The Akyab Post

    မြင်းဂါရီခေတ်က မြောက်ဦးဘုရားဖူး

    ခေတ်တွေတဖြည်းဖြည်း တိုးတက်လာတဲ့အခါ စက်တပ်ယာဉ်တွေက မြင်းဂါရီကို အနိုင်ပိုင်းလိုက်ပါတယ်။ စက်တပ်ယာဉ်တွေဟာ အချိန်ကုန်သက်သာ လူပင်ပန်းသက်သာတာမှန်ပေမဲ့ မြောက်ဦးမြို့ရဲ့ နှလုံးသားအစိတ်အပိုင်းတစ်ခုကို ထုတ်ယူသွားသလို ခံစားမိပါတယ်။ တိုးတက်မှုရဲ့ နောက်ကွယ်မှာ ပျောက်ဆုံးသွားတဲ့ မြောက်ဦးမြို့ရဲ့ နှလုံးသားအစိတ်အပိုင်းလေးတစ်ခုဟာ ဒီနေ့ခေတ်မှာ ပြန်ရှာလို့မရတော့ပါဘူး။

    မြင်းဂါရီခေတ်က မြောက်ဦးဘုရားဖူး

    “မြောက်ဦး” ရခိုင်တို့ရဲ့ ရှေးဟောင်းအမွေအနှစ်မြို့တော်၊ ရှေးဟောင်း သမိုင်းဝင်ရွှေမြို့တော်။ ဒီလို ဂုဏ်ပုဒ်တွေနဲ့ ထင်ရှားတဲ့ ကျွန်မတို့မြောက်ဦးမြို့မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလတွေအထိ မြင်းဂါရီတွေ(မြင်းလှည်း)ကို အတော်များများ အသုံးပြုခဲ့ကြပါတယ်။

    ဧည့်သည်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆွေမျိူးတွေ အလည်ရောက်လာလို့ရှိရင် မြောက်ဦးမြို့တစ်ပတ် ဘုရားဖူးသွားကြတော့တဲ့အခါ မြင်းဂါရီတွေကို စီးပြီးတော့ သွားကြလေ့ရှိပါတယ်။

    ဘယ်လောက်အထိ မြင်းဂါရီတွေကို အသုံးများပြီးခဲ့သလဲဆိုရင် “မြင်းဂါရီချေစီးလို့ ဝေသာလီကို မင်းနဲ့ငါ ဘုရားဖူးလားရေအခါ… ပြောခရေစကား မိန့်ဗျာယ်လား၊ မိန့်နီစော်လာ မိန့်ကွန်စော်ဆောင်စော်လာ” ဆိုတဲ့ အဆိုတော် မြတ်ခိုင်ကျော်ရဲ့ သီချင်းဟာ လူတိုင်းပါးစပ်ဖျားမှာ စွဲခဲ့ရတဲ့ အထိပါပဲ။

    မြင်းဂါရီတစ်စီးမှာ လူခြောက်ယောက်လောက် ဆံ့ပါတယ်။ မြင်းဂါရီမောင်းတဲ့ အခင်(ဦးလေး)တွေကလဲ မြင်းဂါရီမောင်းဖို့ သန်မာတဲ့ မြင်းတွေကို အသုံးပြုကြပါတယ်။ မြင်းဂါရီကို အမိုးလုံလုံနဲ့ လုပ်ထားတဲ့အတွက် စီးတဲ့သူတွေအဖို့လဲ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေစီးနိုင်ပါတယ်။

    မြင်းဂါရီမောင်းတဲ့ ဦးလေးတွေဟာ မြောက်ဦးသမိုင်းအကြောင်း၊ မြောက်ဦးမင်းဆက်တွေအကြောင်း၊ မြောက်ဦးမှာရှိတဲ့ ဘုရားသမိုင်းအကြောင်းတွေ ကို သေချာလေ့လာထားကြပြီးတော့ မြင်းဂါရီနဲ့ လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေကို ရှင်းပြတတ်လေ့ရှိပါတယ်။

    သျှစ်သောင်းကိုရောက်တဲ့အခါ သျှစ်သောင်းဘုရားသမိုင်းအကြောင်း၊ မာရ်ငါးပါးကို ဖူးကြတဲ့အခါ မာရ်ငါးပါးသမိုင်းအကြောင်း၊ ဝေသာလီဘုရားကို ရောက်တဲ့အခါ ဝေသာလီခေတ်အကြောင်း၊ မြောက်ဦးမြို့မှာရှိတဲ့ အထင်ကရနေရာတွေရဲ့ သမိုင်းကြောင်းတစ်ခုချင်းစီကို ဘုရားဖူးရင်းနဲ့ ပြောပြတတ်ကြပါတယ်။ မြင်းဂါရီတစ်ခါသာ စီးဖူးပြီဆိုရင် မြောက်ဦးမြို့မှာရှိတဲ့ အထင်ကရနေရာတွေရဲ့ သမိုင်းကြောင်းတွေကို အကုန်လုံးနီးပါး အလွတ်ရတဲ့အထိပါ။

    သမိုင်းစာအုပ်ကို ဖတ်ပြီးမှတ်ရသလို မခက်ခဲစေဘဲနဲ့ စာနဲ့လက်တွေ့ပေါင်းပြီး ရှင်းပြပေးတတ်တဲ့ ဦးလေးကြီးတွေကြောင့် မြောက်ဦးမြို့ကို အလည်လာကြတဲ့ ဧည့်သည်တွေဟာ ရခိုင်သမိုင်းကြောင်းတွေနဲ့ ပိုရင်းနှီးသွားကြပါတယ်။ တစ်ချိူ့ ဧည့်သည်တွေဆို မြောက်ဦးမရောက်တာ နှစ်ပေါင်းများစွာ ကြာသွားပေမဲ့ သမိုင်းကြောင်းတွေကို မမေ့မလျော့ပဲ မှတ်မိနေကြဆဲပါ။

    ခေတ်တွေတဖြည်းဖြည်း တိုးတက်လာတဲ့အခါ စက်တပ်ယာဉ်တွေက မြင်းဂါရီကို အနိုင်ပိုင်းလိုက်ပါတယ်။ စက်တပ်ယာဉ်တွေဟာ အချိန်ကုန်သက်သာ လူပင်ပန်းသက်သာတာမှန်ပေမဲ့ မြောက်ဦးမြို့ရဲ့ နှလုံးသားအစိတ်အပိုင်းတစ်ခုကို ထုတ်ယူသွားသလို ခံစားမိပါတယ်။ တိုးတက်မှုရဲ့ နောက်ကွယ်မှာ ပျောက်ဆုံးသွားတဲ့ မြောက်ဦးမြို့ရဲ့ နှလုံးသားအစိတ်အပိုင်းလေးတစ်ခုဟာ ဒီနေ့ခေတ်မှာ ပြန်ရှာလို့မရတော့ပါဘူး။

    အခုခေတ်က ကားမောင်းသူတွေ၊ သုံးဘီး၊ တုတ်တုတ်မောင်းသူတွေဟာ အယင်ခေတ်က မြင်းဂါရီမောင်းတဲ့ ဦးလေးကြီးတွေလို မြောက်ဦးသမိုင်းကြောင်းတွေကို မပြောပြကြတတ်တော့ပါဘူး။ မြောက်ဦးမြို့ကို အလည်လာကြတဲ့ ဧည့်သည်တွေကို လိုက်ပို့တဲ့ ကားမောင်းသမား၊ တုတ်တုတ်မောင်းသမားတွေဟာ ဒီနေ့ခေတ်မှာ လိုက်ပို့ရုံသက်သက်ပဲ လုပ်လေ့ရှိကြပါတယ်။ အလည်လာကြတဲ့ ဧည့်သည်တွေဟာ မြောက်ဦးမြို့ရဲ့ သမိုင်းကြောင်းတွေကို နားမထောင်ဖူးကြပဲ အိမ်ပြန်သွားကြရပါတယ်။

    မြောက်ဦးမြို့ရဲ့ သမိုင်းကြောင်းတွေကို သိချင်ရင် စာအုပ်စာပေထဲမှာ လှန်လှောဖတ်ရှုနိုင်ပေမဲ့ အစဉ်အလာတစ်ခုလို ဖြစ်ခဲ့တဲ့ မြောက်ဦးမြို့ရဲ့ မြင်းဂါရီယဉ်ကျေးမှုကို လွမ်းမိတာအမှန်ပါပဲ။ မြင်းဂါရီတွေကို ပိုပြီးလွမ်းရတဲ့ အကြောင်းအရာတွေထဲမှာ ငယ်ဘဝအိမ်မက်တစ်ခုကို မဖြည့်ဆည်းနိုင်ခဲ့တာပါ။ ကျွန်မရဲ့ ငယ်ဘဝအိမ်မက်ထဲမှာ မြင်းဂါရီစီးပြီးတော့ မြောက်ဦးမြို့တစ်ပတ်ဘုရားဖူးမယ်ဆိုတဲ့ အိမ်မက်ဟာ အခုအချိန်မှာတော့ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။

    အတိတ်ကာလကိုသာ ပြန်သွားလို့ရမယ်ဆိုရင် မြင်းဂါရီစီးပြီးတော့ မြောက်ဦးမြို့တစ်ပတ်သွားချင်ပါသေးတယ်။ မြင်းဂါရီမောင်းတဲ့ ဦးလေးတွေပြောတဲ့ ရခိုင်သမိုင်းကြောင်းတွေ၊ ဘုရားသမိုင်းတွေ၊ မြောက်ဦးခေတ်အကြောင်းတွေကိုလဲ ပြန်နားထောင်ချင်ပါသေးတယ်။

    တဂ်တပ်ထားသော

    ဆက်စပ်အကြောင်းအရာများ