ရခိုင်ပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ရေတိုရေရှည်စီမံကိန်းများရေးဆွဲပြီး နှစ်အလိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အရေးကြီးသော အခန်းကဏ္ဍတစ်ခုထဲတွင် ထည့်သွင်းရေးဆွဲသင့်သည်။ ထို့မှသာ ရခိုင်ပြည်သည် သဘာဝပတ်ဝန်းကျင်ကြောင့် အပျက်အစီးများနည်းကာ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ခေတ်မှီတိုးတက်နိုင်မှုတို့ကို လိုက်မှီနိုင်မည်ဖြစ်သည်။ မိုခါမှသင်ခန်းစာများအား အတုယူပြီး ရခိုင်ပြည်သစ်ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပါသည်။

အင်အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ရခိုင်ကမ်းရိုးတမ်းတစ်လျောက်ရှိ မြို့များကို ESCS (Extremely severe cyclonic storm) အဖြစ် တိုက်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံကုန်းတွင်းပိုင်းဒေသများသို့ ဝင်ရောက်ကာ မေလ ၁၅ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် အားပျော့သွားခဲ့သည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့များကို တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ကျော် ဝင်ရောက် တိုက်ခတ်ခဲ့ ပြီးနောက် ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်အများစုမှာ ပျက်စီးဆုံးရှုံးမူဒဏ်ကို အလူးအလဲကြုံတွေ့နေရသည်။
မိုခါမုန်တိုင်း ဝင်ရောက်ပြီးနောက် ရခိုင်ပြည်မြောက်ပိုင်းရှိ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်အများစုမှာ ပျက်စီးဆုံးရှုံးမှု ၉၀ ရာခိုင်နှုန်း ရှိပြီး ပြန်လည်နလန် ထူထောင်နိုင်ရေးအတွက် နှစ်ပေါင်းများစွာ အချိန်ယူရနိုင်ခြေရှိသည်။
ရခိုင်ပြည်သည် မြန်မာနိုင်ငံရှိ အဆင်းရဲဆုံးပြည်နယ်ထဲတွင် နံပါတ်တစ်နေရာကရှိပြီး၊ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများမှာ အလွန်တရာမှ ရှားပါးသော ဒေသတစ်ခုလည်းဖြစ်သည်။ လက်ရှိမိုခါမုန်တိုင်း တိုက်ခတ်ခဲ့ပြီးသည့်နောက်တွင် စီးပွားရေးလုပ်ငန်းနှင့် လူနေမှုဘဝများစွာတို့မှာ ယခင်ကထက် ပိုမိုအကျပ်အတည်းများနှင့် ကြုံတွေ့ရနိုင်ပြီး၊ ရခိုင်ပြည်သူများ၏ စားဝတ်နေရေးမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နိုင်ရဖွယ်ရှိသည်။
မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအချက်အလက်များကို အတိအကျမသိရှိရသေးသော်လည်း လူနေအိမ်များ၊ စီးပွားရေးအဆောက်အအုံများ၊ စိုက်ပျိုးမြေများ၊ လမ်းတံတားများ၊ ဘာသာရေးအဆောက်အအုံများ၊ ဆက်သွယ်ရေးကွန်ယက်များ အားလုံးမှာ ပျက်စီးဆုံးရှုံးသွားပြီး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ အထက်တွင် ရှိနိုင်မည်ဟု ခန့်မှန်းခြေထုတ်ထားကြသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် လူပေါင်း ၅.၄ သန်းနှင့် မုန်တိုင်းဒဏ်ခံရပြီး လူပေါင်း ၃.၂ သန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UNOCHA) မှ မေလ ၁ရ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ရခိုင်ပြည်ရှိ ပြည်သူများမှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ကာလအထိ ပြည်တွင်းစစ်နှင့် ကြုံတွေ့ခဲ့ရသည်။ ပြည်တွင်းစစ်မီးကြောင့် လက်ရှိအချိန်အထိ ရခိုင်ပြည်တွင် နေရပ်ကိုမပြန်နိုင်သေးသော စစ်ဘေးရှောင် လူဦးရေ ၅ သိန်းကျော် အထက်တွင်ရှိသည်။ ပြည်တွင်းစစ်ဒဏ်တို့ကြောင့် ဒဏ်ရာမကျက်နိုင်သေးသော ရခိုင်ပြည်ရှိ ပြည်သူအများစုမှာ မိုခါမုန်တိုင်းဘေးဒဏ်နှင့်ဆိုလျှင် တစ်ပူပေါ် နောက်တစ်ပူထပ်ဆင့်ရသောအဖြစ်ကို ကြုံတွေ့နေရပြီဖြစ်သည်။
မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် နောက်ဆက်တွဲ ရလဒ်များအနေဖြင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်မှု၊ ဖုန်လိုင်းအင်တာနက်လိုင်းများပြတ်တောက်မှု၊ လျှပ်စစ်မီးများပြတ်တောက်မှု၊ သောက်သုံးရေ အစာရေစာများ ပြတ်တောက်မှုနှင့် နောက်ဆက်တွဲ ဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါ စသည့် ဆိုးကျိူးတို့ကိုလည်း ရခိုင်ပြည်သူများ ကြုံတွေ့နေရပြီဖြစ်သည်။
သဘာဝဘေးအန္တရယ်များကို ရှောင်လွှဲ၍မရသော်လည်း သက်ဆိုင်ရာ အာဏာသိမ်းစစ်တပ်၏ ကြိုတင်သတိပေးခြင်း (Early Warning)၊ ကယ်ဆယ်ရွေ့ပြောင်းခြင်း (Evacuation)၊ ရှာဖွေကယ်ဆယ်ခြင်း (Search and Rescue)၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး ( Resettlement) လုပ်ငန်းတို့မှာ အလွန်တရာမှ အားနည်းခဲ့သည်ကို မြင်တွေ့ရသည်။
ထို့အပြင် ၂၀၁၂ အရေးခင်းကြောင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသော ရိုဟင်ဂျာလူမျိူးများကို မိုခါမုန်တိုင်း မကျရောက်ခင် ရွေ့ပြောင်းခြင်းများ၊ ကြိုတင်၍ အသိပေးခြင်းများမရှိခဲ့သောကြောင့် မုန်တိုင်းဒဏ်ခံရသော ရိုဟင်ဂျာလူမျိူးများ အသေအပျောက်နှုန်းမှာ မြင့်တက်နိုင်ခြေရှိသည်။
မိုခါမုန်တိုင်းလမ်းကြောင်းကို မျက်နှာမူထားသော ရခိုင်ပြည် စစ်တွေမြို့အနီး၊ ဘင်္ဂလားပင်လယ်အော် တစ်လျောက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့် ကျေးရွာ ၂၀ကျော်တို့၏ အပျက်အစီးဆုံးရှုံးမှုနှင့် လူအသေအပျောက်စရင်းမှာ မုန်တိုင်းတိုက်ခတ်ပြီးနောက် ငါးရက်ကြာသည့်အထိပင် အတည်မပြုနိုင်သေးပေ။
ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် ULA/ AA မှ မုန်တိုင်း မတိုက်ခတ်မီ ကြိုတင်၍ အသိပေးခြင်းများ၊ ကြိုတင်၍ ပြောင်းရွေ့ပေးခြင်းများကို ရခိုင်ပြည်ရှိ ULA/ AA စိုးမိုးရာ နေရာအများစုတွင် ပြုလုပ်ပေးခြင်းများ ရှိခဲ့သည်။
သို့သော် စစ်ကောင်စီအုပ်ချူပ်ရာနယ်မြေဖြစ်သော ရခိုင်ပြည် မြို့တော်စစ်တွေတွင် စစ်ကောင်စီအနေဖြင့် မုန်တိုင်း မတိုက်ခတ်မီ ကြိုတင်၍ အသိပေးခြင်းများ၊ ကြိုတင်၍ ပြောင်းရွေ့ပေးခြင်းများ မရှိသလောက်ပင်ဖြစ်သည်။ ဤကဲ့သို့ အားနည်းချက်များကြောင့်လည်း လိုအပ်သည်ထက် ပိုမို၍ ပျက်စီးဆုံးရှုံးခဲ့ရကြရသည်။
မုန်တိုင်းအလွန် ပြန်လည်ထူထောင်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် ULA/ AA ၏ ဗိုလ်ချူပ်ထွန်းမြတ်နိုင်မှ မုန်တိုင်းတိုက်ခတ်ပြီး မေလ ၁၅ ရက်နေ့တွင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
ဗိုလ်ချူပ်ထွန်းမြတ်နိုင်၏ မိန့်ခွန်းထဲတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရခိုင်ပြည်သူတစ်ရပ်လုံးနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားလူမျိူးများအားလုံးကို အရေးပေါ် ကယ်ဆယ်ရေးအတွက် အကူအညီအထောက်အပံ့များပေးရန် တောင်းဆိုထားပြီး၊ ရက္ခိုင့်တပ်တော် ULA/AA သည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကော်မတီများဖွဲ့ကာ လက်ရှိတွင် စေတနာ့ဝန်ထမ်းများခေါ်ယူပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။
ရက္ခိုင့်တပ်တော် ULA/AA နှင့် တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အမျိူးသားညီညွတ်ရေးအစိုးရ (NUG)၊ ကေအိုင်အို (KIO)၊ MNTJP/ MNDAA တို့မှ ရက္ခိုင့်တပ်တော် ULA/AA အား အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတို့အတွက် အကူအညီ အထောက်အပံ့များ ပေးလှူထားကြပြီး၊ အမေရိကန်သံရုံးမှနေ၍လည်း အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေးဂျင်စီ (USAID) မှ တစ်ဆင့် ကန်ဒေါ်လာ ၂ သိန်း ကနဦး လှူဒါန်းသွားမည်ဟု မေလ ၁ရ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။
ထို့အပြင် ရခိုင်ပြည်အတွင်းရှိ ရိုဟင်ဂျာများ၏ အခြေအနေများကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန် ဒုက္ခသည်စခန်းများကို ဝင်ရောက်စိစစ်နိုင်ရေးအတွက် စစ်ကောင်စီထံမှ ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟုလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှနေ၍ မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
အာဏာသိမ်းစစ်တပ်သည် အာဏာစသိမ်းပြီးသည့်နောက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းများ မှတ်ပုံတင်ခွင့်ဥပဒေကို တင်းကျပ်စွာကိုင်တွယ်ခဲ့သည်။ ယခင်စစ်အစိုးရသန်းရွှေ လက်ထက်တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဖြစ်စဉ်များလို သတင်းအမှောင်ချထားခြင်းများ၊ အရေးပေါ် ကူညီကယ်ဆယ်ရေးတို့အတွက် ကူညီပေးလိုသော အဖွဲ့အစည်းများအား ပိတ်ပင်ထားခြင်းများ ရှိလာမည်နိုင် မဟုတ်ဟု တပ်အပ် ပြောဆို၍ ရနိုင်မည် မဟုတ်ပေ။
သို့သော် အာဏာသိမ်းစစ်တပ်သည် မုန်တိုင်းဒဏ်သင့် ပြည်သူများကို အသုံးချပြီး၊ အဖွဲ့အစည်းများ မှတ်ပုံတင်ခွင့် ဥပဒေနှင့် တင်းကြပ်ကာ မုန်တိုင်းဒဏ်သင့် ပြည်သူများအား အကူအညီပေးလိုသော အဖွဲ့အစည်းများအား စစ်ကောင်စီတရားဝင်ရေးအတွက် နိုင်ငံရေးအရ အသုံးချမည်မှာ သေချာဧကန်မလွဲပင်ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် မိုခါမုန်တိုင်းပြီးနောက် ရခိုင်သို့ရောက်ရှိနေသော်လည်း ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများမှာ လက်ရှိတွင် ထင်သလောက် ခရီးမပေါက်သေးပေ။
မြန်မာနိုင်ငံအနှံ့တွင် အာဏာသိမ်းစစ်တပ်အား တော်လှန်ဆန့်ကျင်သော ပြည်တွင်းစစ်တို့နှင့် ရင်ဆိုင်ရပြီးနောက်တွင် စစ်တပ်၏ အင်အားမှာ ချဲ့နှဲ့လာပြီး၊ နိုင်ငံရေးထွက်ပေါက် ရရှိရန်အတွက် အာဏာသိမ်းစစ်တပ်သည် မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အသုံးချပြီး အကျိုးလို၍ ညောင်ရေ သွန်းလာနိုင်ခြေရှိသည်။
ပြည်တွင်းစစ်၊ ငွေကြေးဖောင်းပွမှု၊ စီးပွားရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံအနှံ့မှ ပြည်သူများမှာ လက်ရှိမိုခါမုန်တိုင်းပြန်လည်ထူထောင်နိုင်ရေးအတွက် ရခိုင်ပြည်သူများအား ကူညီနိုင်မဲ့ ရာခိုင်နှုန်းမှာလည်း အလွန်တရာမှ နည်းပါးလွန်းလှနိုင်ခြေရှိသည်။
စစ်တွေမြို့တွင် အသစ်ဖွင့်လှစ်ထားသော အိန္ဒိယဆိပ်ကမ်းမှာ မိုခါမုန်တိုင်းမတိုက်ခတ်မှီ ရက်ပိုင်းအလိုလောက်တွင် စတင်လည်ပတ်လျက်ရှိပြီး၊ အိန္ဒိယနိုင်ငံမှ မုန်တိုင်းသင့် ရခိုင်ပြည်သူများအား ၁၀၀ ရာခိုင်နှုန်း လိုအပ်သော အကူအညီများ ပေးလာနိုင်ခြေရှိနိုင်မလားဆိုသည်မှာ စောင့်ကြည့်ရမည့် အရေးဖြစ်သည်။
သို့သော်လည်း အာဏာသိမ်းစစ်တပ်နှင့် အလွမ်းသင့်သော တရုတ်အစိုးရနှင့် အိန္ဒိယအစိုးရတို့သည် စစ်ကောင်စီအား လက်နက်များရောင်းချကာ တစ်ဖက်တွင်လည်း မုန်တိုင်းသင့်ပြည်သူများအား အကူအညီများ ပေးလာနိုင်မလားဆိုသည်မှာ မရေရာမသေချာသည့် မေးခွန်းတစ်ခုပင်ဖြစ်သည်။
သို့သော်လည်း ဘင်္ဂလားဒေ့ချ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော ရခိုင်ပြည်သည် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဒဏ်ကို ဘင်္ဂလားဒေ့ချ်နိုင်ငံသားများနှင့်အတူ ခါးစီးစွာရင်ဆိုင်ခဲ့သည်မှာ ကမ္ဘာတည်သမျှကာလများထိကပင် ယခုထက်ထိတိုင်ဖြစ်သည်။ ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် ဘင်္ဂလားဒေ့ချ်နိုင်ငံလွတ်လပ်ရေးနေ့တို့တွင် ပေးပို့ခဲ့သော သဝဏ်လွှာများနှင့် သံတမန်ဆက်သွယ်ရေးများကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံမှ ရက္ခိုင့်တပ်တော်အား အသိအမှတ်ပြုပြီး ရခိုင်ပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် အကူအညီများရရှိနိုင်မလားဆိုသည်မှာ စောင့်ကြည့်ရမဲ့ အချက်ထဲတွင် အဓိကထား၍ ပါဝင်နေသည်။
ရခိုင်ပြည်သည် ဘင်္ဂလားပင်လယ်အော်နှင့် နယ်နမိတ်ချင်းထိစပ်နေသော ကမ်းရိုးတန်းဒေသ တစ်ခုလည်း ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း မေလ ဒုတိယပတ်တွင် မုန်တိုင်းဖြစ်ပေါ်လေ့ရှိသည်မှာ ဘင်္ဂလားပင်လယ်အော်၏ ဓမ္မတာတစ်ခုနီးပါးပင်ဖြစ်သည်။ ရခိုင်ပြည်သူများအနေဖြင့် မုန်တိုင်းမတိုက်ခတ်မှီ ကြိုတင်၍ ပြင်ဆင်ထားခြင်းများ အားနည်းမှု၊ မုန်တိုင်းသတိပေးချက်များအား လိုက်နာမှု အားနည်းမှုတို့ကြောင့် အပျက်အစီး အဆုံးအရှုံးများမှာ လိုအပ်သည်ထက် ပိုမိုခဲ့သည်။
သို့သော်လည်း ဤကဲ့သို့ သင်ခန်းစာများကို အတုယူပြီး နောက်တစ်ကြိမ် ဆုံးရှုံးမှုဒဏ်ကို မဖြစ်ရအောင် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပေသည်။ ဤကဲ့သို့သော မုန်တိုင်းမျိူးနောက်ထပ် ဖြစ်မလာအောင် ရခိုင်ပြည်သူတစ်ရပ်လုံးအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိန်းပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မည့်အရေးကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်သည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ များပြားမည်ဆိုပါက မုန်တိုင်းအန္တရာယ်နှင့် ရာသီဥတုဖောက်ပြန်မှုများမှာ ယခုထက်ပိုမိုများပြားလာမည်ဖြစ်ပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်မှာ ယခုထက်ပို ထိခိုက်လာနိုင်ခြေရှိသည်။
ရက္ခိုင့်တပ်တော် အနေဖြင့်လည်း မုန်တိုင်းပြန်လည်ထူထောင်ရေးပြုလုပ်နေစဉ် ကာလများအတွင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြန်လည်ကာစိမ်းလန်းစိုပြေရေးလုပ်ငန်းစဉ်များကို ကြပ်ကြပ်မတ်မတ်ဖြင့် လုပ်ဆောင်နိုင်မည်ဆိုပါက ရခိုင်ပြည်သည် ယခင်ကထက် သဘာဝဘေးအန္တရယ်များ လျော့ကျကာ ပြည်သူများ၏ လူမှုဘဝများမှာလည်း တိုးတက်ကောင်းမွန်လာနိုင်မည်ပင်ဖြစ်သည်။
ရခိုင်ပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ရေတိုရေရှည်စီမံကိန်းများရေးဆွဲပြီး နှစ်အလိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အရေးကြီးသော အခန်းကဏ္ဍတစ်ခုထဲတွင် ထည့်သွင်းရေးဆွဲသင့်သည်။ ထို့မှသာ ရခိုင်ပြည်သည် သဘာဝပတ်ဝန်းကျင်ကြောင့် အပျက်အစီးများနည်းကာ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ခေတ်မှီတိုးတက်နိုင်မှုတို့ကို လိုက်မှီနိုင်မည်ဖြစ်သည်။ မိုခါမှသင်ခန်းစာများအား အတုယူပြီး ရခိုင်ပြည်သစ်ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပါသည်။