The Akyab Post

    စစ်ပွဲအတွင်း တစ်ကိုယ်ရည်စာခံစားမှု

    လူတစ်ယောက်ချင်းစီတိုင်းမှာ စစ်ပွဲအတွင်းက ဖြတ်သန်းမှုအကြောင်းတွေဟာ ရှိကြမှာပါ။ ဝမ်းနည်းစရာတွေ၊ ရှောင်တိမ်းရမှုတွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင်မပြေမှုတွေ ရှိကြမှာပါပဲ။ ဒါတွေကို ခြုံငုံနိုင်လောက်အောင် ရေးသားဖို့အတွက် စကားလုံးတွေက မတတ်စွမ်းနိုင်ပါဘူး။ ဖြေသိမ့်ဖြေရှင်းဖို့ရာကလည်း အခုအချိန်မှာ ဘယ်လိုမှမတတ်နိုင်စွမ်းဘူး။ ကျွန်တော်တို့ဖြတ်သန်းမှုတွေထဲမှာ ပြုမှုဆက်ဆံရေးကို အတတ်နိုင်ဆုံးနွေးထွေးမှု ပေးနိုင်ဖို့အတွက်တော့ ကြိုးစားရမှာပါပဲ။

    စစ်ပွဲအတွင်း တစ်ကိုယ်ရည်စာခံစားမှု

    တောင်စွယ်တောင်တန်းပေါ်ကနေ ဖြာထွက်လာတဲ့ နေ့တစ်နေ့ရဲ့ နေအလင်းရောင်ဟာ အနီဖျော့ရောင်နဲ့ အတူထွက်ပေါ်လာပါတယ်။ ကျွန်တော်ဟာ ပင်လယ်ကိုငေးကြည့်နေရင်း လှိုင်းခတ်သံတွေကို ကြားနေရပါတယ်။ ချစ်ခြင်းရဲ့ အဝေးရပ်မှာ တစ်ကိုယ်ရည်စာ ရှင်သန်ဖြတ်သန်းမှုဟာ အလွမ်းတွေကို ထမ်းပိုးထားတဲ့ အသွေးအသားသာရှိတဲ့ ခန္ဓာကိုယ်တစ်ခုပါပဲ။

    နေရောင်ဟာ တဖြည်းဖြည်းနွေးလာပြီး လှိုင်းခတ်သံတွေဟာ လူတွေရဲ့လှုပ်ရှားသံကြားမှာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်စပြုလာပါတယ်။ ကျွန်တော်နေတဲ့ အဆောင်ဆီပြန်လာပြီး ထမင်းကြော်ပူပူလေးတစ်ပန်းကန်ရယ် ကော်ဖီတခွက်ရယ်ကို မနက်စာအဖြစ် ပြင်ဆင်လိုက်တယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသမှာ စစ်ပွဲမရှိတော့တာ နည်းနည်းကြာနေပေမဲ့ လက်နက်ကြီးပစ်သံတွေဟာ နေ့တိုင်းလိုလိုကြားနေရဆဲပါ။ ဒီအသံတွေဟာ စစ်ရဲ့အငွေ့အသက်နဲ့အတူကျွန်တော်တိုခေတ်ရဲ့အချက်ပေးခေါင်းလောင်းသံတွေဖြစ်နေပါတယ်။ လက်နက်ကြီးပစ်သံတွေဟာ တော်လှန်ရေးကာလမှာ ပြည်သူတွေအတွက် ဘယ်နေရာဘယ်အချိန်မှာ မဆို အသက်အာမခံချက်မရှိဘူးဆိုတဲ့ သတိပေးသံဖြစ်ပါတယ်။

    ဘဝတစ်ခုက နောက်ဘဝတစ်ခုကို ဝင်ရောက်ခံစားနိုင်ဖို့ဆိုတာ တော်တော်လေးခဲယဥ်းနိုင်ပါတယ်။ နားလည်ပေးနိုင်စွမ်းနဲ့ လူသားဖြစ်တည်မှုတိုင်းမှာ အရေးကြီးဆုံးအရာက ကိုယ်ချင်းစာတရားပဲလို့ ကျွန်တော်ထင်ပါတယ်။ စစ်အတွင်းက ထောင်သောင်းမကတဲ့ဘဝတွေကို ကျွန်တော်ရဲ့ တစ်ကိုယ်ရည်စာခံစားချက်တွေနဲ့ ဝင်ရောက်ခံစားကြည့်ဖို့ အတတ်နိုင်ဆုံးကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ အပေါ်ယံအလွှာဆိုတာထက် နည်းနည်းလေးနက်ရှိင်းရုံပါပဲ။ ဒီထက်ပိုပြီးစွမ်းနိုင်စရာရယ်လို့
    ကိုယ့်ဖြတ်သန်းမှုကို လူမှုဘဝတည်ဆောက်ရေးအတွက် လက်ဆောင်ပေးလိုက်တာပါပဲ။

    ၂၀၂၃ နိုဝင်ဘာ ၁၃ မှာ တကျော့ပြန် တိုက်ပွဲဖြစ်လာတဲ့ ရက္ခိုင်စစ်ပွဲဟာ ဘဝပေါင်းများစွာကို နုတ်ယူသွားပါတယ်။ ဘဝပေါင်းများစွာကို ဆုတ်ဖြဲပစ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဘဝပေါင်းများစွာကို လူသားမဆန်မှုနဲ့ အကြမ်းဖက်မှုတွေကနေ ကယ်တင်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုတွေ၊ ပြည်သူလူထုကို နိုင်ထက်စီးနင်းလုပ်ပြီး အသက်အိုးအိမ်တွေကို ဖျက်ဆီးမှုတွေ ဒါတွေကို ကျွန်တော်တို့တွေ ခါးသီးစွာ ရင်ဆိုင်ခဲ့ရပါတယ်။​ ရက္ခိုင်ပြည်ရှိသမျှ ရက္ခိုင်ပြည်ကို ငါတို့ပိုင်ဆိုင်စေရမယ် ဆိုတဲ့ခေါင်းစဥ်အောက်မှာ ရက်စက်မှုပေါင်းများစွာကို ကျော်ဖြတ်ပြီး ပြည်သူတွေဟာ နေရောင်လာမဲ့နေ့များကို စောင့်ဆိုင်းရင်း ဖြတ်သန်းနေကြပါတယ်။

    ကျွန်တော်လည်း စောင့်ဆိုင်းနေခဲ့ပါတယ်။ ညနေ ၅ နာရီကနေ အရုဏ်မိုးလင်းတဲ့အထိ ကုလားတန်မြစ်ရဲ့ဘေးနားလေးက လဖက်ရည်ဆိုင် တဲကုတ်ကလေးတခုမှာ ကျွန်တော့်ချစ်သူကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ကျွန်တော်စောင့်နေတဲ့ နေရာဟာ စစ်တွေကနေ ညဖက်ထွက်လာမဲ့ စက်လှေတွေဆိုက်ကပ်တဲ့နေရာပါ။ ညနေ ၇ နာရီခန့်က သူမနဲ့အဆက်အသွယ်ရခဲ့ပြီး ခဏနေရင် စက်လှေမောင်းဆရာခေါ်လာမယ့်အကြောင်းနဲ့ အဆင်ပြေရင် ၈ နာရီခန့် ထွက်လာမည်ဖြစ်ကြောင်း မက်ဆေ့ကို သူမပို့ထားပါတယ်။ ခဏနေတော့ စက်လှေထွက်လာပြီဖြစ်ကြောင်း မက်ဆေ့ရောက်လာပါတယ်။ အဲ့ကတည်းကနေ သူမနဲ့ အဆက်အသွယ် မရတော့ပါဘူး။

    စစ်တွေကနေ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နယ်မြေကိုသွားဖို့အတွက်ဆိုရင် စကစရဲ့ စစ်တပ်နဲ့ရဲအပြင် နေဗီတွေ ကင်းလှည့်ရဲကား စစ်ကားတွေနဲ့ ALP ပူးပေါင်းလုံခြုံရေးအဖွဲ့တွေကို ကျော်ဖြတ်ရပါတယ်။ လာဘ်ထိုးပြီးတော့ဖြစ်ဖြစ် ပွဲစားတွေကနေတစ်ဆင့်စက်လှေနဲ့ညအချိန်မှောင်တဲ့အချိန်မှ ထွက်ရပါတယ်။ သူတို့ (စကစရဲ့လုံခြုံရေးတပ်ဖွဲ့တွေ) အချင်းချင်း အဆင်မပြေဘူးဆိုရင်လည်း ဖမ်းဆီးတာကို ခံကြရပါသေးတယ်။ တစ်ဖွဲ့ကို လာဘ်ထိုးထားပြီး နောက်တဖွဲ့နဲ့တွေ့ရင်လည်း အဖမ်းခံရတယ်။ ရဲစခန်းရောက်ရင်လည်း လာဘ်ထိုးမှ မြန်မြန်လွှတ်ပေးတာပါ။

    ဒါဟာ စစ်တွေကနေ ထွက်ခွာရတဲ့အခြေနေပါပဲ။ ပုံမှန်ဆိုရင် ည ၂ နာရီ ၃ နာရီလောက် ဆိုက်ကပ်နေတဲ့စက်လှေတွေဟာ အဲ့နေ့ကတော့ မနက်မိုးလင်းတဲ့အထိ ရောက်မလာခဲ့ကြပါဘူး။ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါပိတ်ထားတဲ့အတွက် အဆက်အသွယ်လည်းမရသလို ဘာကြောင့်ကြန့်ကြာနေလဲဆိုတာကို မသိရဘူး။ သတင်းတွေဟာ ကောလဟာလတွေထွက်လာပြီး စက်လှေတွေကို နေဗီကနေ လှမ်းပစ်လို့ မှောက်သွားတဲ့အကြောင်းတွေကို ပြောနေကြတယ်။

    ကျွန်တော်စိတ်ကို တည်ငြိမ်အောင်ထိန်းထားပေမယ့် စိုးရိမ်စိတ်ကတော့ အထွတ်အထိပ်ကို ရောက်လို့နေပါတယ်။ ရှေ့မှာလည်း ပြည်သူလူထုတွေတွေများစွာကို သတ်ဖြတ်တဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုတွေကို သတ်ချင်သလိုမျိုး သတ်နေကြတာပါ။ အသက်အာမခံချက်မရှိတဲ့ စစ်ကောင်စီလက်ထဲမှာ ဘယ်သူကမှ မလုံခြုံပါဘူး။ ဒီလိုနဲ့ ကျွန်တော့်ချစ်သူဟာ မရောက်လာခဲ့ပါဘူး။ နောက်တစ်နေ့မနက်မှ အချုပ်ထဲရောက်နေကြောင်း ကျွန်တော်သိရပါတယ်။ အချုပ် လေးရက်ကျပြီး အချုပ်ထဲမှာလည်း အသိမိတ်ဆွေတွေရခဲ့တဲ့အကြောင်း ကျွန်တော့်ကိုပြောပြတယ်။ ဒါပေမဲ့နောက်တစ်ခေါက် ထွက်လာဖို့အတွက်က အဆင်မပြေတော့ပါဘူး။

    လွတ်မြောက်နယ်မြေရောက်ပြီး ကျွန်တော်ဟာ လူတွေရဲ့အဖြစ်အပျက်တွေကို နားထောင်ရပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ဒေသက လူတွေအကြောင်း၊ စစ်ဘေးရှောင်လာကြသူတွေရဲ့အကြောင်း၊ အိုးအိမ်ပျက်စီးသွားကြတဲ့သူတွေအကြောင်း၊ မိသားစုဝင်တွေ စစ်ပွဲအတွင်းသေဆုံးသွားကြရတဲ့သူတွေနဲ့ အကြောင်းအရာတွေစုံလင်လှပါတယ်။ စစ်ပွဲအတွင်းမှာ ကျွန်တော်တို့ ပြည်သူတွေ တွေ့ကြုံခဲ့ရတာတွေဟာ နေ့စဥ်နဲ့အမျှမရိုးနိုင်တဲ့ ဇာတ်လမ်းတွဲ တစ်ခုကို ကြည့်နေရသလိုပါပဲ။

    ကျွန်တော့်ကို လုံးဝ ထိတ်လန့်စေခဲ့တဲ့အဖြစ်အပျက်ကတော့ ကျွန်တော့်ချစ်သူကို စောင့်နေတဲ့နေ့ကဖြစ်ရပ်တစ်ခုပါပဲ။ လူတစ်ယောက်ဟာ ပုဆိုးကိုထုပ်ထားတဲ့ အထုတ်ကလေးနဲ့ ကျွန်တော်တိုစောင့်နေတဲ့နေရာကို ရောက်လာပါတယ်။ ဖိနပ်မပါ ရွံတွေပေကျံနေပြီးတော့၊ သူမျက်နှာမှာ ချွေးသီးတွေ စိုနေပါတယ်။​အင်္ကျီမှာ လည်ကတုံးအဖြူရောင်နဲ့ ပုဆိုးအစိမ်းကွက်ကလေးဝတ်ထားပြီး ဆံပင်တိုတိုညှပ်ထားတဲ့ သူပုံစံဟာ ကူလီထမ်းတဲ့အလုပ်သမားတစ်ဦးဖြစ်တာကို သေချာစေပါတယ်။​ ရောက်ရောက်ချင်း သူက ဟိုဖက်ကမ်းကို ကူးဖို့ အတွက်စက်လှေရှိသလားလို့ မေးပါတယ်။ ပိုက်ဆံလည်းမပါတော့လို့ လမ်းကြုံလိုက်လို့ရရင် ပိုအဆင်ပြေကြောင်း ပြောပါတယ်။ ပြီးတော့ သူဟာ ခုံပေါ်မှာထိုင်ပြီးငေးနေပြီးတော့ သူ့ဆီကလည်း စကားတစ်ခွန်းမှ မပြောတော့ပါဘူး။

    ခဏနေတော့ မိသားစုတစ်စုရောက်လာပါတယ်။ စုစုပေါင်း ငါးယောက်။ ၁၀ နှစ်အရွယ် သားတစ်ယောက်၊ ၇ နှစ်အရွယ်သားတစ်ယောက်နဲ့ ၅ နှစ်အရွယ် မိန်းကလေးတစ်ယောက် မိဘတွေကတော့ ၃၅ နှစ်ဝန်းကျင်လောက်ရှိပါမယ်။ သူတို့မှာလည်း ဖိနပ်တွေမပါကြပါဘူး။ မျက်ရည်စတွေနဲ့ ရောက်လာကြပါတယ်။ ဆိုင်ကိုရောက်တာနဲ့ ကော်ဖီရယ်မုန့်ရယ်မှာကြပါတယ်။ မိဘနှစ်ယောက်ကတော့ ကော်ဖီပဲသောက်ကြတယ်။ သားသမီးတွေကတော့ မုန့်စားကြပေါ့။ ဒီလိုနဲ့ ဘာဖြစ်လာကြတာလဲလို မေးကြည့်တော့။ စစ်တွေကနေ ဝါဘိုရွာဖက်ထွက်တဲ့လမ်းမှာ စကစဖက်က လက်နက်ငယ်ပစ်လို့ ထွက်ပြေးလာကြ ရတဲ့အကြောင်းပြောတယ်။

    အဲ့တုန်းက စစ်တွေကနေ ရှောင်ချင်တဲ့ပြည်သူတွေကို အာရက္ခတပ်တော်က ဖွဲ့စည်းထားတဲ့အုပ်ချုပ်ရေးအဖွဲ့တွေက စကစကထောင်ထားတဲ့ မိုင်းကွင်းတွေထဲမကျရောက်အောင် လမ်းပြပြီး လွတ်မြောက်နယ်မြေကို ပို့ပေးပါတယ်။ ပွဲစားတွေကိုပေးဖို့ ငွေကြေးမတတ်နိုင်တဲ့သူတွေ အများစုကိုပေါ့။ ဒီလိုနဲ့ လူရာချီလမ်းကြောင်းတစ်ခုထဲမှာ လမ်းလျှောက်နေကြတာကို စကစဖက်က လက်နက်ငယ်နဲ့ လှမ်းပစ်တဲ့အကြောင်းပြောပြတယ်။

    "လူတွေဟာ ကြောက်စိတ်နဲ့ ကစဥ်ကလျားထွက်ပြေးကြတော့ မိုင်းတွေနင်းမိပြီး ကျွန်​တော့်မျက်စိရှေ့မှာ သေသွားကြတယ်" "တကယ့်ငရဲကို ကျွန်တော်တို့မြင်ခဲ့ရတာပဲ"လို့ အဖေဖြစ်သူ မျက်ရည်ဝဲပြီး ပြော​ပြတယ်။ ပြီးတော့ "ကျွန်တော်တို့အထုပ်တွေအကုန်ထားခဲ့ရတယ်" "ပိုက်ဆံပါတဲ့အထုပ်လေးတခုကိုပဲယူပြီး သားသမီးတွေကိုလက်မလွတ်ပဲ ဝပ်နေကြလို အသက်ရှင်လာတာ" "တကယ့်ငရဲပါပဲ" "လူတွေဟာ မိုင်းကွဲသံနဲ့အတူ အတုန်းအရုန်းလဲကြတာ" "လက်နက်သံတွေတိတ်သွားတော့ ကျွန်တော်တို့တွေ လမ်းအတိုင်းပြေးလာကြတယ်" "ည ၁၁ နာရီလောက်မှာ အပစ်ခံရပြီး ချောင်းဘေးနားက ရွံ့တောထဲ တိတ်တိတ်လေးဝပ်နေကြရတယ်" "စကစတပ်ဖွဲ့ဝင်တွေ လာကြည့်တော့ ဘယ်သူမှ အသံမထွက်ရဲကြဘူး" "ခဏနေတော့ ကိုယ့်ဖက်(အာရက္ခတပ်တော်ဖက်)မှ မနက် ၄ နာရီလောက် လာခေါ်မှ ကျွန်တော်တို ထွက်လာရတယ်" လို့ သူက မျက်ရည်ဝဲပြီး ပြောပြတယ်။


    သူတို့မိသားစုထက် အစောကြီး ရောက်နေတဲ့လူကလည်း သူတို့နဲ့အတူလာခဲ့ကြောင်းပြောပါတယ်။ ဘာလို့ ဘာမှမပြောတာလဲလို့မေးတော့ "ကျွန်တော် ဘယ်လိုမှ ပြောမထွက်ဘူး" ဆိုပြီး ပြောပါတယ်။ ဘယ်နှစ်ယောက်သေလည်း ဘယ်နှစ်ယောက်လောက် ဒီဖက်ကမ်းကို ရောက်သလဲဆိုတာတော့ မသိရဘူး။ အဲ့ဒီနေ့က တစ်ရက်လုံးပဲ အဲဒီမိသားစုရယ် တခြားတယောက်ရယ်ကိုကြည့်ပြီး ဘယ်လိုမှ မဖြေသိမ့်နိုင်ခဲ့ပါဘူး။

    အဲဒီကနေ နောက်တစ်နေရာကို သွားစုံစမ်းတော့ သားအမိနှစ်ယောက်အတူတူလာကြတာ အ​မေမပါတော့ဘဲ လူငယ်တစ်ယောက်ဟာ ငိုယိုပြီးတော့ ကမ်းကို တက်လာပါတယ်။ သူ့အမေဟာ မိုင်းနင်းမိပြီး သူ့ရှေ့မှာပဲဆုံးသွားပြီး ရုပ်အလောင်းကို မသယ်နိုင်ခဲ့တဲ့အကြောင်း ငိုပြီးတော့ပြောပါတယ်။ နားထောင်ရတဲ့ လူတွေဟာလည်း မျက်ရည်ဝဲလို့ အရင်တုန်းကခရီးသည်တွေလာရင် တက်ကြွတဲ့ ကားဆရာတွေ၊ ဘေးတွဲဆရာတွေ ဆိုင်ကယ်ကယ်ရီဆရာတွေဟာ အဲဒီနေ့ကတော့ တစ်​ယောက်မှ မတက်ကြွနိုင်ကြဘူး။ အကုန်လုံး စိတ်မကောင်းတဲ့မျက်နှာတွေနဲ့ နာကြည်းမှုတွေဟာ အထင်သား။

    ရက္ခိုင်ဒေသထဲ လွတ်မြောက်ပြီးမြို့တွေမှာ ကုန်သွယ်ရေးစနစ်တွေ အုပ်ချုပ်ရေး တရားစီရင်ရေး လူမှုကူညီကယ်ဆယ်ရေးတွေနဲ့ အစိုးရတစ်ရပ်ယန္တရားလည်ပတ်နိုင်အောင် ကြိုးစားကြပါတယ်။ ပြည်သူလူထုမှာလည်း အကောင်းဆုံးတွေဖြစ်လာဖို့ ဒီအချိန်ဟာ နောက်ဆုံးခါးစည်းခံရခြင်းပဲဆိုတဲ့ အသိတွေဟာ ပိုမိုပြီးလင်းလက်လို့လာနေပါတယ်။

    စစ်ပွဲအလွန်ဆိုတဲ့ အိပ်မက်ကို ပြည်သူတွေဟာ အင်တိုက်အားတိုက်နဲ့ လက်တွေ့အကောင်အထည်ဖော်နေကြပါတယ်။ ကြားထဲမှာ သတင်းဆိုးတစ်ခုဟာ ကျွန်တော့်ရင်ထဲကို လာဆောင့်ပါတယ်။ ဗျိုင်းဖြူရွာလူသတ်ပွဲ။ လူပေါင်း (၁၀၀) နီးပါးကို စစ်ကောင်စီနဲ့ ALP ပူးပေါင်းတပ်ဖွဲ့တွေ သတ်ခဲ့ပြီးတော့ ရာချီတဲ့ လူသားဘဝတွေဟာ ဆုတ်ဖြဲခံလိုက်ရပါတယ်။

    ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဗျိုင်းဖြူရွာက အစ်မတစ်ယောက်ဆိုရင် ဒီရက်တွေတုန်းကဆိုရင် တော်တော်စိတ်ထိခိုက်တာကို မြင်ရတယ်။ သူ တတ်နိုင်သလောက်လေးနဲ့ အလှူငွေလေးလက်ခံပြီး ထောက်ပံ့ငွေတွေကို ထောက်ပံ့ပေးတယ်။ တခြားဘာမှ လုပ်မပေးနိုင်ကြောင်း။ သူ့အသိမိတ်ဆွေတွေ အများကြီးအသတ်ခံရကြောင်း။ တခြားသော ဗျိုင်းဖြူရွာကရွာသားတွေနဲ့တွေ့ရင် ဝမ်းနည်းပက်လက်နဲ့ ငိုကြတဲ့အကြောင်း။ လင်ကသတ်ဖြတ်ခံရပြီး မိန်းမဖြစ်သူက ကားတိုက်ခံရလို့ သူတို့ကလေးတွေဟာ အဖွားနဲ့ပဲရှောင်တိမ်းနေရကြောင်းတွေ ပြောပြတယ်။ အဒေါ်တစ်ယောက်ဆိုရင် သူ့သားကို ဖမ်းခေါ်သွားတဲ့အတွက် စစ်တွေထောင်ရှေ့မှာ သားဝတ်စုံလေးနဲ့ နေ့တိုင်းသွားစောင့်နေကြောင်းတွေ ကြားရတော့တော်တော်လေး စိတ်ထိခိုက်ရတယ်။ ပြီးတော့ လက်နက်ကြီးကျည်နဲ့ လေယာဥ်ဗုံးကြဲတဲ့အထဲပါသွားကြတဲ့ အပြစ်မဲ့ အရပ်သားတွေရဲ့ဘဝတွေဟာ ကျွန်တော့်မျက်စိရှေ့ အထင်းသားပါပဲ။ စစ်ဘေးရှောင်စခန်းတွေထဲမှာ မလုံလောက်မဖုံလုံမှုတွေ၊ လူမှုရေးပြဿနာတွေ၊ ကူးစက် ရောဂါတွေ၊ ဝင်ငွေထွက်ငွေ မမျှတမှုတွေ၊ ဒါတွေဟာ စစ်ပွဲတွင်း မြင်တွေ့ရတဲ့ လူမှုပတ်ဝန်းကျင် အခြေအနေပါပဲ။

    လူတစ်ယောက်ချင်းစီတိုင်းမှာ စစ်ပွဲအတွင်းက ဖြတ်သန်းမှုအကြောင်းတွေဟာ ရှိကြမှာပါ။ ဝမ်းနည်းစရာတွေ၊ ရှောင်တိမ်းရမှုတွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင်မပြေမှုတွေ ရှိကြမှာပါပဲ။ ဒါတွေကို ခြုံငုံနိုင်လောက်အောင် ရေးသားဖို့အတွက် စကားလုံးတွေက မတတ်စွမ်းနိုင်ပါဘူး။ ဖြေသိမ့်ဖြေရှင်းဖို့ရာကလည်း အခုအချိန်မှာ ဘယ်လိုမှမတတ်နိုင်စွမ်းဘူး။ ကျွန်တော်တို့ဖြတ်သန်းမှုတွေထဲမှာ ပြုမှုဆက်ဆံရေးကို အတတ်နိုင်ဆုံးနွေးထွေးမှု ပေးနိုင်ဖို့အတွက်တော့ ကြိုးစားရမှာပါပဲ။ ဒီကာလဟာ လူတစ်ဦးတစ်ယောက်ရဲ့ ဘဝတွေထက် ရက္ခိုင်တပြည်လုံးရဲ့ လူမှုဘဝတိုက်ပွဲလို့ပြောရင် လွန်မယ်မထင်ပါဘူး။ တစ်ယောက်ချင်းစီရဲ့ စစ်ပွဲတွင်းဖြတ်သန်းခဲ့ရတဲ့မှတ်ဉာဏ်တွေကို သိမ်းထားရမယ်။ ပြီးတော့ ဖေးမမှုနဲ့အတူလက်တွဲရမယ်။ အနာဂတ်ကို စနစ်ကျမှုနဲ့တည်ဆောက်ရမယ်။ ကျွန်တော်တို့ ချိုးဖောက်ကျူးလွန်ခံခဲ့ရသမျှကို တသက်လုံးဆောင်ယူသွားရမယ်။

    စစ်အတွင်းဖြတ်သန်းမှုတွေဟာ အနိဌာရုံတွေကို ဆောင်ယူလာတတ်တယ်။ အဲဒီအနိဌာရုံကြားမှာ ပျော်ရွှင်ဖွယ်ရာအဖြစ်အပျက်လေးတွေ ရှိတတ်ကြပါတယ်။ စစ်နိုင်မှငြိမ်းချမ်းရေးအတွက် အာမခံချက်ရှိတယ်ဆိုတဲ့ကမ္ ဘာကြီးမှာ စစ်ပွဲတိုင်း တရားတယ်ဆိုတာ မရှိပါဘူး။ တော်လှန်ရေးစစ်သားတစ်ယောက်ကို ဆုံးရှံးရတဲ့ မိခင်တစ်ဦးရဲ့ သောက။ တိုက်ပွဲထဲပါသွားပြီး တိုက်ပွဲပြီးသွားတော့ သားသမီးနဲ့ အဆက်အသွယ်မရလို့ စိတ်ပူနေကြတဲ့ မိဘတွေကို ကျွန်တော်မြင်ရပါတယ်။

    သူတို့​ပြောသံကို ကြားရတယ်။ တိုက်ပွဲနိုင်ပြီး အိမ်ကိုခွင့်နဲ့ပြန်လာကြတဲ့ တော်လှန်ရေးစစ်သားတွေကို မိဘဆွေမျိုးတွေ ပတ်ဝန်းကျင်ကနေ နွေးထွေးစွာနဲ့ ကြိုဆိုကြတာကို ကျွန်တော်မြင်ရတယ်။ ကြားရတယ်။ ဒါတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်ကို လှပအောင်နွေးထွေးအောင် အလှဆင်နေခြင်းပါပဲ။ ချစ်ခြင်းမေတ္တာတရားကပဲ ကြီးမြတ်သော တော်လှန်ရေးကို ယူဆောင်လာတာလို့ ချေက ပြောဖူးတယ်မလား။

    ကျွန်တော့်အသိမိတ်ဆွေတွေ လေယာဥ်နဲ့ ဗုံးလာကြဲလို့ အသက်ဆုံးရှုံးကြရတယ်။ ဒဏ်ရာအနာတရတွေ ရကြတယ်။ အလဲလဲအပြိုပြိုဖြစ်သွားကြတဲ့ မိသားစုတွေဟာ ဒုနဲ့ဒေးပါပဲ။ ပြီးတော့ ပြည်သူတွေဟာ စားဝတ်နေထိုင်ရေးအောက်မှာ ရုန်းကန်ကြရင်း အဆင်ပြေသွားကြတဲ့သူတွေလည်း အများကြီးပါပဲ။ စစ်ပွဲအတွင်းမှာ ပြည်သူတွေရဲ့ရုန်းကန်နိုင်စွမ်းနဲ့ ကြံ့ကြံ့ခိုင်နိုင်စွမ်းကို ချီးကျူးဂုဏ်ပြုရပါတယ်။

    ကလေးတွေနဲ့တွေ့ရင် ငှက်တွေဟာ လွတ်လပ်စွာပျံသန်းနေရင် ပိုလှကြောင်းနဲ့ တိရစ္ဆာန်လေးတွေဟာလည်း သူ့သဘာဝနဲ့သူရှင်သန်နေမှ ပြည့်စုံလှပနေမှာဖြစ်ကြောင်းတွေကို ပြောပြဖြစ်ပါတယ်။ ဒီစစ်ပွဲပြီးသွားရင် ရုပ်ရှင်တွေရိုက်မယ်။ စစ်အတွင်းက ကဗျာတွေကို ပုံနှိပ်မယ်။ ကဗျာတွေကို ရှင်သန်စေမယ်။ ဓာတ်ပုံမှတ်တမ်းတွေ။ ဇာတ်ညွှန်းတွေ ဝတ္ထုတွေ စာအုပ်တွေ ရေးမယ်။ ပုံနှိပ်မယ်။ ပန်းချီတွေဟာ လွတ်လပ်စွာ ရောင်ခြယ်နေကြပါလိမ့်မယ်။

    လွတ်လပ်မှုတခုမွေးဖွား​ခြင်းနဲ့အတူ ကျွန်တော်တို့ရဲ့ စစ်ပွဲအတွင်းဖြတ်သန်းမှုကို ဆောင်ယူလာပြီး ပြုပြင်ပြောင်းလဲမှုကို ဆုပ်ကိုင်ထားမယ်။ စစ်ပွဲအတွင်းမှာ ဘဝတွေရှင်သန်ကျန်ရစ်နိုင်ရန် တည်ဆောက်ရေးမှာ ကျွန်တော်တို့သွေးတွေ ပိုပြီးလွတ်လပ်မယ်။ အနာဂတ်မျိုးဆက်တွေကို ကမ္ဘာကြီးနဲ့မိတ်ဆက်မယ်။ ကမ္ဘာကြီးကိုလည်း ကျွန်တော်တို့နဲ့ရင်းနှီးစေမယ်။ လူတယောက်ရဲ့ရှင်သန်မှုဟာ ဘဝတခုဆိုရင် ရက္ခိုင်ဒေသလွတ်မြောက်မှုဟာ ဘဝတစ်ခုထက်ပိုတဲ့ ဘဝပေါင်းများစွာရဲ့ ရှင်သန်မှုတစ်ခုလို့ ကျွန်တော်ပြောပါရစေပဲ။

    ကျွန်တော်လား...... ကျွန်တော့် ချစ်သူကို အခုထိ
    မျှော်နေဆဲပါပဲ။

    ဆက်စပ်အကြောင်းအရာများ