The Akyab Post

    PenCraft ဆုရ A Little Boy On Ramree Island စာအုပ်အား ရေးသားသူနှင့် ဆက်သွယ်မေးမြန်းချက်

    A Little Boy On Ramree Island ကို ပူးတွဲရေးသားသူ၊ ရခိုင်အမျိုးသားစာရေးဆရာတစ်ဦးဖြစ်တဲ့ အောင်ဇေမင်းကို A Little Boy On Ramree Island စာအုပ်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားပါတယ်။

    PenCraft ဆုရ A Little Boy On Ramree Island စာအုပ်အား ရေးသားသူနှင့် ဆက်သွယ်မေးမြန်းချက်

    မေး - ဆရာလက်ရှိရေးသားထုတ်ဝေထားတဲ့ A Little Boy On Ramree Island စာအုပ်ကို ဘာကြောင့်ရေးဖြစ်ခဲ့တာလဲ။ ဒီစာအုပ်စရေးဖို့ စိတ်ကူးကို ဘယ်လိုရခဲ့တာလဲဗျ။

    ဖြေ - ရက္ခိုင်ပြည်၊ ရမ်းဗြဲကျွန်းပေါ်က မိသားစုတွေဟာ ၁၉၈၀ ပြည့်နှစ်လွန်တွေက ဘယ်လိုနေထိုင် ကျင်လည်ပြီး၊ ဘဝကိုဖြတ်သန်းခဲ့ရတယ်။ ယဉ်ကျေးမှုတွေ၊ ပွဲလမ်းသဘင်တွေ၊ ချစ်စရာဓလေ့ထုံးတမ်းတွေ စတဲ့ ဘယ်လိုဓလေ့စရိုက်တွေ ရှိခဲ့တယ်ဆိုတာကို ကြုံတွေ့သိရှိခွင့် မရနိုင်ကြတဲ့ ယနေ့မျိုးဆက်သစ် လူငယ်တွေအတွက် သိရှိလာနိုင်ဖို့ရည်ရွယ်ပြီးတော့ နောက်လာနောင်သားတွေအတွက် မှတ်တမ်း တင်နိုင်ဖို့ရယ်နဲ့ ကျွန်တော်တို့ရဲ့ ချစ်စရာတောဓလေ့သဘာဝကို ဘယ်လိုဖြတ်သန်းကြရတယ် ဆိုတာကို ကမ္ဘာ့စာပေစင်မြင့်ထက်ကို တင်ပြနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ A Little Boy On Ramree Island စာအုပ်ကို ရေးဖြစ်ခဲ့ပါတယ်။

    ဒီစာအုပ်စရေးဖို့ စိတ်ကူးဖြစ်လာတာကတော့ စာအုပ်ရဲ့အမှာစာမှာပြောထားတဲ့အတိုင်း ကျွန်တော့်ဇနီးက ရေးဖို့ အားပေးတိုက်တွန်းခဲ့ရာကနေ ရေးဖြစ်သွားခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုမှာ ၁၈၈၀ပြည့်လွန် နှစ်တွေက စာရေးဆရာမ Laura Ingalls Wilder က သူမရဲ့ ကြီးပြင်းကြုံတွေ့ခဲ့ရတာတွေကို ရေးသားထားတဲ့ Little House in the Big Woods စာအုပ်စီးရီးကို ဖတ်ကြည့်ဖြစ်တော့ ကျွန်တော်လည်း ကျွန်တော့်ငယ်ဘဝအကြောင်းကို စရေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ စာရေးဆရာမ Laura Ingalls Wilder က သူမရဲ့ဘဝနဲ့ သူမဖြတ်သန်းခဲ့တဲ့အကြောင်းကို ဂန္တဝင်စီးရီး စာအုပ် ၉အုပ်ရေးခဲ့ပြီးတော့ အမေရိကန်နဲ့ ကမ္ဘာ့စာပေလောကမှာ လူသိများပြီးတော့ မသိသူလည်း မရှိသလောက်ပါပဲ။

    မေး - ဆရာရဲ့ A Little Boy On Ramree Island စာအုပ်ထဲမှာရော ဘယ်လိုအကြောင်းအရာတွေက အဓိကပါဝင်သလဲဗျ။

    ဖြေ - စာအုပ်ထဲမှာက ရမ်းဗြဲကျွန်းသားလေးကိုကိုနဲ့ ကိုကိုတို့မိသားစုအကြောင်းကို အဓိက ရေးသားထားတာဖြစ်တယ်။ ရမ်းဗြဲကျွန်းမှာရှိတဲ့ ကျောက်တွေရွာက ဝါးအိမ်ကလေးထဲမှာ နေထိုင်ကြတဲ့ ကိုကို၊ ညီညီနဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဘာဘာနဲ့မေမေတို့ မိသားစုတစ်စုဟာ မိုးရာသီ၊ ဆောင်းရာသီ၊ နွေရာသီ သုံးရာသီစလုံးအတွက် ဘယ်လိုပြင်ဆင်နေထိုင်ကြပြီးတော့ ဘယ်လိုလုပ်ကိုင်စားသောက်ခဲ့ကြတဲ့ အကြောင်းအရာတွေကို စေ့စေ့စပ်စပ်ရေးသားထားတာဖြစ်တယ်။ ကျွန်တော့်ကို ညီအစ်ကိုနှစ်ယောက်ထဲမှာ အကြီးဆုံးဖြစ်လို့ ကိုကိုလို့ခေါ်ပြီးတော့ စာအုပ်တစ်ခုလုံးကို ကျွန်တော့်နဲ့ ကျွန်တော်တို့မိသားစုရဲ့ အလုပ်အကိုင်၊ နေထိုင်ကြုံတွေ့ခဲ့ရတဲ့ ငယ်ဘဝအတွေ့အကြုံတွေကို ရေးသားထားတဲ့ ( Memoir/ Biography) စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အခန်းပေါင်း (၃၄) ခန်းပါဝင်ပြီးတော့ စာမျက်နှာ ၃၀၀ကျော် ပါပါတယ်။ လိုက်ဖက်မဲ့ ပုံတွေကိုလည်း အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ရေးဆွဲပြီးထည့်ပေးထားပါတယ်။

    မေး - စာအုပ်ထုတ်ဝေတဲ့အပိုင်းတွေမှာရော အခက်အခဲတွေ ရှိခဲ့သေးလားဗျ။

    ဖြေ - Amazon မှာ ထုတ်ဝေဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် နည်းပညာပိုင်းတော့ တော်တော်လေးအချိန်ယူပြီးတော့ လေ့လာခဲ့ရပါတယ်။ မြန်မာပြည်မှာတော့ U Book Educations ကနေ ပြန်ပြီးတော့ ပုံနှိပ်ထုတ်ဝေ ထားပါတယ်။

    မေး - ဆုရရှိဖို့အတွက် ပြိုင်ခဲ့ရတာရော ရှိသလားဗျ။

    ဖြေ - PenCraft, International Book Award, Freeman Award ဆိုပြီးတော့ နိုင်ငံတကာဆု ၃ ဆုမှာတော့ ဝင်ပြိုင်ထားပါတယ်။ ဒီသုံးခုထဲက Pen Craft Best Book Award ဆုကို ရရှိတဲ့အကြောင်း Pen Craft Award ဆုပေးရေးအဖွဲ့က ပထမဆုံးအနေနဲ့ အကြောင်းကြား လာခဲ့တာဖြစ်ပါတယ်။

    မေး - Pen Craft Best Book Award ဆုရတာနဲ့ ပတ်သက်ပြီးတော့ ဘာတွေများပြောချင်တာရှိလဲဗျ။

    ဖြေ - ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့နဲ့ နာပျော်ဖွယ်လူနေမှုဘဝအကြောင်းကို ပြည့်ပြည့်စုံစုံ၊ စေ့စေ့စပ်စပ်တင်ပြနိုင်ဖို့ ကြိုးစားပြီး အချိန်အများကြီးပေးပြီးတော့ ရေးသားထားခဲ့ရတာဆိုတော့ အခုလို မထင်မှတ်ထားပဲ နိုင်ငံတကာစာပေဆုရွေးချယ်အဖွဲ့တစ်ခုက အသိမှတ်ပြုခံရတာကိုတော့ ဝမ်းသာမိပါတယ်။ အားလည်းတက်မိပါတယ်။

    မေး - A Little Boy On Ramree Island စာအုပ်ကို ရခိုင်လိုရော ပြန်ထုတ်ဝေဖို့ ရှိသလားဗျ။

    ဖြေ - မြန်မာလိုတော့ ဘာသာပြန်လို့ပြီးသွားပါပြီ။ မကြာခင်လတွေမှာ ထုတ်ဝေသွားဖို့ စီစဉ်သွားပါမယ်။ ရခိုင်လိုထုတ်ဝေဖို့ နည်းလမ်းတွေကိုလည်း ရှာနေပါတယ်။ လောလောဆယ်တော့ အတည်မပြုနိုင်သေးပါဘူး။ လုပ်တော့လုပ်ချင်ပါတယ်။

    မေး - ဒီစာအုပ်အပြင် အခြားရခိုင်အငွေ့အသက်ပါတဲ့ စာအုပ်တွေကိုရော ထုတ်ဝေဖို့ရှိသေးလားဗျ။

    ဖြေ - ဟုတ်ကဲ့ ထုတ်ဝေသွားဖို့ ရှိပါတယ်ခင်ဗျ။ ဒီနှစ်ထဲမှာ နောက်ထပ် မြန်မာ ရခိုင်အင်္ဂလိပ်( Bi lingual) နဲ့ တစ်အုပ်ထုတ်ဝေဖို့ရှိပါသေးတယ်။ အရင်ပထမဦးဆုံးထုတ်ဝေထားတဲ့ ရွှေတိဂုံဘုရားက ကြွက်ကလေး (The Shwedagon Pagoda Mouse) လိုမျိူး ကလေးစာအုပ်ဖြစ်ပါတယ်။ ရက္ခိုင်ယဉ်ကျးမှု အငွေ့အသက်ပါသလို မြန်မာယဉ်ကျးမှုနဲ့လည်း အကျူံးဝင်ပါမယ်။ အဲဒီစာအုပ်အကြောင်းကိုတော့ ပြီးခဲ့တဲ့လတွေက ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ခဲ့ပြခဲ့ပြီးဖြစ်ပါတယ်။

    မေး - ဒီစာအုက်နဲ့ ဆုရရှိမှုအပေါ်မှာ ရက္ခိုင်ပြည်သူလူငယ်တွေကိုရော ဘာတွေပြောချင်သလဲဗျ။

    ဖြေ - ဒီနေ့ခေတ်လူငယ်တွေမှာ အားတက်စရာတွေ၊ ခေတ်အားသာချက်တွေ အများကြီးတွေ့နေရပါတယ်။ နည်းပညာခေတ်ထူးကို ရောက်နေတော့ လူငယ်​တွေဟာ ဘယ်နေရာမှာပဲရောက်ရောက် ဖုန်း၊ အင်တာနက်တွေရှိနေတော့ ခေတ်မှာဖြစ်ပျက်တာတွေ၊ ကမ္ဘာ့သတင်းတွေ၊ ကမ္ဘာ့ခေတ်မှီ အတွေးတွေကနေအစ အချိန်နဲ့ တပြေးညီသိရှိနိုင် သင်ယူနိုင်ကြတာတွေဟာ တန်ဖိုးဖြတ်လို့ မရပါ။ ဖုန်းကိုယ်စီနဲ့ အင်တာနက်ကိုယ်စီ ရရှိနေကြတဲ့ခေတ်မှာ ဒါ​တွေကို အကျိူးရှိရှိအသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် အင်္ဂလိပ်စာ မသိတဲ့စကားလုံးတစ်လုံးကို ရှာဖို့အတွက်ဆိုရင် အဘိဓာန်လဲမရှိဘူး။ အထက်တန်းကျောင်းမှာလဲ အဘိဓာန်ရှိဖို့နေနေသာ စာကြည့်တိုက်တောင်မှ ကောင်းကောင်းမရှိဘူး။ ကိုယ့်ဆရာ​တွေကို မေးရတယ်။ ဆရာကိုမမေးရဲတဲ့ ဒုက္ခ၊ မေးဖို့အတွက်ကလည်း ဆရာတွေက အမြဲတမ်းအဆင်သင့် ရှိမနေတဲ့ ဒုက္ခတွေရှိပါတယ်။ ခုခေတ်မှာက ဖုန်းပေါ်နှိပ်လိုက်တာနဲ့ စကားလုံးရဲ့ အသံထွက်၊ အသုံးအနှုန်း၊ ဘယ်ကလာတဲ့ စကားလုံး၊ သဏ္ဍာန်တူတဲ့ စကားလုံးစတာတွေကို လွယ်လွယ်ကူကူနဲ့ ရှာလို့ရလာနိုင်ပြီ။ ဒါတွေဟာ သင်လိုသူတွေအတွက် အထူးအခွင့်အရေးကောင်းပါ။

    မျိူးဆက်သစ်လူငယ်တွေအတွက် ဆေးလိပ်၊ အရက်၊ မှုးယစ်ဆေးဝါးနဲ့ မကောင်းတဲ့အတုယူမှုတွေနောက်ကို မလိုက်ပဲ လမ်းမှန်ကိုရောက်အောင်သွားကြဖို့ အရေးကြီးပါတယ်။ မိဘအုပ်ထိန်းသူတွေနဲ့လည်း သူတို့တွေလမ်းမှန်ရောက်အောင် အထူးအလေးပေးပြီးတော့ သွန်သင်ဆုံးမပေးစေလိုပါတယ်။

    ကျွန်တော်တို့ဟာ ကမ္ဘာမှာတိုးတက်တဲ့နိုင်ငံတွေက လူတွေထက် အတွေးအခေါ်၊ ဉာဏ်ရည်ဉာဏ်သွေး မနိမ့်တဲ့အပြင် ပိုလို့တောင်သာဖို့ပဲရှိပါတယ်။ လူတိုင်းမှာ ပင်ကိုဗီဇစွမ်းရည်တွေကို အမြင့်ဆုံးထိရောက်အောင် သင်ယူကြိုးစားဖော်ထုတ်ခွင့် လူတိုင်းမှာ ရရှိနိုင်အောင်ဆောင်ရွက်ကြဖို့ လိုပါတယ်။ လူတိုင်းမှာ ကိုယ်ကျွမ်းကျင်ရာ၊ သန်စွမ်းရာ၊ စိတ်စွမ်းရည်တွေကို အကောင်းဆုံးနဲ့ အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်နိုင်တဲ့နေ့ဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာကြီးမားတဲ့ အဖရက္ခိုင်ပြည်ကြီးအတွက် အကောင်းဆုံးနေ့လို့ပဲ ဆိုရပါလိမ့်မယ်။

    အခုလိုပြည့်ပြည့်စုံစုံနဲ့ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။

    မေးမြန်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

    ဆက်စပ်အကြောင်းအရာများ