
နေ့စဥ်ကြားရ၊ မြင်ရ၊ တွေ့ရတဲ့သတင်းတွေကြောင့် ဆောင်းကိုလွမ်းလိုတဲ့စိတ် ကျွန်တော့်ရင်မှာ မရှိတော့ပါဘူး။ စိတ်ထဲနာကျဥ်း ခံပြင်းစိတ်တွေသာလွှမ်းမိုးလို့နေတယ်။ အရင်ကတော့ ဒီဆောင်းကိုမက်မောစွာလွမ်းခဲ့ပါတယ်။ အဲဒီလိုလွမ်းခဲ့တဲ့အလွမ်းကို မြောက်ဦးအလွမ်းလို့ ခေါ်ရင် ခေါ်နိုင်တယ်။ ဆောင်းဦးပေါက်ပြီ။ လယ်ယာ တလင်းတွေသိမ်းကြပြီဖြစ်တဲ့ အခုလို အချိန်ဆိုရင် ကား၊ ဆိုင်ကယ်၊ သုံးဘီး အဆင်ပြေတဲ့ယာဥ်တွေကို ငှားရမ်းစီးနင်း ကြပြီးတော့ မိသားစုလိုက်၊ ရပ်ရွာအလိုက်၊ သငယ်ချင်းတွေစုပြီးတော့ ကျွန်တော်တို့ မြောက်ဦး (မြို့ဟောင်း) ဘုရားဖူးသွားကြတာဟာ အစဥ်အလာတစ်ခု။ ဒါပေမယ့် ဒီဆောင်းတော့ အရင်နှစ်တွေကလို ဆောင်းမဟုတ်တော့ဘူး။ ရိတ်သိမ်းချိန်မမှန်တဲ့ ဆောင်း၊ စားသောက်အချိန်မမှန်တဲ့ဆောင်း၊ သဇင်တွေမပွင့်ရက်တဲ့ဆောင်း၊ ဆောင်းဟာ စစ်မက် တွေကြားမှာ ပတ်ရှာ လည်လို့။ သျှစ်သောင်း၊ ထုက္ကန့်၊ အံတော်၊ မာန်ငါးပါး၊ ကိုးသောင်း၊ ဘုရားပေါ် ရှေးက ဘေးတော်တွေ ရဲ့ ကောင်းမှုတော်တွေ တည်ရှိတဲ့ မြောက်ဦးကို အဝေးသတင်းတွေနဲ့ ဆုတောင်းရုံမှ တစ်ခြားမရှိ။
အရင်နှစ်တွေက ဒီဆောင်းရက်တွေထဲဘုရားဖူးခရီးသွားရင်ဖြင့် အပြာနုရောင် သဲကျောက်တွေနဲ့ အသစ်ဆောက် လုပ်နေတဲ့ “မြောက်ဦးမြို့ဝင် မုဓ်ဦးကို ဖြတ်ဝင်လိုက် တယ်ဆိုရင် ရင်ထဲတစ်မျိုးကြီးခံစားမိတယ်။ အဲဒီခံစားမှုကို အဓိပ္ပါယ်ဖွင့်ဆိုရရင် တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့စိတ်၊ ရှေးလူကြီးတွေကို လေးစားတန်ဖိုးထားတဲ့စိတ်၊ အနု ပညာကို ခင်မင်မက်မောတဲ့စိတ်လို့ ကျွန်တော် ဖွင့်ဆိုမိတယ်။ ဒီလိုဆောင်းအချိန် ကားလမ်းဘေး အဘောင်တော် အင်း(ကျုံး)ကိုဖြတ်တော့ ကြာညို၊ ကြာနီပန်းတွေ၊ ဒေသခံတွေရဲ့ ငါးဖမ်း၊ ကြာခူး၊ ဟင်းရှာကြတဲ့ လှေသေးသေး လေးတွေနဲ့ အတူ စိမ့်ကနဲဖြစ် သွားတဲ့ မြောက်ဦးဆောင်းကြောင့် အမည်မသိတဲ့လွမ်းစိတ်တွေဟာ ကျွန်တော့်ရင် ထဲမှာ ရေရွတ်စရာ ကဗျာတစ် ပုဒ်ဖြစ်လာခဲ့တယ်။
မြောက်ဦး
ရင်အုံပေါ်မှာ အီကွေတာ ကခုန်
ကျောရိုးထဲ ဝင်ရိုးစွန်းပုန်းနေတဲ့မြို့
မန္တလေးကို စာဖွဲ့တဲ့ “ကစ်ပလင်း” မသိ
ပုဂံကိုစာဖွဲ့တဲ့ ဇော်ဂျီ စာမသီတဲ့ ငါမြို့လေ။
ကဗျာဆရာမောင်ခိုင်အောင်ရဲ့ မြောက်ဦးကဗျာထဲက ပထမ စာပုဒ်လေးဟာ ကျွန်တော်ရင်ထဲက အဖြေတစ်ခုဖြစ်လာခဲ့ပြန်တယ်။ မန္တလေးကို စာဖွဲ့တဲ့ “ကစ်ပလင်း” မသိ ပုဂံကို စာဖွဲ့တဲ့ ဇော်ဂျီ စာမသီခဲ့ပေမယ့် သူ့ချစ်တဲ့ မျှစ်ပေါ၊ ဓနိရည်ပေါ၊ ခြင်ပေါတဲ့ သူ့မြို့ကလေးကို သူစာဖွဲ့တဲ့ ကဗျာဆရာကို ရိုသေလေးစား အားကျမိပါတယ်။ အခုတော့ သူချစ်တဲ့မြို့ကလေးပေါ်မှာ ဗုံးဆန်၊ အမြှောက်ဆန်တွေ၊ သေနတ်သံတွေနဲ့ ကဗျာဆရာရဲ့ရင်ထဲ ဘယ်လိုများရှိလေမှာလဲလို့ စိတ်မကောင်းစွာတွေးမိပြန်တယ်။
ငရံ့၊ ငပြေဖြစ်တဲ့ လယ်ပြင်၊အင်းပြင်တွေကရတဲ့ငါးလေးတွေရယ် ရေပိုးကျော်၊ ဓနိရည်၊ ငခြောက်မီးဖုတ်၊ ကောက်ညှင်းကျည်တောင့်(တင်းဝါး)စတဲ့ အစားအစာတွေဟာ မြောက်ဦးဆောင်းနဲ့အတူ ကျွန်တော့်ကိုဆွဲခေါ်ခဲ့ ဖူးတယ်။ လေးမြို့ကျွဲကောတွေ၊ လတ်ဆတ်တဲ့ တောင်ယာအသီးအရွက်တွေ။ ကိုင်းအသီး အရွက်တွေ မြောက်ဦးမှာလှိုင်လှိုင်ပေါပြီ။
မြောက်ဦးဆောင်းရဲ့ ညနေခင်းတွေမှာ သျှစ်သောင်းဘုရားကြီးဘက်ကို လမ်းလျှောက်ထွက်။ ထုက္ကန့်သိမ်ပေါ် ကို ကျောက်လှေကားအတိုင်းတက်လိုက်ရင်း တစ်စုံတစ်ခုကို အတွက်ပေါ်မိပြန်တယ်။
အို..... မိတ်ဆွေ၊ လှပလွမ်းမြေ့ဖွယ် ညနေခင်းတစ်ခုတွင် ၊ ဤလှေကားထစ်များပေါ်သို့ မိတ်ဆွေ တက်ရောက်ဖူး ပေမည်။ ရင်ထဲမည်သို့ ခံစားရပါသနည်း။ ဒီမေးခွန်းဟာ ကျွန်တော်တို့ထက်အရင် ဒီလှေကားထစ်တွေပေါ်ကို တက် ရောက်ခံစားခဲ့ဖူးတဲ့ ကဗျာဆရာမောင်ခိုင်အောင်ရဲ့ မေးခွန်းပဲဖြစ်တယ်။ ဒီမေးခွန်းအတွက် ကျွန်တော့် အဖြေဟာ တိကျရေရာမှုမရှိ။ ဒါပေမယ့် ရင်ထဲမှာ လွမ်းမော၊ဆွေးမြေ့ဖွယ်၊ ဂုဏ်ယူဝင့်ကြွားဖွယ်၊ အောင့်မေ့ တမ်းတဖွယ်ရာတွေအပြည့်နဲ့ အဖြေရှာမရတဲ့ ခံစားမှုဝေဒနာတစ်ခု။
ကဗျာဆရာမောင်ခိုင်အောင်က သူရဲ့ပုထိုးတစ်ဆူ၏ မြောက်ဦးဗေဒေရသစာတမ်းထဲမှာ အခုလိုရေးထားသေး ပြန်တယ်။ “ထုက္ကန့်သိမ်နောက်ဘက်မှ ကြည့်လျှင်၊ လေးမျက်နှာပုထိုးတော်ကို မြင်သည်။” ဆိုတဲ့အတွက် ထုက္ကန့်သိမ်နောက်ဘက် ကျွန်တော်ရပ်ကြည့်မိပြန်တယ်။ လေးမျက်နှာပုထိုးတော်၊ သူ့အနားကပ်ရပ်မှာ ညီတော်စေတီ၊ မြောက်ဦးမြို့ တည်နန်းတည် ဘုရင်မင်းစောမွန်နဲ့ သူ့ရဲ့ညီတော် မင်းခရီ(နရနု)တို့ ကောင်းမှုတော် နှစ်ဆူ။ အစ်တော်ရဲ့အနီးမှာ ညီတော်က ကပ်ရပ် မိသားစုဆန်တဲ့ ပုထိုးတော်နှစ်ဆူပါလားလို့ ကျွန်တော့်ရဲ့ အတွေးသေးသေးလေးက တွေးမိခဲ့တယ်။
ဒီပုထိုးတော်နှစ်ဆူဟာ မြောက်ဦးရဲ့ နံနက်ခင်းတွေကို စတင်ခဲ့တဲ့ မိသားစုဝင်နှစ်ဦးရဲ့ မိသားစုအပေါ်ချစ်ခင်၊ မြတ်နိုးတဲ့စိတ်၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် လေးစားတန်ဖိုးထားစိတ် ဆိုတာဟာ ဒီလိုပါပဲလို့ ဒီနေ့တိုင် ရဲရင့် မြင့်မြတ်စွာပြသနေဆဲပါ။ ဆိုးသွမ်းတဲ့ မင်းစောမွန်ကို တိုက်ခိုက်ပြီး ထီးနန်းကိုရယူဖို့ ညီတော်ဖြစ်သူ မင်းခရီကို မှူးကြီးမတ်ရာတွေက စည်းရုံးခဲ့ပေမယ့် သူ့ရဲ့အစ်ကိုဖြစ်သူပေါ်ပြစ်မှားပြီး ထီးနန်းစည်းစမ်းကို မယူခဲ့။ စစ်မက် ပေါင်းများစွာတိုက်ခိုက်ပြီးတဲ့နောက်မှာလည်း အစ်ကိုတော်ကိုသာ ထီးနန်းအပ်ခဲ့သူ။ ညီတော်တစ်ယောက်ရဲ့ အစ်ကိုအပေါ်ထားတဲ့စိတ်မှာ မင်းခရီလိုမျိုး ဖြစ်ချင်ပါရဲ့။
အစ်ကိုဖြစ်သူကလည်း ဆိုးခဲ့မိုက်ခဲ့သမျှ ခဝါချပြီး တိုင်းပြည်နဲ့လူမျိုးအပေါ် လေးစားချစ်ခင်စွာထီးနန်း အုပ်ချုပ်ဖို့ ရဲ့ရင်ပြတ်သားတဲ့ ဆုံးချက်ကိုချ “ငါ့အသက်တိုစေ၊ မြို့သက်ရှည်စေ” ဆိုတဲ့ အမိန့်တော်ဟာ မြောက်ဦးရဲ့ တောင် နံရံတွေကြား ပဲ့တင်ဟီးလို့ ရှိနေသေးသလို။ နောက်ဆုံး ကံတော်ကုန်ခါနီးတောင် သားတော်တွေကို ထီးနန်း မအပ် ညီတော်လက်ထဲကိုသာ တိုင်းပြည်ကို အပ်နှင်းခဲ့တယ်။ ဒီသူရဲကောင်းညီအစ်ကို နှစ်ယောက်ရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်လို့မကုန်၊ ဝတ္ထု၊ စာကဗျာတွေက ရေးလို့ ကုန်ပါလေဦးမလား။
ထုက္ကန့်သိမ်မှ အပြန်၊ စာကြည့်တိုက်ကြားလေးက ရခိုင့်ဆန်အရက်ကလေး အစိတ်၊ပုစွန်ကျော်၊ ရေပိုးကျော် အပေါင်းအသင်းတွေရဲ့ စကားဝိုင်းကလေး။ မြောက်ဦးရဲ့ ညနေခင်းတွေက ပဒေသရာဇ် ဆန်ဆန်သာယာချမ်းမြေ့ လို့။ တစ်ခါတစ်ခါနေ့လည်ဘက်တွေ အားနေရင် နန်းတော်ကုန်း(နန်းရာကုန်း)ကိုသွားဖြစ်တယ်။ နန်းတော် ကုန်းအနောက်ဘက်က ကတ္တရာလမ်းလေးအတိုင်းတက်သွားရင် ဘယ်ဘက်မှာ ပြတိုက်ရှိတယ်။ ကြုံတိုင်းလည်း ဝင်လေ့လာဖူးတယ်။ အခုတော့ ပြတိုက်ကို အမြှောက်ဆံထိလို့။ ရခိုင်တို့ရဲ့ တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်း အမွေ အနှစ်တွေ၊ ကျောက်စာတွေပျက်စီးသွားကြသလို ယူနက်စကိုဝင်ကို ခရီးဦးနှင်နေတဲ့ မြောက်ဦးကို အခုလိုမျိုး လက်နက်မျိုးစုံနဲ့ ပစ်ခတ်နေတာဟာ ရခိုင်တွေရဲ့ အသည်းနှလုံးတစ်ခုတည်းကို နာကျင်စေတာမဟုတ်ဘူး။ ယဥ်ကျေးမှု အမွေအနှစ်တွေကို တန်ဖိုးထားချစ်ခင်ကြသူတွေအားလုံးရဲ့ ရင်ဝကို အမြှောက်နဲ့ ပစ် စော်ကားလိုက်တာဖြစ်တယ် လို့ ကျွန်တော်ယူဆတယ်။
ဒီလိုမျိုး မြောက်ဦးအပေါ်ရက်စက်ခဲ့ကြတာဟာ နှစ်ပေါင်း ၂၃၉ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဒါပေမယ့် ရန်သူမျိုးစုံ စွာဘယ်လောက်ပဲ ရက်စက်ပါစေ မြောက်ဦးဟာ ရခိုင်တို့ရဲ့ နှလုံးသားထဲက မိခင်၊ ရခိုင့်တို့ရဲ့ အိပ်မက်ထဲက သားချော့တေး၊ ရခိုင့်တို့ရဲ့ ဇာတိစိတ်ထဲက သူရဲကောင်း၊ ရခိုင့်ကလေးငယ်တွေ အတွက် ပုံပြင်တွေပြောပြနေတဲ့ သက်ရှည် ဘိုးအေကြီးအဖြစ်တည်ရှိနေဆဲပါ။
မြောက်ဦးရဲ့ နံနက်ခင်းတွေ၊ ညနေခင်းတွေဟာ မတွေးရဲလောက်အောင်ကြောက်စရာကောင်းတဲ့ အနိဌာရုံ သတင်းအပြည့်နဲ့ လူတွေရဲ့နှုတ်ဖျားမှာ မြောက်ဦးဟာ ဝမ်းနည်းစရာအပြည့်ပါပဲ။ ကျွန်တော် မနက်စျေးသွားတော့ စျေးထိပ်က လဖက်ရည်ဆိုင်မှာ အမျိုးသမီးတစ်စုဟာ မြောက်ဦးအကြောင်းနဲ့ပတ်သက်တဲ့ ဖုန်းထဲကဓာတ်ပုံတွေ ဝိုင်းကြည့်နေကြည်တယ်။ “ ဆင်ချဆိပ်မှာတဲ့ ကြည့်စမ်းသေနေကြတာ”လို့ တစ်ယောက်က ပုံကို ပြတော့ သားအမိ တွေလားသမိဘူးနော်တဲ့။ နောက်တစ်ယောက်ကတော့ “ ဟိုနေ့က ကလေးလေးတွေ သနားစရာ” လို့ ပြော။ နောက်တစ်ယောက်ကတော့ ဝိုင်းထဲကလှည့်ထွက်ကာ သူတို့ဒီထက်မကျ ဝဋ်လည်မယ် ငါမကြည့်ရက် တော့ဘူးလို့ ပစ်ခတ်သတ်ဖြတ် သူတွေကို ကျိန်ဆဲသွားတယ်။ အေးလေ အသက်ရှင်သူတွေအတွက် လက်ရဲ ဇက်ရဲ သတ်ဖြတ်နေကြသူတွေကို မြောက်ဦးအတွက် အဝေးက ကျိန်ဆဲရုံမှ တစ်ခြားဘာတတ်နိုင်လို့လဲ။ ကျွန်တော်တို့ ရင်ထဲက ဆောင်းဟာ ကျောရိုးထဲထိ စိမ့်ချမ်းမနေတော့ဘဲ အပူတွေ၊ သောကတွေနဲ့ ။
ငြိမ်းချမ်းရေးသူရဲကောင်းကြီးမင်းစောမွန်ရဲ့ ဘဝကိုအရင်းတည်ပြီး ရခိုင်တို့ရဲ့နှလုံးသားပေါ်မှာ တည်ဆောက်ထား တဲ့မြို့ဟာ စစ်ကိုမက်တဲ့ ရန်သူတွေကြားထဲမှာ အလူးအလဲခံလို့။ ယဥ်ကျေးမှုကို တန်ဖိုးထားသူတွေရဲ့ ရင်ဘတ် ပေါ်မှာ စက်သေနတ်ကျည်တွေထိလို့။ တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်းအမွေအနှစ် ပုထိုးတော်တွေမှာ အမြှောက် ကျည်ဆန်တွေထိလို့။ မြင့်မားရင့်ကျက်တဲ့ တံတိုင်းကြီးတွေပေါ်မှာ ဘင်ကာတွေဆောက်လို့။ ဘုရားဆင်းတု တော်တွေအပေါ်က ဖြတ်ပျံတဲ့လေယာဥ်တွေပေါ်မှာတော့ စိပ်ပုတီးလေးနဲ့ ဗုဒ္ဓပုံတော်တွေ ချိတ်ဆွဲထားကြ လိမ့် မယ်။
အခုတော့ မြောက်ဦးရဲ့ နံနက်ခင်းနေခြည်နွေးနွေးတွေကို အဝေးကသာ သောကတွေနဲ့ လွမ်းလို့ ။ တစ်နေ့တစ်နေ့မှာတော့ နန်းတော်ကုန်းပေါ်မှာ ရဲရင့်ဝင့်ကြွားစွာလွင့်ပျံနေတဲ့ ရခိုင့်အောင်လံတော်ကို စိတ်ကူးထဲမှန်းဆကာ ဦးညွတ်မိပါရဲ့။ အခုတော့ ချစ်ရလို့ နာကြင်ရတဲ့ မြို့ကလေးကို ဝမ်းနည်းနာကျဥ်းစွာ လွမ်းဆွတ်သတိရရင်း ကဗျာဆရာ မောင်ခိုင်အောင်ရဲ့ မြောက်ဦးကဗျာကိုသာ အကြိမ်ကြိမ်ရေရွတ် နေမိပါတော့တယ်။
မြောက်ဦး
ရင်အုံပေါ်မှာ အီကွေတာ ကခုန်
ကျောရိုးထဲ ဝင်ရိုးစွန်းပုန်းနေတဲ့မြို့
မန္တလေးကို စာဖွဲ့တဲ့ “ကစ်ပလင်း” မသိ
ပုဂံကိုစာဖွဲ့တဲ့ ဇော်ဂျီ စာမသီတဲ့ ငါမြို့လေ။
မီးလောင်ပြင်ထဲက
မီးသွေးထက်ဝက်အိမ်တိုင်တွေလို
မိုးခေါင် ကပ်ဆိုက်တဲ့အခါ
မြေမှာဒူးထောက် ကောင်ကင်ကို တိုင်တည်တဲ့
ကမ္ဘာဦးလူသားတွေလို
မြို့ရိုးတံတိုင်းပျက်တွေနဲ့ ငါ့မြို့၊
သားမြတ်ပုံ တောင်မြေမို့မို့တွေအောက်မှာ
ရာဇဝင်နို့ရည်တွေ စမ်းဖြစ်နေတဲ့မြို့၊
၁၈ ရာစု တီကောင်တွေ
ကျောက်ရုပ်ကြွင်းဖြစ်နေတဲ့မြို့၊
ငါ့မြို့လေ ငါ့မြို့ အစစ်ပါ။
ဓနိရည်ပေါတယ် ခြင်ပေါတယ်
ဆင်းတုတော် အကျိုးအပဲ့တွေ ပေါတယ်
စျေတီပျက် ပုထိုးပျက်တွေ ပေါတယ်
သဇင်ဥတွေရှားလွန်းပြီး
ကြိုးကြာတွေ ပြုန်းလုပြီ
ဂျပန်စာလို အင်တီနာတွေ ပိုလာရဲ့
သူ့ခမျာ မီးခိုင်တိုင်မရှိရှာဘူး။
အမေလို
ငါ့နှလုံးသားကို ယဥ်ကျေးမြင့်မြတ်စော
မြောက်ဦး ဒီမြို့။
သစ္စာတရားလို
ဝိညာဥ်ကို ရဲရင့်ပျော်ရွှင်စေတာ
မြောက်ဦး ဒီမြို့။
အခုတော့ ဦးနှောက်အမှေးရောင်နေတဲ့ မြို့
ကိုယ်ခံအား လျော့လျော့နေတဲ့မြို့
ချစ်ရလွန်းလို့ ကြေကွဲနာကျင်ရပြီလေ။
မြို့ရိုးတံတိုင်းတွေကို ဆွဲဆွဲနုတ်ပြီး
ပင်လယ်ထဲသိမ်းထားမယ်၊
ပြီးတော့ ကဗျာတွေနဲ့ လိုက်နေချင်ရဲ့
ရင်ကွဲရလွန်းလို့ပါ ငါ့မြို့ရယ်။