
ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အမျိုးသမီး အကြမ်းမှုခံရမှု လေးခုရှိခဲ့ပါတယ်။ အဲဒီထဲမှာ သက်ငယ်မုဒိမ်းနှစ်ခုနဲ့ မုဒိမ်းမှုလို့ ယူဆရတဲ့ အမှုတစ်ခုကလည်း ပါဝင်နေပါတယ်။
ဒါ့အပြင် မနေ့ (အောက်တိုဘာလ ၇ ရက်နေ့) ကလည်း ပေါက်တောမြို့နယ်မှာ သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ ဇူလိုင်လ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ သက်ငယ်မုဒိမ်းမှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စွပ်စွဲခံရတဲ့သူကို အရက္ခပြည်သူ့အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယမန့်နေ့က ဦးခိုင်သုခက ထုတ်ပြန်ထားပါတယ်။
အမျိုးသမီးအကြမ်းမှုခံရမှု၊ အဓမ္မပြုကျင့်ခံရမှုတွေ လျော့နည်းသွားအောင် ဘာတွေလုပ်ဆောင် သင့်ပါသလဲ။ အဓမ္မပြုကျင့်ခံရမှုတွေများလာနေတဲ့ ရခိုင်ပြည်မှာ ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့အတွက် ရခိုင်လူထုတွေက တောင်းဆိုနေကြတာတွေကို ဆိုရှယ်မီဒီယာတွေအပေါ်မှာ တွေ့ရှိရပါတယ်။ ဒီလိုမျိုး ကျူးလွန်သူတွေကို သေဒဏ်ပေးလိုက်တာဟာ အမျိုးသမီး အဓမ္မပြုကျင့်ခံရမှုတွေ လျော့နည်းသွားဖို့အတွက် အဓိကအဖြေတစ်ခုလားဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှေ့နေတွေနဲ့ ရခိုင်ပြည်မှ လူမှုရေးတက်ကြွလှုပ်ရှားနေသူတွေကို မေးမြန်းတင်ဆက်ထားတာဖြစ်ပါတယ်။
VOX POP
အမျိုးသမီး တရားလွှတ်တော် ရှေ့နေတစ်ဦး
ပြည်သူတွေက ဒီလိုပြစ်မှုကျူးလွန်တာတွေကို သာမန်ဖြစ်ရိုးဖြစ်စဥ် တစ်ခုအနေနဲ့ မြင်လာကြ တယ်။ ဒီလိုမြင်တာဟာ ကောင်းတဲ့လက္ခဏာတစ်ခု မဟုတ်ဘူး။အလုပ်အကိုင်တွေ ရှားပါးတာကြောင့် လူတွေဟာ မကောင်းတဲ့အရာတွေ ပြုလုပ်ဖို့ ကြိုးစားလာကြတယ်။ ဒီလိုပြစ်မှုတွေကို သေဒဏ်ပေးတာထက်စာရင် ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးပေးတာက ပိုကောင်း မယ် ထင်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကလဲ ဒီလိုပြစ်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့တာတွေ ရှိတယ်။ ဒီလိုပြင်းထန်တဲ့ အပြစ်ပေးတာတွေကို လက်တွေ့မြင်ဖူးတယ်။ တရားစီရင်တဲ့အခါ ပြည်သူတွေအတွက် ပွင့်လင်းမြင်သာတဲ့ တရားစီရင်မှုတွေ ဖြစ်ဖို့လိုပါတယ်။
ကိုငွေလှိုင် (ရခိုင်လူငယ်တစ်ဦး)
သက်ငယ်မုဒိန်းမှုနဲ့ ပက်သက်ပြီးတကယ်လုပ်သင့်တာက Sex Education တွေ များများပေးဖို့လိုပါတယ်။ လူ့အသိုင်းအဝိုင်းမှာ ပညာရေးနဲ့ပတ်သက်ပြီးအားနည်းချက်တွေရှိနေတာက စပြီး ခုလိုကိစ္စတွေအထိ ဆိုးဆိုးရွားရွားကြုံလာရတာလို့ ပြောလိုပါတယ် ။ နောက်တခုက အပြစ်ပေးတဲ့ ဥပဒေပီပြင်ဖို့လိုတာပေါ့၊ တရားခံကို တရားခံဖြစ်ကြောင်းပြည်သူတွေသိအောင် မီဒီယာက သေသေချာချာ မကွယ်မဝှက်ဘဲထုတ်ပြန်သင့်တာပေါ့၊ အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီလူဟာ တရားခံဖြစ်တယ်ဆိုတာမျိုး ကျူးလွန်သူရဲ့ သိက္ခာပိုင်းကို ငဲ့ကွက်တာမျိုး မလုပ်ပဲ မျက်နှာတို့ဘာတို့ကို မဖျက်ဘဲ ကြေငြာတာမျိုးလုပ်သင့်တာပေါ့။ ပြည်သူလူထုက တရားခံကိုသိပြီးသား ဖြစ်နေတာတောင် ကျူးလွန်သူရဲ့ သိက္ခာပိုင်းနဲ့ မီဒီယာကျင့်ဝတ်ဆိုတာမျိုးကြီးနဲ့ ဖုံးဖိနေတာမျိုးတွေ မဖြစ်သင့်ဘူး။ ခုအနေထားက မုဒိန်းမှုဖြစ်တယ်ဆိုရင် ဘယ်ဒေသ ဘယ်ရွာက နစ်နာသူက ဘယ်သူပါဆိုတာမျိုး အတိကျသတင်းတွေမှာဖော်ပြကြပေမယ့် တရားခံရဲ့ Profile နဲ့ ဘယ်သို့ဘယ်လို အရေးယူလိုက်တယ်ဆိုတဲ့ သတင်းတွေကျတော့ လူထုဆီတိုက်ရိုက်မရောက်တာများတယ် ။
သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီးတော့ သမ္မတဦးဝင်းမြင့်လက်ထက်မှာ တရားခံကို တသက်တကျွန်းပြစ်ဒဏ်ပေးဖို့ ဥပဒေကို ပြင်ဆင်ခဲ့တာရှိပါတယ်။ ဒါက အစိုးရဘက်က ဥပဒေပြဌာန်းချက်ပေါ့၊ သေဒဏ်ပေးသင့်လား မပေးသင့်ဘူးလား ဆိုတာက အာဏာပိုင်အဖွဲ့အစည်းတွေမှာ ပြဌာန်းထားတဲ့ ဥပဒေအသက်ဝင်နေတာနဲ့ ဆိုင်ပါတယ်၊ အခုအချိန်ထိ ဒီလိုပြစ်မှုမျိုးကို ဘယ်လိုပြစ်ဒဏ်မျိုးပေးလဲဆိုတာ တိတိကျကျ ဘယ်သူမှ သိပုံမရပါဘူး။ ဒီတော့ လူတွေ့ရဲ့ လတ်တလောခံစားချက်အရ ပိုကဲတုန့်ပြန်ချင်တတ်တာမျိုး၊ တရားမျှတမှုဟာ သေဒဏ်ပဲ ဆိုတာမျိုး တောင်းဆိုကြတာပေါ့ ။
ရခိုင်ပြည်မှာက မုဒိန်းမှုတွေ တနေ့တခြားများများလာတယ်၊ အရေးယူဖမ်းဆီးထောင်ချတာမျိုးလည်းရှိတယ်။ ဒါပေမဲ့ ဒီလိုကိစ္စတွေပျောက်သွားတာမျိုးမရှိဘူး။ ဆက်ဖြစ်နေတုန်းပဲ ၊ တခုခုမှားနေတာလားဆိုတာမျိုး လူတိုင်းစဉ်းစားနိုင်တာပေါ့ ။
နောက်တခုက ကျုးလွန်သူကို ဘယ်လိုအပြစ်ပေးလိုက်ပြီလဲ။ နစ်နာသူက ဘယ်နည်းဘယ်ပုံဆက်လက်ရပ်တည်နေလဲ။ စိတ်ပိုင်းဆိုင်ရာကုစားပေးတာမျိုးတွေ၊ ပုံမှန်ဘဝပြန်လည်ရနိုင်ရဲ့လားစတဲ့ ကိစ္စတွေကို ထည့်စဉ်းစားပေးဖို့လိုပါတယ် ၊ နစ်နာသူက ဒီတိုင်းနစ်နာသွားတယ် တရားခံကတော့ အကျဉ်းသားဘဝနဲ့ အေးဆေးပဲ ဆိုတာတွေလည်း ဒီဘက်ခေတ်မှာ ကြားလာရတော့ ပြည်သူတွေဘက်က အသံထွက်လာတာလည်း မှားတယ်လို့ မဆိုနိုင်ပြန်ဘူး ။ သူတို့တွေ ဘာတွေဖြစ်သွားကြပြီလဲ ဆိုတဲ့ အဖြေကို တိတိကျကျသိရဖို့ကလည်း အရေးပါတယ့် ကိစ္စဖြစ်တယ်လို့ မြင်ပါတယ် ။
အမျိုးသမီး တက်ကြွလှုပ်ရှားသူ တစ်ဦး
အဓမ္မပြုကျင့်မှုဆိုတာကတော့ အမျိုးသမီး၊ အမျိုးသားတွေအပြင် နိုင်ငံတည်ဆောက်ရေးကာလ တွေမှာ နိုင်ငံရေးပရိယာယ်တွေနဲ့လဲ အများကြီး သက်ဆိုင်ပါတယ်။ ကျမတို့ ရခိုင်မှာက အခက်အခဲကာ လတွေကို အများကြီးရင်ဆိုင်ခဲ့ရတာတွေရှိတယ်။ ပထမတော့ ကိုဗစ်ရောဂါတွေဖြစ်တယ်။ ပြီးတော့ စစ်ပွဲတွေလဲ ပြင်းထန်လာခဲ့တယ်။ နောက်ဆုံး မိုခါဝင်တိုက်သွားတော့ ဒေသကလူတွေဟာ စိတ်ပိုင်းဆိုင် ရာ ထိခိုက်ဒဏ်တွေ အများကြီး ရှိပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုဖြစ်စဉ်တွေ အများကြီးရှိခဲ့ပါ တယ်။ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ နိုင်ငံတွေမှာတောင် ဒီလိုစိတ်ဒဏ်ရာတွေ ရရှိလာရင် ကိုယ့်ကိုကိုယ် သတ်သေတာမျိုးတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ ခိုးမှုတွေ၊ လုယက်မှုတွေ ဖြစ်တတ်ပါတယ်။ ကျမတို့ ရခိုင် မှာဆိုလို့ရှိရင် ပညာရေးဗဟုသုတတွေ အားနည်းတာကြောင့် ဒီလိုပြသနာတွေကို တားဆီးဖို့က တော်တော် ခက်ခဲတဲ့ အခြေအနေတွေမှာ ရှိပါတယ်။ ဒီလိုပြသနာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ က ဖြေရှင်းတဲ့အခါမှာ ပြည်သူတွေကို အကြောက်တရားသွင်းပြီး ဖြေရှင်းမှာလားပေါ့။ ဥပမာ အဓမ္မပြု ကျင့်မှုတွေကို သေဒဏ်ပေးတာမျိုးတွေပေါ့။ ဒီလိုပြစ်ဒဏ်မျိုးပေးလိုက်ရင် ပြသနာက ပြေလည်သွားမှာ လားပေါ့။ နောက်တစ်ခုက ပြည်သူတွေကို ကောင်းမွန်တဲ့ပညာရေးစနစ်တွေ ဖန်တီးပြီး ဒီလိုပြသနာတွေ လျော့နည်းအောင် လုပ်မှာလားပေါ့။ ပြည်သူတွေအနေနဲ့လဲ အသိပညာဗဟုသုတရှိဖို့လိုသလို နိုင်ငံရေး အကြပ်အတည်းတွေကို ဖြေရှင်းနေကြတဲ့ သူတွေကလဲ အကျိုးသက်ရောက်မှုရှိတဲ့ အပြစ်ပေးမှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလို ပြစ်မှုတွေကို လူသားဆန်ဆန် ဖြေရှင်းတာက ပိုပြီးထိရောက်နိုင်ပါ တယ်။ အဓမ္မပြုကျင့်မှုကို သေဒဏ်ပေးတာကတော့ အဖြေတစ်ခုမဟုတ်လို့ မြင်ပါတယ်။ နိုင်ငံရေး အကြပ်အတည်းအချိန် လူတွေကစိတ်ခံစားမှုတွေလိုက်ပြီး ဖြစ်ပေါ်လာတဲ့ အရာတစ်ခုလို့လဲ ပြောလို့ ရ ပါတယ်။ ဒီလိုအကြပ်အတည်းကာလတွေမှာ သက်ဆိုင်တဲ့အာဏာပိုင်တွေကတော့ အကြောက်တရားနဲ့ ထိန်းချုပ်တာပေါ့။ လူဆိုတာ သေရမှာကြောက်တဲ့သူ ချည်းပဲ။ သက်သေအခိုင်အမာနဲ့ ကျူးလွန်တဲ့ တရားခံအစစ်ကို မိလို့ သေဒဏ်ပေးရင်တော့ မျှတပါတယ်။ ဒါပေမဲ့ ကျူးလွန်တဲ့တရားခံအစစ်ကို မမိ တာကြောင့် သံသယတရားခံတွေကို စွပ်စွဲပြီး သေဒဏ်ပေးလိုက်မိရင်တော့ မကောင်းဘူးပေါ့။ ပြီးတော့ ကျမတို့မှာ တရားစီရင်ရေးအပိုင်တွေက အခိုင်အမာယုံကြည်လို့ ရပြီလားဆိုတဲ့ ပုံစံမျိုးတွေလဲ ရှိပါ တယ်။ တရားစီရင်ရေး ကဏ္ဍတွေမှာ ပြည်သူတွေ ပိုပြီးယုံကြည်မှုခိုင်မာလာအောင်ပြုလုပ်ပြီး အပြစ် ပေးတာမျိုးက ပိုပြီးထိရောက်မယ် ထင်ပါတယ်။
ကိုမင်းဘာချေ
နံပါတ်တစ်က အလွယ်တကူနဲ့ ဝယ်ယူသုံးစွဲနိုင်တဲ့ မူးယစ်ဆေးဝါးအကြောင်းကို အရင်ပြောရမယ်။ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲတဲ့သူတွေက ဒါတွေကို ဖြစ်ဖို့အတွက် ပိုများတယ်။ ဒါတွေမဖြစ်ဖို့အတွက် ပြည်သူတစ်ရပ်လုံးအပါအဝင် အစိုးရမှာလည်း တာဝန်ရှိတယ်။ ပညာရေးတွေလုပ်ရမယ်။ ထိထိရောက်ရောက်အရေးယူရမယ့် အပိုင်းတွေကိုလည်း လုပ်ဆောင်ရမယ်။
ဒါနဲ့ပတ်သက်ပြီးတော့ သေဒဏ်ပေးတယ်။ လူတစ်ဦးကို သတ်ပစ်တယ်ဆိုတာကတော့ ပြီးစလွယ်တော့ မဟုတ်ဘူး။ လူ့အခွင့်အရေးနဲ့လည်း မကိုက်ညီဘူးပေါ့။ ဒါပေမဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေကိုတော့ ပေးသင့်တယ်။ ဒါပေမဲ့ ပြည်သူတွေက သေဒဏ်ပေးဖို့အတွက် တောင်းဆိုတာတွေရှိတယ်။ ဒီဟာကိုလည်း လက်မခံဆိုပြီးတော့လည်း ပြောလို့မရဘူး။ ဒါပေမဲ့ အဲဒီဒေသမှာရှိတဲ့ အစိုးရရဲ့ ဥပဒေတွေ၊ ပြစ်ဒဏ်တွေကို ဘယ်လိုမျိုး စဉ်းစားမလဲ။ ပြည်သူတွေက ဘယ်လိုလက်ခံမလဲ။ နောက်ပြီးတော့ လူ့အခွင့်အရေး ရှုထောင့်က ဘယ်လိုလက်ခံမလဲ။ ဒါတွေကို စဉ်းစားရမယ်။ ကျူးလွန်တဲ့သူကို ပြစ်ဒဏ်ချမယ်ဆိုရင် ဘယ်လိုပြစ်ဒဏ်တွေကို ချမလဲဆိုတာကိုလဲ သေသေချာချာတော့ လုပ်ရမယ်။ သေချာတာကတော့ ပြည်သူတွေရဲ့ သဘောထားတွေနဲ့ အဲဒီဒေသမှာရှိတဲ့ တရားစီရေး၊ အုပ်ချုပ်နေတဲ့ အစိုးရတွေနဲ့ ညှိ့နှိုင်းတိုင်ပင်ပြီးတော့ လုပ်သင့်တယ်လို့တော့ မြင်တယ်။