
မိုးမရွာတာကြောင့် ရာသီဥတုသာယာတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့လည်း အရပ်မျက်နှာတိုင်းမှာတော့ မှိုင်းမှုန်ရီရီန မိုးရိပ်မိုးသားတွေကတော့ တရိပ်ရိပ်နဲ့ ပြေးနေကြပါတယ်။ နေသာလိုက်၊ မိုးအုံ့လိုက်နဲ့ ရာသီဥတုမျက်လှည့်ဆရာရဲ့ လှည့်ကွက်တွေအောက်မှာ မသွားမဖြစ်၊ မလုပ်မဖြစ်တဲ့ နေ့စ္စဓူဝလုပ်ငန်းတွေကို လုပ်ကိုင်နေကြရတာဟာ ဓမ္မတာပါပဲမလား။
ဘင်္ဂလားပင်လယ်အော်နဲ့ ကုလားတန်မြစ်ဝကို မှီပြီးတော့ မှေးတင်ဖွံ့ဖြိုးစပြုနေတဲ့ စစ်တွေမြို့ကို နောက်ခိုင်းပြီးတော့ ကျေးလက်ဆီသို့ ကျွန်တော်ခရီးနှင်လာခဲ့ပါတယ်။ မနက် ၇ နာရီထွက်သည့် ကားပေါ်တွင် ကျွန်တော် နှင့် ခရီးသည် သုံးလေးဦးမျှသာပါသည်။ ကားပေါ်၌ စကားတစ်ပြောပြော ကွမ်းတစ်ဝါးဝါးနှင့် ထွက်လာခဲ့ကြ သည်။ ကားဆရာကတော့ မြောက်ဦးအထိခရီးနှင်မည်ဖြစ်သော်လည်း ကားပေါ်တွင် မြောက်ဦးအထိလိုက်ပါမည့် ခရီးသည် ပါမလာသဖြင့် ညဉ်းလျက်ရှိသည်။ ရန်ကုန်- စစ်တွေကားလမ်းသည် ယခင်ကလို မကြမ်းတမ်းတော့ဘဲ ကွန်ကရစ်လမ်းဖြောင့်များအတိုင်း သက်တောင့်သက်သာစီးနှင်းလိုက်ပါနိုင်သည်။ နယ်မြို့ငယ်များနှင့် ကျေးရွာများ ကိုတိုက်ရိုက်ပြေးဆွဲနေကြသော ကားငယ်များရှိသဖြင့်လည်း ယခင်ကလို ကားစောင့်စရာအချိန် အများကြီး မလိုတော့ပေ။ မိမိကြိုက်နှစ်သက်ရာကားများဖြင့် လမ်းကြုံလိုက်ပါနိုင်သည်။
သို့သော် ဤလမ်းဖြစ်မြောက်ရေးအတွက် ပေးဆပ်ခဲ့ရသော (ပေါ်တာ) ခရီးကြမ်းကို ကျွန်တော့်ဘဝမှာ တစ်ခါမှ မေ့ရနိုင်မည်မဟုတ်ပါ။ ဤလမ်းသည် ခေတ်ဆိုးတစ်ခု၏ ဖွံ့ဖြိုးမှုလက္ခဏာဟုပင် ဆိုရမည်လား။ သို့မဟုတ် ဤလမ်းမကို မြင်တိုင်း အာဏာရှင်များကို မုန်းတီးရမည်လား။ သို့မဟုတ် ကျေးဇူးတင်ရမည်လား ကျွန်တော် ဝေခွဲမရပါ။ သို့သော် ကျွန်တော်အဖို့ကား ဤလမ်းနှင့် ပတ်သက်၍ မေ့မရနိုင်သော အမှတ်တရများရှိနေပါသည်။
ရန်ကုန်- စစ်တွေ ကားလမ်းဖောက်လုပ်မည့် သတင်းသည် ကျွန်တော်တို့ဒေသတွင် ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ဖူး သည်။ မဖြစ်နိုင်ဟု ပြောသူပြော၊ မယုံကြည်သူကမယုံကြည်၊ ထောက်ခံသည့်လူက ထောက်ခံခဲ့ကြသည်။ ကျေး လက်၏ သာမန်လူတန်းစားများမှာကား မည်သည့်မှတ်ချက်မှ မပေးနိုင်ကြ ပေါ်တာ ဆွဲတော့မည့်အရေးကိုသာ တွေးပူနေကြရသည်။ သို့သော် အာဏာရှင်တို့၏ အလိုအတိုင်း ရှောင်လွှဲမရသော ပေါ်တာသည်ကား ကျွန်တော်တို့ဆီကို ဆိုက်ဆိုက်ရောက်လာခဲ့သည်။ ကျွန်တော်တို့ရွာကလူတွေအားလုံးနီးပါး ပေါ်တာလိုက်ကြ ရသည်။ ပေါ်တာကို ကျွန်တော်နားလည်သည်မှာ မဖြစ်မနေလုပ်အားပေးရခြင်းဖြစ်သည်။ စစ်တပ်က အာဏာ ပါဝါပြခေါ်ခြင်းဖြစ်သည်။ မလိုက်လျှင် ဖမ်းဆီး၊ ရိုက်နှက်မည်။
ရန်ကုန်- စစ်တွေကားလမ်းပိုင်း ကျောက်တော်မြို့နယ်တစ်နေရာတွင်( နေရာမမှတ်မိတော့) ကျွန်တော်တို့မိသားစု အပါဝင် အိမ်နီးချင်းများ တဲကလေးများထိုးကာ လမ်းဘေးတစ်ဖက် တစ်ချက်နေရာများတွင် ချက်ပြုတ်စား သောက်ကြကာ ထိုနေရာများ၌ပင် အိပ်ကြရသည်။ နံနက်ပိုင်းမှ နေ့လည်အထိ လမ်းဆည်ကြရသည်။ နေ့လည် ထမင်းစားပြီး ခဏတဖြုတ်နားကာ ညနေဘက်ပြန်လည် ဆည်ဖို့ရသည်။ တစ်နေ့ အဖေထမင်းစားနေခိုက် ကျွန်တော်သည် အသင့်ချထားသော ပေါက်ပြားကိုကိုင်ကာ မြေခဲများကို အသားကုန် ပေါက်ဆွနေမိသည်။ သုံးလေးချက်မျှ ဘာမှမဖြစ်သော်လည်း နောက်ဆုံးတစ်ချက်တွင် ကျွန်တော့် ဘယ်ဘက်ခြေ ခြေမဦးနှင့် ခြေချောင်း ၃ ချောင်းအထိ ပြတ်လုနီးပါး ထိမှန်ခဲ့သည်။ ကျွန်တော်က အဖေနှင့်အမေဆီမှာ အပြစ်တင်ခံရမည် စိုးသဖြင့် မြေမှုန့်များကိုယူပြီး ဟ နေသည့်ခြေချောင်းများကြားကို ထည့်သိပ်နေမိသည်။ သွေးက တိပ်မလာသလို ကျွန်တော်လည်း နာကျင်လာသည်။ ထိုမှအမေပြေးလာပြီး ချက်ချင်း ဆေးရုံပို့ကြသည်။ ထိုအချိန်က ဆရာဝန် ကျွန်တော့်ခြေထောက်တွေကို ခြုပ်လိုက်တာလား။ သာမန်ဆေးများသာ ထည့်ပေးလိုက်တာလား ကျွန်တော် မမှတ်မိတော့။ အခုအချိန်ထိ ထိုအမာရွတ်မာ သွားကြားထိုးတန်နီးပါး ကျွန်တော့်ခြေတွင် ဖြောင့်စင်းလျှက် ရှိနေ သေးသည်။
ညီလေး ကွမ်းဝါးဦးမလားဆိုသည့် ကျွန်တော့်ဘေးနားက ခရီးသွားအသံကြောင့် ကျွန်တော့်အတွေး ကိုဖြတ်လိုက်ရသည်။ ကျွန်တော် ကွမ်းတစ်ယာယူဝါးလိုက်သည်။ ကျွန်တော်တို့ကားကလေးသည် အမြင့်ကျွန်းကျေးရွာ လွန်လာပြီဖြစ်သည်။ ကျွန်တော်သည် ကျေးလက်ရနံ့ကို စတင်ရှုမိနေပြီဖြစ်သည်။ မကြာမီကွမ်းတောင် ထိုမှပုဏ္ဏားကျွန်း။ ပုဏ္ဏားကျွန်းကိုလွန်လျှင် ပိဘိ ကျေးလက်၏ ရနံ့တို့သည်ကား မွှေးသထက် မွှေး၍လာတော့သည်။
အစိမ်းရောင် သစ်ပင်များနှင့်တောင်တန်းများ၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ကျိုးကြေခဲ့ရသော သစ်ပင်များမှ အကိုင်း အခက်ကလေးများကြားက အားယူကာ ထွက်ပြုစပြုနေသော ရွက်နုသစ်များ၊ သွပ်မိုးအသစ်ကလေးများနှင့် လယ်ကွင်းပြင်ကြီးများက ကျယ်သထက်ကျယ်ပြန့်၍လာတော့သည်။ လမ်းဘေးတစ်ဖက် တစ်ချက် နွားများ အုပ်လိုက် ရွက်နု၊ ရွက်သစ်များကို စားသောက်နေကြသည်။ လမ်းဘေး တစ်ဖက်တစ်ချက်၌ တဲကလေး များထိုးကာ ခြံထွက်သီးနှံများဖြစ်သော ခဝဲ၊ သခွား၊မျှစ် တို့ကို စစ်တွေမြို့သို့ တင်ပို့ရောင်းချရန် ပြင်ဆင်နေ ကြသည်။ ကားပေါ်မှာပါလာသည့် မျှစ်ဝယ်သူအမျိုးသမီးတစ်ဦးပြောစကားအရ မျှစ်ချိုးလျှင် တစ်နေ့ကို ၅၀၀၀၀ နီးပါး ဝင်ငွေရကြတယ်လို့ ဆိုသဖြင့် မျှစ်ကို စိတ်ဝင်စားနေမိသည်။
ငယ်ငယ်က ၇ တန်း ၈ တန်းကျောင်းသားဘဝများတွင် ကျောင်းပိတ်ရက်တိုင်း ကျွန်တော်တို့ အုပ်စု ဦးစွန်းတော်- ကံစောက်တောင်စသည့် တောင်တန်းများကို သွားကာ မျှစ်ချိုး၊ ခရုကောက်၊ ဂဏန်းရှာခြင်းများဖြင့် အချိန်ကုန်ခဲ့ကြသည်။ မျှစ်အစိမ်းက ချိုသည် လတ်ဆတ်သည်။ ခရုကလည်းချိုသည် လတ်ဆတ်သည်။ ဂဏန်းကလည်း ချိုသည် လတ်ဆတ်သည်။ ရလာသမျှ မျှစ်၊ ခရု၊ ဂဏန်များကို အိုးတစ်လုံးတွင် ထည့်ကာ ငပိအနည်းငယ် ဆား အနည်းငယ်ထည့်ပြီး ပြုတ်၊ ရေဆူလျှင် အောက်ကိုချပြီး ငရုတ်သီးကို ကျောက်ပြားတစ်ခုပေါ်တွင် နွမ်းရုံမျှကြိတ်ကာ ပူပူနွေးနွေး စားခဲ့ရသည့် အရသာသည်မေ့ဖွယ်ရာမရှိ။ သို့သော် ထိုစားဖော်၊ စားဖက် သူငယ်ချင်းတို့သည်ကား ကျွန်တော့်ကဲ့သို့ပင် ယခုအချိန်၌ စားဝတ်နေရေးအတွက် ရုန်းကန်၍နေကြပေလိမ့်မည်။
ကျွန်တော်တို့စီးလာသည့် ကားငယ်သည် ကွန်ရစ်လမ်းမပေါ်တွင် ပြေးလျှက်ရှိသည်။ ကားပြတင်းမှကြည့်လျှင် အစိမ်းရောင်လွှမ်းသောကျေးလက်၏ အရိပ်ကလေးများမှာ တရိပ်ရိပ်ဖြင့် ကျန်ရစ်ခဲ့ကြသည်။ ထိုသို့ တရိပ်ရိပ် ကျန်ခဲ့သော အတိတ်၏ ကျေးလက်များဆီးသို့ ကျွန်တော့်အတွေး လွင့်မျှောမိပြန်သည်။
ဇွန်လမိုးစရွာသည်နှင့် လယ်ကွင်းများပေါ်တွင် ရေများဖွေးနေအောင်ပြည့်နေသည်။ ဥမည့်ငါးများလယ်ပြင်များသို့ တက်မည်။ တက်ငါးများကား ဥများနှင့်မို့ စား၍အလွန်ကောင်းသည်။ ငစိုင်းရိုင်း၊ ငပြေ၊ ငသန်းစသည့် ငါးများကို ပိုက်ကွန်၊ ဘုံး(မြှုံ)တို့ထောင်ဖမ်းကြရသည်။ တစ်ချို့ဆိုလျင် ငါးအတက်ကို စောင့်ကာ ဓားဖြင့်အသာခုတ်ယူ၍ လည်းရသည်(ငါးတက် ခွတ်သည်ဟုခေါ်သည်)။
မျှစ်၊ ကတက်ဥ၊ ကတက်ညွှန်၊ ဆတ်ချိုတုတ်၊ဇရိုက်တုတ်၊ဒညင်းသီး၊ ဝဥတုတ်တို့သည် တောတောင်များမှ ထွက်သည့် မိုးရာသီ ဒေသအစား အစာများပင်ဖြစ်သည်။ ကတက်ဥကို အရည်သောက်ချက် ပင်စိမ်းလေး အုပ်လိုက်လျှင် အလွန်မွှေးမြပြီး ချောချောနှင့် စား၍အလွန်ပင်ကောင်းသည်။
ငယ်စဥ်ကသည်လို အချိန်မျိုးဆိုလျှင် ကျွန်တော်တို့ မိသားစုထမင်းဝိုင်း၌ မျှစ်၊ ကတက်ဥ၊ဒညင်းသီး၊ ကစင်ရိုင်း၊ ငရုပ်ကြိတ်တို့မပါမဖြစ်သော ဟင်းလျှာပင်ဖြစ်သည်။ သို့သော် ဒညင်းသီးကို ထမင်းစားသည့်အချိန်တွင် မစားကြ ဘဲ ထမင်းစားပြီးသည့် အချိန်မှ ဒညင်းပြုပ်အိုးကို ထမင်းစားဝိုင်ပေါ်တင်ပြီး မိသားစုအလိုက် ဆီဖြင့်တို့စားကြသည်။
ယင်းအပြင် ရေတင်ကျန်နေသော လယ်ကွင်းပြင်များပေါ်တွင် အမေ ဗြီးထိုးဖြင့် ထိုး၍ရလာသော ငါးပေါက် စလေးများ၊ ဖားပေါက်စကလေးများ၊ တစ်ခြားသော အကောင်ကလေးများကိုမကြာခဏ စားရတတ်သေးသည်။ ယင်းကို ငါးပေါက်ချေဟုခေါ်သည်။ ငါးပေါက်ချေကို မြက်ဖတ် ကလေးများကို ဖယ်ပြီး ရေဖြင့် စင်အောင်ဆေးကာ ငရုတ်ကြိတ်များများ၊ ဆီအနည်းငယ်၊ ရေအနည်းငယ်ဖြင့် ချက်၍ ဆူလာပြီဆိုလျှင် ပင်စိမ်းရွက်အုပ်ကာ စားသောက်ရခြင်းသည်လည်း မိုးရာသီ၏ ဟင်းကောင်းတစ်ခွက်ပင်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ယခင်ကလို သားငါးများ မပေါတော့ပြီ။ မျှစ်သည်ပင်လျှင် ယခင်ကလို မပေါတော့ဘဲ တောင်ကြီးများသို့ တက်ရောက်ခူးယူနေကြရသည်။ ရာသီဥတုကြောင့်လား၊ လူများကြောင့်လားဆိုလျှင် နှစ်ခု လုံး ကြောင့်ဟုပြောရမည်ပင်ဖြစ်သည်။
ကျွန်တော်တို့စီးလာသည့် ကားငယ်သည်တစ်ဖြည်းဖြည်းနှင့် ကံစောက်တောင် အမြင့်ပေ ၄၄၀ ကိုကျော်လွန် လာပြီဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်က ကန်စောက်ကျေးရွာသို့သွားမည်ဆိုလျှင် ဤတောင်ထပ်မှဖြတ် ဖောက်ထားသော မတ်စောက်သည့် လမ်းကလေးအတိုင်းသွားကြရသည်။ ယင်းအပြင် ဤတောင်တန်းသည် လည်း ကျွန်တော်တို့ မျှစ်ခူး၊ ဟင်းရှာ၊ ထင်းကောက်၍နေခဲ့သော နေရာ တစ်ခုဖြစ်ခဲ့သည်။ ယခုမှာကား ဤတောင် ပတ်လည်အပါဝင် ဒေသခံများ၏ လယ်၊ယာများကိုပါ စစ်တပ်က သိမ်းလိုက်ပြီဖြစ်သဖြင့် တောင်ပေါ်ကို ဟင်းခူးရန် မဆိုနှင့် အနီးအနားကို ဖြတ်၍ပင်မသွားရဲကတော့ပေ။
ကန်စောက်တောင်ပေါ်ကကြည့်လျှင် ကျွန်တော့်မွေးရပ်ဇာတိဖြစ်သော ကျေးလက်ကို လှမ်းမြင်ရပြီဖြစ် သည်။ ရေချိုသော ကုလားတန်မြစ်သည် မြွေဖြူကြီးတစ်ကောင်လို ကွေ့ပတ်လျက်။ မျက်စိတစ်ဆုံးကြည့်ရသော လယ်ကွင်းပြင်ကြီးများက ကျွန်တော့်ကိုဆီးကြိုနေကြရသည်။ ထိုလယ်ကွင်း ကြီးများနှင့် ငယ်ဖော်ဖြစ်ဖူးသည်။ ကွေးကောက်စီးဆင်းနေသော ကင်းစွန်းချောင်းငယ်နှင့် ငယ်ဖော်ဖြစ်ဖူးသည် ဤလယ်ကွက်ကြီးများပေါ်တွင် ငယ်ဘဝပြေးလွှားဆော့ကစားဖူးသည်။ ဤချောင်းငယ်တွင်ပေါက်ရောက် လမုပင်များထက်သို့တက်ကာ ချောင်းထဲကို ဒိုင်ဗင်ထိုးချဖူးသည်။ လမုသီးမှဲ့များကို သူထက်ငါအရင်ခူးပြီး မြိန်ရည် ယှက်ရည်စားသောက်ဖူးသည်။ သို့သော် လယ်ကွင်းကြီးများက ပြောင်းလဲမှုအနည်းသာရှိသော်လည်း ချောင်းငယ်ကတော့ တိမ်ကောသထက် တိမ်ကောလာခဲ့ပြီဖြစ်သည်။
လယ်ကွင်းများပေါ်တွင် ကောက်စိုက်သမများ အစုလိုက် အစုလိုက် ကောက်စိုက်နေကြသည်။ သနပ်ခါးထူထူ လိမ်း၊ မက္ကလာဆောင်း၊ မိုးကာခြုံ ထမိန်တိုတိုဝတ်ကာ သီချင်းတကြော်ကြော်ဆိုလျှက် ကောက်စိုက်သမများ ကောက်စိုက်နေကြခြင်းသည်လည်း ရာသီပေါ် ကျေးလက်၏ ဂီတဖျော်ဖြေပွဲဟုဆိုရမည်ပင်ဖြစ်သည်။ ကောက် စိုက်ခြင်းကို အမျိုးသားများထက် အမျိုးသမီးများက လုပ်လေ့ရှိကြသည်။ အမျိုးသားများက ကောက်နှုတ်ကြသည်။ ကောက်နှုတ် ကောက်စိုက်ရာတွင် ၂ မျိုးရှိသည်။ တစ်မျိုးက ကျင်းပျိုးဟု ခေါ်ပြီး နောက်တစ်မျိုးကို ခိုးပျိုးဟု ခေါ်သည်။
ကျင်းပျိုးမှာ မည်သည့်အရာမှ မရှိသော လယ်ကွက်လပ်ကြီးပေါ်တွင်စိုက်ပျိုးရခြင်းဖြစ်ပြီး ခိုးပျိုးမှာ ကြဲထားသည့် စပါးများ ပေါက်ရောက်မှု ကျိုးတိုးကျဲတဲနှင့် ကွက်လပ်များဖြစ်နေပါက ထိုနေရာများတွင် အစားထိုး စိုက်ပျိုးကြရခြင်းဖြစ်သည်။
ကားရပ်လိုက်ပြီဖြစ်သည်။ ကျွန်တော်သည် ကျောပိုးအိတ်ကိုယူပြီး အမေ့အိမ်ကလေးရှိရာ ကျေးလက်ကိုခြေချခဲ့ လေပြီ။ နံနက် ၁၁ နာရီပင်မထိုးသေး။ အမေ့ထမင်းဝိုင်းကလေးက ကျွန်တော့်ကို ဆီးကြိုနေသည်။ ငစိုင်းရိုင်းချက်၊ ခရုချက်၊ ဒညင်းသီး၊ မျှစ်ဟင်းရည် ငပိခြူခြူနှင့် နံနံပင် ပေါက်စလေးတွေ အုပ်ထားသည့် ငရုပ်ကြိတ်နှင့် ထိုနံနက် ခင်းထမင်းဝိုင်း၏ အရသာကို မည်သည့်အရာနှင့် ကျွန်တော်နှိုင်းမည်နည်း။ ကျွန်တော်တို့၏ ဆာလောင်နေသည့် ဝမ်းဗိုက်အတွက် ကျေးလက်၏ ငပိမီးဖုတ်ရနံ့သင်းမြသော ငရုပ်ကြိတ်တစ်ခွက်၏ ရနံ့လောက် မွှေးမြသည့်အရာ မတွေ့မိသေးသည်မှာကား အမှန်ပင်ဖြစ်သည်။