ဆတ်ရိုးကျတံတားပေါ်ကို ဖြတ်တိုက်လာတဲ့လေက တဝူးဝူးနဲ့၊ ပင်လယ်ရနံ့ကို တစ်ဝကြီးအဆုတ်ထဲထိ ရှူသွင်းပြီး မြစ်ဝဘက်ကိုငေးကြည့်နေမိတယ်။ နေရောင်က သိပ်မကျန်တော့တာကြောင့် အဝေးကစက်ရုံ ခေါင်မိုးတစ်ခုကို မသဲမကွဲမြင်တွေ့နေရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က ဒီချောင်းကလေးရဲ့ ကမ်းနဖူးမှာ ရွှေဖြစ်ခဲ့ဖူးတယ်။ ကျွန်တော် မြင်နေရတဲ့စက်ရုံခေါင်မိုးက “ရွှေယမုံ”စက်ရုံ၊ အရင်တုန်းကတော့ ကမ်းရိုးတန်းဒေသက ထွက်ရှိသမျှ ပုဇွန်တွေကို အေးခဲပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ခဲ့တဲ့ စက်ရုံကြီးပေါ့။

ဧကရာဇ် ရေးသည်။
လက်ဝဲသလုံးတော်ကနေ ဆတ်ရိုးကျအထိ၊ ဆတ်ရိုးကျကနေ ပွိုင့်အငူအထိ ဒီမြို့ကလေးမှာ ကျင်လည်နေခဲ့တာကြာပြီ။ ဒီမြို့ကလေးဟာ ရခိုင်ပြည်ရဲ့မြို့တော် AKYAB၊ စစ်တွေစတဲ့ နာမည်တွေနဲ့ (၁၈၂၆) ခု ၁၉ ရာစု အစောပိုင်းကာလကနေ ၂၀ ရာစုကုန် ၂၁ ရာစုအထိ သက်ရှည် ဘိုးအေကြီးတစ်ဉီးပမာ ကမ္ဘာ့ မြေပုံပေါ်က အစက်ကလေးတစ်စက်အဖြစ် ရှင်သန်နေဆဲပါ။
ဒီမြို့ကလေးကို ကိုလိုနီအင်္ဂလိပ်အစိုးရက ၁၈၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်တည် ထောင်ခဲ့တာဟာ အခုဆိုရင် မြို့ကလေးရဲ့အသက်ဟာ ၁၉၀ ကျော်လွန်လာခဲ့ပြီဖြစ်တယ်။ သူဖြတ်သန်းခဲ့ဖူးတဲ့ ရှည်လျားတဲ့ အတိတ်နဲ့ လက်ရှိပစ္စပ္ပုန်ကာလတွေအထိ သူ့သမိုင်းသူကိုရေး၊ သူ့ရင်သူဖွင့်၊ သူ့ကျောသူခင်း၊ သူ့ခေါင်းမှာသူပန်းဆင်ကာ ဝမ်းနည်း၊ ဝမ်းသာ ပျော်ရွှင်မှု၊ နာကျင်ရမှုတွေရဲ့ အကျိူးအကြောင်း အဆိုး၊ အကောင်း အားလုံးကို သည်းခံဖြတ်သန်းလာခဲ့တာဟာ ဒီမြို့ကလေးရဲ့ ဂုဏ်ယူစရာ သမိုင်းကြောင်း တစ်ခုအဖြစ် ကျွန်တော်တွေးတောရင်း သိပ်မကြာတော့တဲ့ ကာလတွေမှာ နှစ်ပေါင်း ၂၀၀ ပြည့်လာ တော့မှာလည်းဖြစ်တယ်။
ကိုလိုနီတွေတည်ခဲ့တဲ့မြို့ဆိုပေမဲ့ အခုအချိန်မှာတော့ ကိုလိုနီအငွေ့အသက်တေွဟာ ငွေ့ငွေ့ ကလေးမျှသာ ကျန်တော့တယ်။ တစ်ချိန်က ကိုလိုနီခေတ် အဆောက်ဉီးတွေ၊ ကိုလိုနီခေတ် လက်ရာတွေနဲ့ ခမ်းနားစွာ တည်ရှိခဲ့ဟန်ရှိပေမဲ့ လက်ရှိခေတ်မှာတော့ ကိုလိုနီခေတ်အဆောက်အဉီးတွေဟာ မရှိသလောက် သာဖြစ်သွားကြပြီ။ ကျန်တဲ့ ကိုလိုနီခေတ်အဆောက်အအုံတွေဟာလည်း သဘာဝပတ်ဝန်းကျင်တိုက်စားမူ၊ ပြုပြင်ထိန်းသိမ်းသူတွေရဲ့ ညံ့ဖျင်းမူတွေကြောင့် အရင်ကအမွေအနှစ်ပျောက်ပြီး အသစ်ဝင်ရောက်လာတဲ့ လက်ရာအသစ်တွေက နေရာယူထားတဲ့ အသစ်စက်စက်မြို့ကလေး ဖြစ်နေပါတော့တယ်။
AKYAB ဆိုတဲ့ အင်္ဂလိပ်တွေမှည့်ခဲ့တဲ့ နာမည်ကို လိုက်ဖမ်းဖို့ နာရီစင်မဲမဲကြီးကလွဲလို့ မကျန်တော့သလို၊ ဒီနာရီစင်မဲမဲဟာလည်း AKYAB မြို့ရဲ့ နှလုံးသား၊ စစ်တွေမြို့ရဲ့ ပြယှဂ်တစ်ခုအဖြစ် သူရှင်သန်နေသမျှ ကာလပတ်လုံးဖြစ်နေအုံးမှာပါ။ လမ်းမကြီးကနေ ဖြတ်သွားတိုင်း လမ်းသွား လမ်းလာတွေဟာ နာရီစင်ကိုတော့ အနည်းဆုံးတစ်ခေါက်လောက် မော်ကြည့်တာဟာ ဒီမြို့မှာ နေထိုင်ကြ သူတွေ၊ ဒီမြို့ကို အလည်လာရောက်သူတွေအတွက် နေ့စဉ်ဓူဝအလုပ်တစ်ခုလိုပါပဲ။
အခုလို အပူပိုတဲ့ညနေခင်းတွေမှာ အသစ်ထိုးထားတဲ့ ဆတ်ရိုးကျချောင်းတံတားပေါ်တက်ကာ လေညှင်းခံပြီး ကုလားတန်မြစ်ဝဘက် ညနေစောင်းချိန်ကို ငေးကြည့်ရတာဟာလည်း စစ်တွေရဲ့ အသစ်စက်စက် ဖီလင်တစ်ခုလို့ဆိုရမှာပါ။ ဟော…ကြည့်လေ…တံတားပေါ်မှာ သစ်လွင်တဲ့အဝတ်အစား တွေနဲ့ ကလေးတွေဓာတ်ပုံရိုက်နေကြတယ်။ လူကြီးတချိူ့ တံတားပေါ်ကို လမ်းလျောက်တက်လာကြတယ်။ ကား၊ ဆိုင်ကယ်တွေဟာ ကျေးတော၊ ရွှေမင်းဂံ၊ ရွှေပြည်သာစတဲ့ ကျေးရွာကလေးတွေဆီကို ပြေးလွှားနေကြတယ်။
တကယ်တော့ စစ်တွေနဲ့ ကျေးတော၊ ရွှေမင်းဂံ၊ ရွှေပြည်သာနဲ့ အဲဒီဖက်ကမ်းက ရွာကလေးတွေဟာ နီးလျက်နဲ့ ဝေးနေခဲ့ကြတာ ကြာခဲ့ပြီ။ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆို အဓိကကျတဲ့ အခြေခံ အကြောင်းအရာတွေထဲမှာ လမ်း၊ တံတား၊ လျှပ်စစ်မီးတို့ဟာ မပါမဖြစ်တဲ့ လိုအပ်ချက်တွေပါပဲ။ အခုဆိုရင် တဲအိမ်သာသာတွေသာရှိနေတဲ့နေရာတွေမှာ အဆောက်အဉီးသစ်တွေ၊ လယ်ကွင်းပြင်တွေမှာ လူနေတိုက် တန်းအိမ်ရာတွေဟာ တစ်ခုပြီးတစ်ခု အပြိုင်အဆိုင်ပေါ်ပေါက်လာကြပြီဖြစ်တယ်။
ဆတ်ရိုးကျတစ်ဖက်ကမ်းက ကျေးရွာတွေဟာ ဒီကနေ့ခေတ်မှာ ကျန်းမာရေး၊ လူမူရေး၊ ပညာရေးကအစ ခေတ်နဲ့လျော်ညီစွာ တိုးတက်လာနေကြပြီဖြစ်တယ်။ အရင်ကလို ငှက်သဗ္ဗာန်တွေ ကူးတို့လှေတွေနဲ့ စစ်တွေမြို့ကို ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာစရာမလိုတော့ဘူး။ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း စစ်တွေမြို့ထဲကို လွယ်လွယ်ကူကူ သွားလာနိုင်ကြပြီဖြစ်တယ်။ အရင်က ဘီလူးမတံတားအောက်ကနေဖြတ်သန်းစီးဆင်းနေတဲ့ ကလွေချောင်းကို မြို့လယ်ချောင်းလို့ခေါ်ဆိုကြတယ်။ ဒါပေမဲ့ နောက်ဆယ်စုနှစ်ကြာချိန်အတွင်းမှာ ဒီဆတ်ရိုးကျချောင်းကလေးဟာ မြို့လယ်ချောင်းဖြစ်လာမှာ မုချပါပဲ။
တကယ်တော့ ဒီချောင်းကလေးဟာ ဒီမြို့၊ ဒီရေ၊ ဒီပြည်သူတွေအတွက် အလွန်တရာမှ အရေးပါတဲ့ ချောင်းကလေးတစ်ခုဖြစ်တယ်။ ဒီချောင်းကလေးကိုဖြတ်၊ ဒီချောင်းကလေးမှာကျင်လည်၊ ဒီချောင်းကလေးကို ကျော်လွန်ပြီး ကမ္ဘာနဲ့ရင်ဘောင်တန်းခဲ့တဲ့ အဖြစ်အပျက်တွေဟာလည်း အများကြီးရှိခဲ့ကြတယ်။ “ထူးအိမ်သင်ရဲ့ဧရာဝတီ” “ကိုင်ဇာရဲ့ ကစ္ဆပနဒီ” တို့လို ဒီချောင်းကလေးဟာ စာဖွဲ့လောက်စရာ မခမ်းနား ပေမဲ့၊ ဒီချောင်းကလေးဟာ ဒီမြေမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို တစ်ထောင့်တစ်နေရာကနေ ကမ္ဘာဆုံးခန်း တိုင်တဲ့အထိ အလုပ်အကျွေးပြုနေမှာလည်းဖြစ်တယ်။
ကျွန်တော်ဟာ ဆတ်ရိုးကျတံတားအလယ်တည့်တည့်မှာရပ်ပြီး ချောင်းကလေးကို အပေါ်စီးက နေကြည့်ကာ အတိတ်ကာလအချိန်တွေဆီကို အတွေးလွင့်မျောနေမိတယ်။ မီးခိုးတလူလူထွက်နေတဲ့ ဆန်စက်ကြီးတွေ၊ ချောင်းကလေးထဲမှာ အဝင်အထွက်လုပ်နေကြတဲ့ လှေ၊ သဗ္ဗာန်၊ မီးသေ င်္ဘာတွေ၊ ဆန်စပါးတွေကို အတင်အချပြုလုပ်နေကြတဲ့ အလုပ်သမားတွေ၊ စက်သံတဒုံးဒုံးနဲ့ ခုတ်မောင်းနေကြတဲ့ ဆန်စက်ကြီးတွေရဲ့ ဆူညံသံတွေဟာ ကျွန်တော့်နားထဲမှာ ပဲ့တင်ထပ်လာခဲ့တယ်။
AKYAB မြို့တည်ပြီး ၃ နှစ်အကြာ ၁၈၃၀-၃၁ ခုနှစ်တွေမှာ ရခိုင်ပြည်ကထွက်ရှိတဲ့ ဆန်စပါးတွေကို တင်ပို့ဖို့အတွက် ရောက်ရှိလာကြတဲ့ သေင်္ဘာအရေအတွက်ဟာ ၁၄၀ အထိ ရှိခဲ့တယ်။ ၁၈၃၃ ခုနှစ်မှာ သေင်္ဘာ ၁၇၈ စီး၊ ၁၈၄၀-၄၁ ခုနှစ်တွေမှာ သေင်္ဘာစီးရေ ၇၀၉ စီးအထိရှိခဲ့ပြီး ၊ ဆန်စပါးတန်ချိန် ၈၂၁၁၁ အထိ ပြည်ပသို့ တင်ပို့နိုင်ခဲ့တယ်လို့ ကိုလိုနီခေတ်မှတ်တမ်းတွေအရ သိရှိခဲ့ရတယ်။ ဒီဆန်စပါးတွေဟာ အိန္ဒိယ၊ တရုတ်၊ ဥရောပနိုင်ငံတွေဆီကို ပင်လယ်ရေစီးကြောင်းအတိုင်း မျောပါစီးဆင်းသွားရင်း ကုန်သွယ်မှု အထွဋ်အထိပ်ရောက်ခဲ့တယ်။ အိန္ဒိယနိုင်ငံ မဒရပ်မြို့ကို တင်ပို့ရောင်းချခဲ့တဲ့ ဆန်တန်ချိန်အရေအတွက် တစ်ခုတည်းတောင် ၃၆၀၈၉ ရှိခဲ့ပြီး၊ ၁၈၄၂ ခုနှစ်မှာ ရခိုင်ပြည်ရဲ့ ဆန်စပါးစိုက်ပျိူးဧရိယာဟာ ၂၂၃၅၉၆ ဧက အထိရှိခဲ့တယ်လို့ ဆရာအောင်လှသိန်းပြုစုထားတဲ့ သမုဒ္ဒဂီရိ မြို့စစ်တွေစာအုပ်မှာ ဖော်ပြထားတယ်။
AKYAB ဟာ ကူးသန်းရောင်းဝယ်ရေးမြို့တော်၊ ပင်လယ်ဆိပ်ကမ်းမြို့တော်၊ စီးပွားရေးမြို့တော်တွေအဖြစ် ထင်ရှားခဲ့တဲ့ မှတ်တမ်းတွေထဲမှာ ဒီဆတ်ရိုးကျချောင်းကလေးဟာလည်း မပါမဖြစ်တဲ့ ကျောရိုး ကလေးတစ်ချောင်းသဖွယ်ပါပဲ။ ဆန်စပါးတွေချည်းသာ ဒီချောင်းကလေးနဲ့ မြို့ကိုကျော်ပြီး ကမ္ဘာပတ်ခဲ့ကြ တာမဟုတ်ပါဘူး။ ဆရာတော်ဉီးဉတ္တမလို သံဃာတော်တွေ၊ ဉီးရဲကျော်သူလို လုပ်ငန်းရှင်ကြီးတွေ၊ ဉီးချန်ထွန်း၊ ဉီးရွှေဇံအောင်၊ ဉီးမေအောင်၊ ဉီးစံသာအောင်တို့လို ပညာတတ် ပုဂ္ဂိုလ်ကြီးတွေဟာလည်း ဒီမြေ ဒီရေကနေကျော်လွန်ပြီး ရခိုင်မြေရခိုင်ရေပေါ်ကို အတွေးသစ်အခေါ်သစ်တွေယူဆောင်လာဖို့ ကမ္ဘာအနှံ့ကို ခြေဆံ့ခဲ့ကြတယ်။
မင်းသားကြီးရွှေဗန်း၊ ဒေးဝန်ကြီးအောင်ကျော်ရွီ၊ မြို့သူကြီးအောင်ကျော်ဇံတို့လို ပုဂ္ဂိုလ်ကြီးတွေ ဟာလည်း ဒီချောင်းကလေးနဲ့ မြို့ကလေးကိုကျော်လွန်ပြီး အင်္ဂလိပ်အစိုးရကို တော်လှန်ဖို့ အတွေးအခေါ်တွေ ရရှိခဲ့ကြတယ်။ သူ့ကျွန်ဘဝကနေလွတ်မြောက်ဖို့ တော်လှန်ရေးတစ်ရပ်ကိုဆင်နွဲခဲ့ကြတယ်။ ဒါတွေဟာ ဒီမြို့၊ ဒီချောင်းကလေးတွေနဲ့ ဂန္တဝင်ဆန်တဲ့ ရဲရဲတောက်သစ္စာတရားတွေပါပဲ။
ဒီမြို့ရဲ့ အတက်အကျတိုင်းမှာ ဒီဆတ်ရိုးကျချောင်းလေးဟာလည်း သူ့ရဲ့ဒီရေအတက်အကျလိုပဲ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ တက်လိုက်၊ ကျလိုက်နဲ့ ပါဝင်ပတ်သက်နေတယ်။ မြို့ကလေးဟာ ဒုတိယကမ္ဘာစစ်ကြောင့် ပျက်စီးခဲ့သလိုဖြစ်ခဲ့ပေမဲ့ စစ်ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ကာ ရခိုင့်ဒဏ္ဍာရီထဲက ဗျာလတစ်ကောင်ရဲ့ အားမာန်တွေလို ပြန်ပြီးနိုးထလာနိုင်ခဲ့တယ်။ ကမ္ဘာစစ်ကြီးပြီးတော့ ဟောဒီ AKYAB ဟာ ပြန်လည်အသက်ဝင်လှုပ်ရှားလာပြီး ချောင်းကလေးထဲမှာ လှေ၊ သဗ္ဗာန်၊ ပြန်လည်သက်ဝင် လှုပ်ရှားလာကြတယ်။
၁၉၄၉ ခုနှစ်မှာတော့ နိုင်ငံပိုင်ဆန်စပါးရောင်းဝယ်မူတွေကို ပြန်စတင်နိုင်ခဲ့ပြီး ၁၉၆၅ ခုနှစ်အထိ ချောင်းကလးရဲ့ ကမ်းနဖူးပေါ်မှာ ဆန်စက်ကြီးငယ်ပေါင်း ၃၁ လုံးအထိ ရှိတယ်လို့ မှတ်တမ်း တွေမှာ ဖော်ပြထားတယ်။ ဒီလိုဆန်စက်ပေါင်းမြောက်များစွာရှိတဲ့ ချောင်းကလေး၊ ဆန်စပါးဂိုဒေါင်တွေ လှိုင်လှိုင်ပေါတဲ့ ဒီမြို့ကလေးမှာ ဆန်ရှားပါးတဲ့အတွက် လူသေဆုံးရတဲ့အထိဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးတယ်။
ဘယ်လိုမှယုံနိုင်စရာမရှိတဲ့ အဖြစ်ပျက်တစ်ခုဟာ ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တယ်။ ဆန်ရှားပါးတဲ့အတွက် မြို့နေပြည်သူလူထု ဆန္ဒပြရာကနေ ဆန္ဒပြလူအုပ်ကို ဖြိုခွင်းရင်း လူအယောက် ၂၀ သေဆုံးခဲ့တယ်လို့ အစိုးရဌာနဖက်ကနေ ထုတ်ပြန်ကြေညာခဲ့တယ်။ အစိုးရဖက်ကနေ လူအယောက် ၂၀ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးသူဉီးရေဟာ ဒီထက်ပိုမိုများပြားခဲ့တယ်လို့ မြို့နေလူထုက အခုထက်ထိတိုင် လက်ခံထားကြဆဲဖြစ်တယ်။ ၁၉၆၇ ခု ဩဂုတ်လ ၁၃ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ စစ်တွေဆန်ရှားပါးမှုပြဿနာဟာ မြို့ကလေးရဲ့ ဘယ်တော့မှဖြေဖျောက်လို့မရနိုင်တဲ့ သမိုင်းတစ်ခု၊ မြို့နေပြည်သူလူထုရဲ့ အသည်းထဲမှာ မေ့လို့မရနိုင်တဲ့ နေ့တစ်နေ့အဖြစ် ယနေ့တိုင်ရှိနေဆဲပါပဲ။
မြန်မာနိုင်ငံရဲ့ ပထဝီသင်ရိုးထဲမှာ မပါမဖြစ်တဲ့ စစ်တွေလွင်ပြင်က ထွက်ရှိသမျှဆန်တွေဟာ မဆလအစိုးရနဲ့ ဝိသမလောဘသမားတွေရဲ့ လောဘအောက်ကို ရောက်သွားတော့၊ ထမင်းကိုသာ အခြေခံကျကျ စားသောက်တတ်ကြတဲ့ ရခိုင်လူမျိူးတွေရဲ့ ပါးစပ်ဖျားကနေ “ပြုတ်ဆန်မစား ရခိုင်သား”ဆိုပြီး နှလုံးအိမ်ထဲကနေ အောက်ကျမခံ တော်လှန်လိုတဲ့စိတ်ဓာတ်တွေဟာ နိုးကြားလာခဲ့ကြတယ်။ ဒီစကားလုံးတွေ၊ ဒီကြွေးကြော်သံတွေကို ကြားမိတိုင်း သွေးချောင်းစီးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကို မျက်စိထဲမြင်ယောင်ကာ ဝမ်းနည်းရဆဲပါ။
ဆတ်ရိုးကျတံတားပေါ်ကို ဖြတ်တိုက်လာတဲ့လေက တဝူးဝူးနဲ့၊ ပင်လယ်ရနံ့ကို တစ်ဝကြီးအဆုတ်ထဲထိ ရှူသွင်းပြီး မြစ်ဝဘက်ကိုငေးကြည့်နေမိတယ်။ နေရောင်က သိပ်မကျန်တော့တာကြောင့် အဝေးကစက်ရုံ ခေါင်မိုးတစ်ခုကို မသဲမကွဲမြင်တွေ့နေရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က ဒီချောင်းကလေးရဲ့ ကမ်းနဖူးမှာ ရွှေဖြစ်ခဲ့ဖူးတယ်။ ကျွန်တော် မြင်နေရတဲ့စက်ရုံခေါင်မိုးက “ရွှေယမုံ”စက်ရုံ၊ အရင်တုန်းကတော့ ကမ်းရိုးတန်းဒေသက ထွက်ရှိသမျှ ပုဇွန်တွေကို အေးခဲပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ခဲ့တဲ့ စက်ရုံကြီးပေါ့။
ဒီစက်ရုံကြီးလို အခြားစက်ရုံကြီးတွေဟာလည်း ဒီဆတ်ရိုးကျချောင်း ကမ်းနဖူးမှာတည်ရှိခဲ့သလို ပုဇွန်၊ ဂဏန်းဒိုင်တွေဟာလည်း အပြိုင်အဆိုင်နဲ့ ရှိခဲ့ဖူးကြတယ်။ ရာနဲ့ချီတဲ့ စက်ရုံလုပ်သားတွေဟာ ဒီစက်ရုံထဲမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့ကြတယ်။ အထူးသဖြင့် ဒီမြို့ကလေးကို မှီခိုနေကြတဲ့ အမျိူးသမီးထုအတွက် စက်ရုံကြီးတွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီးပေးနိုင်ခဲ့ကြတယ်။ ဒီစက်ရုံတွေကနေထွက်သမျှ ကုန်ချော၊ ကုန်ကြမ်းတွေဟာ ဒီမြို့ကလေးနဲ့ ဒီချောင်းကလေးကိုကျော်ပြီး နိုင်ငံ့ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေရှာဖွေပေးခဲ့ကြတယ်။ ဒေသတွင်းလူငယ်လူရွယ်တွေအတွက်လည်း အလုပ်အကိုင်အခွင့်လမ်းတွေဖန်တီးပေးနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့ဒီချိန်မှာတော့ မီးခိုးအူအူတွေ၊ စက်သံတဒုံးဒုံးမြည်သံတွေဟာ ချောင်းကလေးထဲမှာ တိတ်ဆိတ်ငြိမ်သက်ကုန်ကြပြီ။
အခွင့်အခါသင့်သလို ခေတ်အလိုက် အသင့်စီးဆင်းရင်း သူ့ရင်ခွင်မှာ အလုပ်အကျွေးပြုနိုင်ခဲ့တဲ့ ချောင်းကလေးကတော့ သူ့ရေလျဉ်အတိုင်း မိခင်ကစ္ဆပနဒီဆီသို့ စီးဝင်ပျော်မွေ့နေဆဲပါ။ လူသားတွေရဲ့ ဘဝဝမ်းရေးအတွက် အထောက်အကူပြုနေသေးသလို လှေ၊ သဗ္ဗာန်၊ သေင်္ဘာတွေအတွက်လည်း လေဒဏ် မိုးဒဏ်တွေကို ယနေ့ထက်တိုင် ကာကွယ်ပေးနေဆဲပါ။ AKYAB ဟာ သူ့ခေတ်သူ့အခါနဲ့အညီ ပြောင်းလဲနေပေမဲ့လည်း၊ ဆတ်ရိုးကျချောင်းကလေးကတော့ နဂိုအတိုင်းစီးဆင်းမြဲ၊ စီးနေဆဲ၊ ရှင်သန်နေဆဲပါ။
အတိတ်ပစ္စပ္ပုန်မှာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရပါစေ၊ ဘယ်လိုအောင်မြင်မူတွေခံစားခဲ့ရပါစေ ဒီမြို့ကလေးနဲ့ ဒီချောင်းကလေးဟာ ကျွန်တော်တို့အတွက်ရှင်သန်နေဆဲပါ။ သူတပါးလက်အောက် အောက်ကျမခံလိုတဲ့ ခေါင်းဆောင်ကြီးတွေ၊ ခေတ်နဲ့အညီလိုက်ပါပြောင်းလဲလိုတဲ့ ပညာလိုလားတဲ့လူငယ်တွေ၊ အဆင်းရဲဆုံးပြည်နယ်တစ်ခုဆိုတဲ့ ခေါင်းစဉ်အောက်က ရုန်းထွက်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီမြို့၊ ဒီချောင်းကလေးကို ကျော်လွန်ပြီး အတွေးအခေါ်အသစ်တွေ၊ ပညာရပ်အသစ်တွေကို ရှာဖွေလှုပ်ရှား နေကြတာဟာလည်း ဒီနေ့ထက်အထိပါပဲ။
ဘာပဲဖြစ်ဖြစ် ဒီမြို့ကလေးဟာ လာမယ့် ၂၀၂၆ ခုနှစ်မှာ နှစ်ပေါင်း ၂၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ ဆတ်ရိုးကျဆိုတဲ့ ချောင်းကလေးကတော့ သူ့ဘေးမှာ ဖက်တွယ်ရစ်ပတ် စီးဆင်းပေးနေမဲ့ မိတ်ဆွေကြီးတစ်ဉီး အဖြစ် ခေတ်သစ်သမိုင်းတွေကိုပါ ဆက်လက်ပြီးရေးထိုးပေးနေအုံးမှာပါ။
နေလုံးကြီး ပင်လယ်ဘက်မှာ ပျောက်ကွယ်ခဲ့လေပြီ။ ဆတ်ရိုးကျတံတားပေါ်ကကြည့်ရင် စစ်တွေ ညဟာ လျှပ်စစ်မီးအလင်းရောင်ကြောင့် အသက်ဝင်လှုပ်ရှားနေသလားလို့ ထင်မှတ်ရတယ်။ အလွမ်း၊ အဆွေး၊ အသောတွေမျိူးစုံနဲ့ ဆတ်ရိုးကျချောင်းကလေးကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တယ်။ စိတ်ထဲမှာတော့ ဒေးဝန်းကြီးရဲ့ မှာတမ်းထဲက
စာသားတစ်ချိူ့ကို ရွတ်ဆိုလိုက်မိရဲ့။“ ပညာနှင့်ဉာဏ်၊ သင့်စွာဖန်၍၊ တာဝန်မပျက်၊ သစ္စာရွက်လျက်၊ အသက်ကိုပီး၊ သွီးချောင်းစီးမှ၊ အပြီးကြံ့ခိုင်၊ နိုင်ငံတိုင်းမြို့၊ အစို့စို့နှင့်၊ ကိုယ်မြို့ ကိုယ့်ပြည်၊ ကိုယ့်ဌာနီကို၊ ရမည်မုချ၊ ဤလောကသည်။ အောက်ကျမခံချင်သောကြောင့်….”.(ဒေးဝန်းကြီး ဉီးအောင်ကျော်ရွီမှတ်တမ်းမှ)