ တည်ရှိနေတဲ့အမှန်တရားများကို ကိုယ်စားပြုဖော်ပြနေတယ်လို့တောင် ထင်ယောင်လာကြတာ ကိုတွေ့ရတယ်။
ဒါဟာဖျော်ဖြေရေးမီဒီယာတွေကို စဉ်းစားချင့်ချိန်ခြင်းမရှိပဲ အလွယ်တကူ လက်ခံလိုက်တာကြောင့် ဖြစ်လာရတဲ့ အကျိူးဆက်တွေပဲဖြစ်တယ်။ ဥပမာတစ်ခုအနေဖြင့် ရခိုင်အမျိုးသားရေးအတွက်ရေးဖွဲ့ထားတဲ့ သီချင်းအများစုကို ပြန်လည်ဆန်းစစ်ကြပါစို့။
ဒီသီချင်းအများစုဟာ အမျိုးသားရေးဝါဒကို အခြေခံပြီးရေးသားထားတဲ့အတွက် မိမိတို့နဲ့မတူကွဲပြားတဲ့ လူမျိုးတွေကို တစ်ဆင့်နိမ့်တဲ့လူမျိုးတွေအဖြစ် ပုံဖော်ပြလေ့ရှိကြတယ်။ ရခိုင်လူမျိူး အဆိုတော်တစ်ယောက် ဆိုထားတဲ့ သီချင်းတစ်ပုဒ်မှာဆို “ရှေးခေတ်က ငါရို့ရခိုင်မှာသာစွလေ မင်းအဆက်ဆက်ထီးနန်းစံရေ လက်ရုံးနှလုံးရည်ပြိုင်စွန့်စားခ ဘင်္ဂလား ဒင်္ဂါးမြို့ထိပိုင် တော်ဝင်ရေ ငါရို့အမျိုးဂုဏ်စံတင်စရာ ရှေးခေတ်က ငါရို့မြေမှာ” ဒီသီချင်းမှာပါတဲ့စာသားဟာဆိုရင် ရှေးခေတ်သမိုင်းက ပဒေသရာဇ်စနစ်၏ ကိုလိုနီနယ်ချဲ့မှုကို ကြီးမြတ်သယောင် အင်ပါယာချဲ့ထွင်ခြင်းကို အများပြည်သူတွေအတွက် ငြိမ်းချမ်းမှုပေးနိုင်သယောင် ပထဝီ နယ်နမိတ်ကျယ်ဝန်းခြင်းဟာလည်း ဓန၊ ဥစ္စာနဲ့လုံခြုံမှုကိုပေးနိုင်သယောင် ရေးသားထားတာကိုတွေ့ရတယ်။
နယ်ချဲ့ဝါဒီ၊ အမျိုးသားရေးဝါဒီနဲ့ ပဒေသရာဇ်စနစ်တို့ကို တိုက်ရိုက်ဝါဒဖြန့်ချီတဲ့စာသားတွေလို့ မမြင်ကြဘဲ ကိုယ်လူမျိုးရဲ့ သမိုင်းအစဉ်လာတစ်ခုကိုဖွဲ့နွဲ့ပြီးရေးသားထားသယောင် ဒီဂီတကိုနားထောင်ကြတဲ့သူတွေက အလွယ်တကူ လက်ခံလိုက်လေ့ရှိကြတယ်။
နောက်သီချင်းတစ်ပုဒ်မှာဆိုရင်လည်း “အဖရခိုင်ပြည်ကြီးငြိမ်းချမ်းဖို့အတွက် ရခိုင်သားတိချီတက် နယ်လုကျော် ရေမျိုးမစစ်ကောင်တိ ငရို့ပြည်ကထွက်လား” စတဲ့ စာသားတွေပါဝင်နေတယ်။ ဒီစာသားတွေဟာ မတူကွဲပြားသော လူမျိုးခြားတွေကို ရခိုင်ဒေသမှာ လက်မခံနိုင်သယောင် ရေးသားထားတာကိုလည်းတွေ့ရတယ်။ ရခိုင်နာမည်ကြီးအဆိုတော် တစ်ယောက်သီဆိုထားတဲ့ မာဒရာဆိုတဲ့ သီချင်းတစ်ပုဒ်မှာလည်း မသန်စွမ်း သူတစ်ဉီးရဲ့ အားနည်းချက် တွေကို ဖော်ပြပြီး ရယ်စရာတစ်ခု လိုလှောင်ပြောင်သရော်ထားတာကိုတွေ့ရှိရတယ်။ (မာဒရာဆိုသည်မှာ ရခိုင်ဝေါဟာရတစ်ခုဖြစ်ပြီး ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေကို နှိမ်ပြီးခေါ်ဆိုလိုတဲ့အခါ သုံးတဲ့ စကားလုံးဖြစ်တယ်။)
ဒီလို အမျိူးသားရေးဝါဒီအစွန်းရောက်ဖို့ တွန်းအားပေးနေကြတဲ့ သီချင်းတွေ၊ လူမျိူးရေးခွဲခြားမှု ပြုလုပ်တာတွေကို အားပေးတဲ့ ဖျော်ဖြေရေးတွေနဲ့ အစဉ်အမြဲထိတွေ့နေရတဲ့ ပြည်သူလူထုရဲ့ အတွေးမှာ အမျိူးသားရေးအစွဲတွေ၊ မသန်စွမ်းသူတွေကို ကဲ့ရဲ့လှောင်ပြောင်တာတွေ၊ ကျားမခွဲခြားမူတွေပြုလုပ်နေကြတာတွေဟာ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတစ်ခုလို့ လက်ခံထားကြတာဟာ အဆန်းတကြယ်တော့မဟုတ်ဘူး။
တတိယတန်းစားရေးသားဖော်ပြချက်တွေနဲ့ အစဉ်အမြဲထိတွေ့နေရတဲ့ပြည်သူလူထုတွေဟာ အခြားလူမျိုး တွေကို ခွဲခြားဆက်ဆံလိုစိတ်ရှိတာ၊ မိမိတို့လူမျိုးကို အခြားလူမျိုးတစ်မျိုးထက် တစ်ဆင့်မြင့်သော လူမျိုးအဖြစ်နဲ့ လက်ခံလာကြတာတွေကိုပါ ဆက်စပ်ပြီး တွေ့မြင်ရတယ်။ နောက်အကျိူးဆက်တွေကတော့ LGBTQ နဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေအပေါ်မှာ ခွဲခြားပြီးဆက်ဆံလိုစိတ်တွေဟာ ဖျော်ဖြေရေးမီဒီယာတွေကနေ ကူးစက်လာခဲ့တဲ့ ဆိုးကျိူးတွေပဲဖြစ်တယ်။
လက်ရှိဆိုရှယ်မီဒီယာတွေထဲက ဖေ့စ်ဘုတ်တွေပေါ်မှာ personal blogger တွေကလည်း သူတို့ရဲ့ အတွေ့ အကြုံသူတို့ရဲ့ခံစားချက်တွေကို လောကကြီးမှာရှိနေတဲ့ အမှန်တရားတစ်ခုယောင် ရေးသားပြီး သူရဲ့ ပရိတ်သတ်တွေအပေါ် မျှဝေနေကြတာတွေကိုပါ တွေ့မြင်ရတယ်။ သူတို့ရဲ့အတွေးအခေါ်တွေဟာ အတွေ့အကြုံ ခံစားချက်တွေပေါ်မှာမှုတည်ပြီးတော့ ရေးသားထားတာဖြစ်တဲ့အတွက် အခြေနေတစ်ခုပေါ်မှာ မှန်ချင်ရင် မှန်နေလိမ့်မယ်။ ဒါပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှရေးသားချက်တွေအပြင် ဝါဒဖြန့်ချီမှုတွေနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ လူတစ်ယောက်ဟာ ဒီတစ်ဆင့်နိမ့်ဖျော်ဖြေမှုတွေထဲက အယူဆအများစုကို ကမ္ဘာလောကကြီးထဲမှာ တည်ရှိနေတဲ့ အမှန်တရားတစ်ရပ် (Universal truth) တစ်ခုလို့တောင် ထင်မြင်ယောင်လာလေ့ရှိကြတယ်။ လူသားတွေရဲ့ တွေးခေါ်မှုစွမ်းရည်တွေဟာ ဝါဒဖြန့်ချိမှုတွေ တစ်ဆင့်နိမ့်ဖျော်ဖြေမှုတွေရဲ့ ဩဇာလွမ်းမိုးမှုအောက်ကို ရောက်သွား တာဟာ ကောင်းတဲ့ လက္ခဏာတစ်ရပ်တော့မဟုတ်ဘူး။
အထက်က အကြောင်းရာတွေနဲ့ပတ်သတ်ပြီး ကောက်ချချက်ရမယ်ဆိုရင် လူ့အဖွဲ့စည်းတစ်ရပ်ဟာ လူသား တွေရဲ့အသိစိတ်ကို ပုံသွင်းတဲ့ ပမာဏအတိုင်း လူသားရဲ့မသိစိတ် အပေါ်မှာလည်းအပြန် အလှန် သက်ရောက်မှုတွေရှိတယ်။ အလွန်အကျူးရေးသားဖော်ပြချက်တွေ၊ လော်ဘီလုပ်မှုတွေဟာ လူ့အသိုင်းဝိုင်း တစ်ခုအတွင်းက လူသားတွေရဲ့အတွေးအခေါ်၊ အမှတ်အသားလက္ခဏာတွေကိုပါ မြေပြင်ပေါ်က ပကတိအခြေအနေတွေနဲ့ ကင်းဝေးစေပြီးတော့ သူတို့ရိုက်သွင်းလိုက်တဲ့ ထင်ယောင် ထင်မှားဖြစ်မှုကို လူသားတွေရဲ့ မသိစိတ်နဲ့ အပြန်အလှန်ဆက်စပ်ပေးတယ်။
ဒီတစ်ဆင့်နိမ့်ဖျော်ဖြေရေးတွေ တစ်ဆင့်နိမ့်မီဒီယာတွေဟာ လူ့အဖွဲ့စည်းရဲ့လိုအပ်ချက် တစ်ခုဆိုတာထက် မရှိမဖြစ်လိုအပ်နေတဲ့အရာတစ်ခုလို့ ထင်အောင်လူ့အဖွဲ့စည်းအပေါ်မှာ လှုံဆော်ပေးတယ်။ အတွေးအခေါ် ဖိနှိပ်မှုတွေ အခြားသော လူသားတွေရဲ့တသီးပုဂ္ဂလဆန်တဲ့တွေးခေါ်မှုတွေ ယဉ်ကျေးမှုကောက်ကြောင်းတွေ အနာဂတ်လူ့သမိုင်းဖြစ်စဉ်တွေကိုပါ တစ်ဆင့်နိမ့်မီဒီယာတွေကိုပါ ပုံပြောင်းပေးလေ့နိုင်ခြေရှိတယ်။
လူထုမီဒီယာတွေဟာ အကြီးမားဆုံးလူမှုရေးရာအင်အား (the greatest social force) လို့ ပြောရင်လည်း မှားနိုင်မှာမဟုတ်ဘူး။ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု စတဲ့ အခန်းကဏ္ဍအသီးသီးဟာ မီဒီယာတွေရဲ့ အင်အားစိုက်ထုတ်မှုတွေအပေါ် အပြန်အလှန်အကျိုးသက်ရောက်မှုတွေ အများကြီး ရှိကြတယ်။
မီဒီယာတွေမှာ လူမှုရေးရာဝတ္တရားတွေရှိရမှာဖြစ်တယ်။ ဒီလူမှုရေးရာတာဝန်ဝတ္တရားများကို ဆောင်ရွက်ရင်း လူမှုရေးရာတာဝန်ယူမှု(social accountability) တွေကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက် နိုင်ရမည်။ လူမှုရေးရာတာဝန်ယူမှုတွေဟာ လူအများစုကလက်ခံထားကြတဲ့ အမှားအမှန်နောက်ကို လိုက်တာ မဟုတ်ဘူး။ ဝိရောဓိအသီးသီးရှိတဲ့အထဲက တစ်ခုခုဘက်က မျက်နာလိုက်ပြီးရပ်တည်လိုက်တာမျိုးကို တာဝန်သိမှု တာဝန်ရှိမှုလို့ မခေါ်ဆိုနိုင်ဘူး။
မီဒီယာတွေရဲ့ တာဝန်ယူမှုအပေါ်မှာ အပိုင်းကြီးနှစ်ပိုင်းဖြင့်ခွဲခြားပြီးတော့ပြောဆိုနိုင်တယ်။
(၁) စိတ်ကူးစိတ်သန်းအယူဆတွေရဲ့ ဖြစ်ရပ်တွေ၊ ဝါဒဖြန့်ချီမှုတွေကိုရေးသားရာမှာ စိတ်ချယုံကြည်မှု (reliability)၊ ရိုးသားမှု (honesty)၊ ဘက်မလိုက်မှု (impartiality)၊တာဝန်ယူမှု(Accountability) စတဲ့ တာဝန်သိစိတ်အပြည့်အဝကို အလေးထားရမှာဖြစ်တယ်။
(၂) လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားကိုအထောက်အပံ့ ဖြစ်စေရမည်။
မီဒီယာတွေဟာ သူတို့ကိုယ်စားပြုတဲ့လူ့အဖွဲ့အစည်းအတွက် လူ့ကျင့်ဝတ်ဆိုင်ရာတာဝန်ယူမှုတွေကို ဆောင်ရွက် ပေးနေခြင်းဟာ လူမှုရေးရာ ထုတ်ကုန်တစ်ခုအဖြစ် လုပ်ဆောင်ပေးနေခြင်းပဲ။ ဒါကြောင့် စိတ်ဓါတ်ရေးရာ တာဝန်ဝတ္တရားတွေကို ခံယူချက်အပြည့်နဲ့လုပ်ဆောင်ကြရမှာဖြစ်တယ်။
စိတ်ဓါတ်ရေးရာတာဝန်ဝတ္တရားတွေကို စောင့်သိတဲ့မီဒီယာတွေ လူအဖွဲ့အစည်းထဲမှာ ပိုပြီးတိုးပွားဖို့ လိုအပ်တယ်။ ပြည်သူလူထုကိုလည်း စစ်မှန်တဲ့အတွေးခေါ်တွေ လူသားကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို မီဒီယာကနေ မျှဝေပေးခြင်းဖြင့် ပြည်သူလူထုရဲ့ အသိဉာဏ်ပညာတွေဟာ ပိုမိုလူသားဆန်လာကြမှာလည်းဖြစ်တယ်။
ဒါ့အပြင် ပြည်သူလူထုကလည်း မီဒီယာများရဲ့ လူမှုရေးရာတာဝန်ယူမှုတွေကို မိမိတို့ရဲ့ အသိစိတ်နဲ့ ပြန်လည်ထိန်းကျောင်းပေးဖို့လည်း လိုအပ်တယ်။ ဒါကြောင့် ပြည်သူလူထုအပေါ် တာဝန်ယူမှုအပြည့်ဝရှိတဲ့ မီဒီယာတွေပေါ်ပေါက်လာပြီးတော့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့စည်းတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်ပြီး ရေးသားလိုက်ရတာဖြစ်တယ်။