The Akyab Post

    စစ်တွေစောနောင် ၊ သိပ္ပံဝတ္ထုနှင့် ရခိုင်လူ့အဖွဲ့အစည်း

    လူ့အဖွဲ့အစည်းတစ်ခုမှာရှိတဲ့ အတွေးအခေါ်နဲ့ လူနေမူအဆင့်အတန်းကို ကြည့်ရင်၊ လူ့အဖွဲ့အစည်းရဲ့အနုပညာအဆင့်အတန်းကို သိနိုင်တယ်။ အနုပညာဖန်တီးမှုတွေထဲမှာ ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊နေ့စဉ်လူနေမူဘဝအကြောင်းတွေဟာ ထင်ဟပ်နေတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဘယ်အနုပညာအမျိူးအစားကို လူတွေကကြိုက်ကြသလဲ၊ အနုပညာနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့စံနှုန်းတွေဟာ ဘာတွေလဲ စသဖြင့် အနုပညာနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ချို့ကို အပြန်အလှန် မေးခွန်းထုတ်ဖို့လိုအပ်တယ်။ ခေတ်၊ သက္ကရာဇ်တွေ ပြောင်းတိုင်းမှာ အနုပညာနဲ့ပတ်သက်ပြီး လက်ခံထားတဲ့ စံနှုန်းတွေ ဥပဒေသတွေဟာ ပြောင်းလဲလာလေ့ရှိကြတယ် ။

    စစ်တွေစောနောင် ၊ သိပ္ပံဝတ္ထုနှင့် ရခိုင်လူ့အဖွဲ့အစည်း

    ငရိန်းချမ်းရေးသားသည်။


    လူ့အဖွဲ့အစည်းတစ်ခုမှာရှိတဲ့ အတွေးအခေါ်နဲ့ လူနေမူအဆင့်အတန်းကို ကြည့်ရင်၊ လူ့အဖွဲ့အစည်းရဲ့အနုပညာအဆင့်အတန်းကို သိနိုင်တယ်။ အနုပညာဖန်တီးမှုတွေထဲမှာ ကျွန်တော်တို့ရဲ့အတွေးအခေါ်၊နေ့စဉ်လူနေမူဘဝအကြောင်းတွေဟာ ထင်ဟပ်နေတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဘယ်အနုပညာအမျိူးအစားကို လူတွေကကြိုက်ကြသလဲ၊ အနုပညာနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့စံနှုန်းတွေဟာ ဘာတွေလဲ စသဖြင့် အနုပညာနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ချို့ကို အပြန်အလှန် မေးခွန်းထုတ်ဖို့လိုအပ်တယ်။ ခေတ်၊ သက္ကရာဇ်တွေ ပြောင်းတိုင်းမှာ အနုပညာနဲ့ပတ်သက်ပြီး လက်ခံထားတဲ့ စံနှုန်းတွေ ဥပဒေသတွေဟာ ပြောင်းလဲလာလေ့ရှိကြတယ်။


    ဒါတွေဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အတွေးအခေါ်ပြောင်းလဲလာမှု၊ လူမှုဘဝအပြောင်းအလဲတွေနဲ့ သက်ဆိုင်နေတယ်။ကျွန်တော်တို့ ရခိုင်လူ့အဖွဲ့အစည်းမှာ အနုပညာနဲ့ ပတ်သက်ပြီးသတ်မှတ်ထားတဲ့ အခြေခံစံနှုန်းတွေဟာရခိုင်ဖြစ်ခြင်းနဲ့အစပြုပြီး ရခိုင်အငွေ့အသက်ပါခြင်းမပါခြင်းနဲ့ ဆုံးဖြတ်လေ့ရှိကြတယ်။ ဥပမာ-ရခိုင်အငွေ့အသက်ပါသည်နှင့် အနုပညာလက်ရာတစ်ခုအဖြစ် သတ်မှတ်၍ ရပြီလား။ ရခိုင်ဘာသာစကားနဲ့ ရေးထားတိုင်း အနုပညာလက်ရာတစ်ခုပါလို့ စံသတ်မှတ်ပြ၍ ရပြီလား။ ဒီမေးခွန်းတွေဟာ ဖန်တီးတဲ့သူတွေရော စာဖတ်ပရိတ်သတ်တွေကိုပါ မဖြစ်မနေမေးရမဲ့ မေးခွန်းတွေဖြစ်တယ်။ ရခိုင်ဘာသာစကားနဲ့ရေးထားတဲ့ စာပေလက်ရာအမျိူးအစားတွေကို ခွဲခြမ်းကြည့်မယ်ဆိုရင်လည်း ဆိုရှယ်လစ်သရုပ်မှန်နဲ့ အမျိုးသားရေးကို အခြေခံပြီး ရေးသားထားတဲ့ အကြောင်းအရာတွေ ပိုများကြတယ်။


    စာရေးကြတဲ့ သူတွေကိုယ်တိုင်က သမိုင်းကြောင်းဆိုင်ရာ အရေးအသားတွေကို ပိုပြီးနှစ်နှစ် ခြိုက်ခြိုက်ရေးလေ့ရှိကြတယ်။ ဖန်တီးစာမဟုတ်တဲ့ အရေးအသားတွေနဲ့ ရသစာပေဆိုတာ လုံးဝမတူကွဲပြားတာကို လက်မခံကြပဲ စာပေလက်ရာတွေကို ရောထွေးလိုက်ကြတယ်။ ဂန္တဝင်ဝတ္ထုရှည် တစ်ပုဒ်ပြပါဆိုရင် အခုထက်ထိလက်ဆုပ်လက်ကိုင်ပြရမဲ့လက်ရာမရှိစလောက်။ အစဉ်အလာဆန်တဲ့ အယူအဆတွေကြားမှာ ရခိုင်စာပေဟာ ဘာလဲ၊ ဘယ်အရာကို ခေါ်သလဲဆိုတာအသေအချာ

    ပြန်ပြီး မေးခွန်းထုတ်ရမယ်။ စာပေရပ်ဝန်းထဲမှာ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေများနေတာဟာ ကောင်းတဲ့ လက္ခဏာတစ်ရပ်တော့ မဟုတ်ဘူး။ လွယ်လွယ်စဉ်းစားကြည့်ရင် သမိုင်းဆိုတာအတိတ်ကိုညွှန်ပြနေတာဖြစ်တယ်။ အတိတ်ကအကြောင်းအရာတွေကို အစဉ်တစိုက်ဖော်ထုတ်တင်ပြနေတာဟာသမိုင်းကြောင်းဆိုင်ရာအချက်အလက်တွေထဲမှာ ပိတ်မိနေတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ဟာရပ်တန့်ပြီးတော့ မနေတဲ့ လူသားတွေဖြစ်တယ်။ လက်ရှိပစ္စုပ္ပုန်မှာ ရပ်တန့်ကာ အတိတ်က အတွေးအခေါ်ဟောင်းတွေနဲ့ ရှင်သန်မကျန်ရစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့လိုအပ်တယ်။ ခေတ်ပြိုင်ကမ္ဘာကြီးက ပြိုင်ဆိုင်မူတွေဟာ ခေတ်ဟောင်းမှာထက် ပိုပြီးပြင်းထန်လာကြတယ်။


    စာပေနဲ့အနုပညာကိုဖန်တီးသူတွေဟာလည်း အချိန်ကာလတစ်ခု(ဝါ) အယူအဆတစ်ခုတည်းကို

    လက်ကိုင်ပြုထားပြီး နေရမဲ့ခေတ်တစ်ခုမဟုတ်တော့ဘူး။ ဒီနေရာမှာ အနုပညာကို ဘယ်အကြောင်းအရာတွေနဲ့ဖန်တီးသင့်တယ်၊ ဘယ်အကြောင်းအရာတွေနဲ့ မဖန်တီးသင့်ဆိုပြီးပြစ်တင်နေခြင်းမျိူးမဟုတ်ဘူး။ ခေတ်ပြိုင်လူ့အဖွဲ့အစည်းကို မြင်အောင်ကြည့်တတ်ဖို့ရန်နဲ့

    အနာဂတ်လူ့အဖွဲ့အစည်းကို ပုံဖော်ကြည့်တဲ့အခါမှာလည်း ခေတ်နဲ့လျော်ညီတဲ့ အတွေးအခေါ်တွေနဲ့သာပုံဖော်ကြည့်တတ်ဖို့ လိုအပ်ကြောင်း အကြံပေးနေခြင်းသာဖြစ်တယ်။ အနာဂတ်ကို ပုံဖော်တဲ့အခါမှာလည်း ကျိူးကြောင်းဆင်ခြင်မူ သင့်လျော်ပြီး သိပ္ပံနည်းကျတဲ့ အတွေးအခေါ်တွေနဲ့သာယုတ္တိကျကျစဉ်းစားကြည့်နိုင်ဖို့ လိုအပ်ပြန်တယ်။


    နေ့စဉ်လူနေမှုဘဝထဲမှာ ကျွန်တော်တို့ အားလုံးဟာ အနုပညာဖြင့် နည်းလမ်းပေါင်းစုံဆက်သွယ်နေကြတယ်။ အနုပညာဟာ လူသားတွေကို အတွေးအခေါ်သစ် ခံစားမူအသစ်တွေပြောင်းလဲပေးနိုင်တဲ့ ဒိုင်းနမစ်ဆန်တဲ့ အင်အားတစ်ခုလို့တောင် တင်စားပြီးပြောလို့ရတယ်။ အနုပညာကပေးတဲ့ အတွေးအခေါ်သစ်တွေကြောင့်သာ လူသားတွေဟာ ပိုပြီးစဉ်းစားချင့်ချိန်လာကြပြီးတီထွင်ဆန်းသစ်မူအသစ်တွေ ပြုလုပ်လာကြတာဖြစ်တယ်။ တီထွင်ဆန်းသစ်မူတွေဟာ စိတ်ကူးစိတ်သန်းကောင်းတွေဆီကနေ စပြီး မြစ်ဖျားခံလာကြတာ။ ဒီလိုစိတ်ကူးစိတ်သန်းကောင်းတွေရရှိဖို့အတွက်ဆို ကျွန်တော်တို့လူ့အဖွဲ့အစည်းကနေပြီး ဖန်တီးပေးဖို့လိုအပ်တယ်။


    စိတ်ကူးစိတ်သန်းကောင်းများရှိဖို့အတွက်ဆို ပညာရေး အင်စတီကျူးရှင်းနဲ့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ထဲက အနုပညာနယ်ပယ်ထဲမှာ သိပ္ပံအတွေးအခေါ်တွေဟာမရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပဲ။ ဒီလိုမှသာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အနာဂတ်ကို နောက်မျိုးဆက်သစ်တွေက ရဲရဲဝံ့ဝံ့ စိတ်ကူးယဉ်ရဲကြမှာ။ သိပ္ပံနဲ့ယဉ်ပါးပြီး တီထွင်ဆန်းသစ်မူ အသစ်တွေကို ပိုပြုလုပ်လာကြမှာဖြစ်တယ်။

    အနောက်တိုင်းလူ့အဖွဲ့အစည်းမှာ သိပ္ပံဝတ္ထုကို Science fiction (Sci-Fi) လို့ ခေါ်ကြတယ်။ တစ်ချို့

    ဝေဖန်ရေးဆရာတွေကလည်း သိပ္ပံဝတ္ထုဟာ Futurism အနာဂတ်ဝါဒလက်ရာအမျိုးအစားတွေ ဖြစ်ကြတယ်လို့တောင် သတ်မှတ်လေ့ရှိကြတယ်။ ရီနေဆန်းခေတ်မတိုင်မှီခေတ်ကနေ လူသားတွေဟာကောင်းကင်ပေါ်က ကြယ်တွေ လတွေကိုကြည့်ပြီးတော့ စကြာဝဠာထဲမှာ လူသားတွေလို အခြားသက်ရှိမျိူးစိတ်တွေ ရှိနိုင်မရှိနိုင်ဆိုပြီး စိတ်ကူးယဉ်ငြင်းခုန်ခဲ့ကြတယ်။ ဒီအချိန်ကနေစပြီးတော့ လူသားတွေဟာ သိပ္ပံဝတ္ထုတွေ စရေးဖို့အတွက် အိုင်ဒီယာအသစ်အဆန်းတွေ ရလာကြတာဖြစ်တယ်။


    အစောဆုံး သိပ္ပံဝတ္ထုလို့ ပြောလို့ရတဲ့ True History စာအုပ်ကို Lucian က အလယ်ခေတ်မတိုင်မှီကာလ အေဒီ ၂ ရာစုကနေစပြီးရေးခဲ့တယ်။ ဒီဝတ္ထုထဲမှာ မြန်မာအခေါ် လနတ်သားနဲ့ နေနတ်သားတို့ကြားက တိုက်ပွဲကို သရုပ်ဖော်ဖို့ ကောင်းကင်ထက်ကို ခရီးသွားတဲ့ သူတစ်ယောက်အကြောင်း ရေးထားတာ။ နောက်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ The Tale of the Bamboo cutter ဂျပန်သိပ္ပံဝတ္ထုမှာလည်း လနတ်သမီးဖြစ်တဲ့ ကာဂူယာဟာ လကနေပြီးတော့ ကမ္ဘာကို ဆင်းသက်လာတဲ့ အကြောင်းကို ရေးထားတာဖြစ်တယ်။ ဒီလက်ရာတွေဟာ အစောပိုင်းလက်ရာတွေဖြစ်ပြီးတော့ လူသားတွေကို သိပ္ပံဝတ္ထုတွေနဲ့ ပထမဆုံးမိတ်ဆက်ပေးခဲ့တဲ့ ဝတ္ထုတွေလည်းဖြစ်တယ် ။ သိပ္ပံဝတ္ထုတွေထဲမှာ လွှမ်းမိုးမှုအရှိဆုံးက Tales from the thousands and one night trilogy စာအုပ်ပါပဲ။ မြန်မာလို သခင်ဘသောင်းနဲ့ ဆရာကျော်လှိုင်ဦးတို့က အသီးသီးဘာသာပြန်ဆိုခဲ့ပြီးတော့ ဖတ်ရှုသင့်တဲ့စာအုပ်ကောင်းတစ်ခုလည်းဖြစ်တယ်။


    သိပ္ပံဝတ္ထုတွေအများစုကို ၁၈ ရာစုကုန် ၁၉ ရာစုအစပိုင်းလောက်မှာ စာရေးဆရာတွေက ပိုမိုအလေးထားပြီးရေး လာကြတယ်။ ဒီအချိန်ဟာ ဥရောပမှာစက်မူတော်လှန်ရေးနဲ့ လူမှုတော်လှန်ရေးတွေ အပြိုင်အဆိုင် ပေါ်ပေါက်ခဲ့တဲ့ အချိန်ကာလလည်းဖြစ်တယ်။ ၁၈ ရာစု အစောပိုင်းက Mary Shelley ရေးတဲ့ Frankenstein ဝတ္ထုတွေဆို လူကြီးတွေရော လူငယ်တွေကိုပါ ဒီကနေ့ခေတ်အထိ လွှမ်းမိုးနေဆဲဖြစ်တဲ့သိပ္ပံဝတ္ထုတွေဖြစ်တယ်။ အခြားနာမည်ကြီး သိပ္ပံဝတ္ထုရေးစာရေးဆရာတွေဖြစ်ကြတဲ့ H.G. Wells, Jules Verne, Sir Arthur Conan Doyle တို့ဆို ဒီကနေ့ခေတ်မှာ ဂန္တဝင်သိပ္ပံဝတ္ထုရေးစာရေးဆရာတွေအဖြစ် အသိမှတ်ပြုထားကြပြီးလည်းဖြစ်ပါတယ်။


    ဒီနေရာမှာ ရခိုင်လူမျိုး စာရေးဆရာဖြစ်တဲ့ ဆရာစစ်တွေစောနောင်ရေးတဲ့ အငှားခန္ဓာမြောင်ရပြီနှင့် အခြားဝတ္ထုတို များစာအုပ်ကိုစာပီလီညှင်း ရွေ့လျားစာကြည့်တိုက်က ရှာလို့ရခဲ့တယ်။ ရခိုင်ဝတ္ထုတိုအရေးအသားတွေရဲ့ ခေတ်ဦးပိုင်းမှာ ဒီလို သိပ္ပံဝတ္ထုအရေးအသားတွေ ရှိနေခဲ့တာဟာ ဂုဏ်ယူစရာတစ်ခုလို့တောင် ပြောလို့ရတယ်။ စာအုပ်ထဲမှာ ဝတ္ထုတို ၈ ပုဒ်ပါပြီး အများစုဟာ သိပ္ပံဝတ္ထု သိပ္ပံအရေးအသားတွေဖြစ်ကြတယ်။ ၁၉၈၆ ခုနှစ်ကနေ ၉၀ ဝန်းကျင်တွေက ရခိုင်မဂ္ဂဇင်းတွေမှာ ဖော်ပြခံခဲ့ရတဲ့ဝတ္ထုတိုတွေဖြစ်ပြီး အခုဆို စစ်တွေစောနောင်ရဲ့ ကလောင်အမည်ကို သိတဲ့သူမရှိသလောက်ဖြစ်သွားကြပါပြီ။ ဒါဆိုဘာဖြစ်လို့ သေပြီးသူတစ်ယောက်ကို အသက်သွင်းရသလဲဆိုလျှင် အခြေအနေက တောင်းဆိုလို့ ခေတ်က တောင်းဆိုလို့ ။ စာဖတ်သူတွေရဲ့ နှလုံးသားက တောင်းဆိုလို့ဖြေရမှာဖြစ်တယ်။


    စစ်တွေစောနောင်ရဲ့ သိပ္ပံဝတ္ထုတွေကို ပြန်မကြည့်ခင် သူတို့ခေတ်ကို အရင်ဆုံးကြည့်ရလိမ့်မယ် ။

    ခေတ်ရဲ့အနေအထားအရ ဆိုရှယ်လစ်သရုပ်မှန်ဝါဒီနဲ့ အမျိူးသားရေးဆန်တဲ့ အရေးအသားတွေသာ

    အနုပညာလက်ရာဖြစ်တယ်လို့ ခံယူထားကြတဲ့ အနေအထားကိုတွေ့ရမှာပါ။ ဒီလို အချိန်ကာလမျိူးမှာ စစ်တွေစောနောင်ရေးတဲ့ သိပ္ပံဝတ္ထုတိုတွေဟာ အသိမှတ်ပြုမခံရတာ အဆန်းတကြယ်တော့မဟုတ်ဘူး။ အရာရာမှာ အမျိုးသားရေးအသိနဲ့ သရုပ်မှန်ကိုသာ ဖော်ထုတ်ပြခဲ့ရတဲ့ ခေတ်မှာ စစ်တွေစောနောင်ရဲ့ သိပ္ပံဝတ္ထုတွေဟာ အစဉ်အလာတွေကို အတိုင်းအတာတစ်ခုထိ တော်လှန်ပြခဲ့တဲ့

    လက်ရာအမျိူးအစားတွေပဲ။


    စစ်တွေစောနောင်ရဲ့ သိပ္ပံဝတ္ထုတစ်ချိူ့ကို ကျွန်တော်တို့ပြန်ကြည့်ကြရအောင် ။ သူ့ဝတ္ထုတွေထဲက“မနုဒေဝ”ဝတ္ထုမှာဆို ကမ္ဘာဂြိုလ်မှာ နျူကလီယားစစ်ပွဲမဖြစ်ရေးအတွက် အခြားဂြိုလ်တစ်ခုက

    တားဆီးဖို့ရောက်ရှိလာတဲ့ ဂြိုလ်သားတစ်ယောက်ရဲ့ ခရီးအကြောင်းကို ရေးထားတာပဲ ။ ဝတ္ထုထဲက

    စာသားအနည်းငယ်ကို ပြန်ကြည့်မယ်ဆိုလျှင် “ယင်းအချိန်မှာ ရေနုဝတီသည် အသက်ခြောက်ဆယ်နီးနီး အရွယ်အိုမင်းနေရော့မည်။ ချစ်သူတို့၏နုပျိူသော နှစ်များကို ကျွန်ုပ်၏ အာကာသ ခရီးစဉ်က လုယက်ဝါးမျိူပြီးဖြစ်မည် မဟုတ်ပါလော။ အခြားတစ်ဘက်တွင် ဗြာမင်ဂြိုလ်သို့ ရောက်ရှိလာသောအခါ ကျွန်ုပ်သည် အသက်သုံးဆယ်အရွယ်မျှသာ ရှိဉီးမည် ။ ၅၂ဆက်မြောက် လူသားမျိူးဆက်ဝင်များနှင့် ရွယ်တူဖြစ်နေမည် ။ အလင်းအလျင်နှုန်း၏ ဆယ်လီစိတ်ကိန်း တစ်ခုခု (ဒဿမ၊ လနတစ်ခုခု) ဖြင့် ခရီးသွားနေလျှင် အိုမင်းရင့်ရော်မူကို တုံ့ဆိုင်းစေသည်ဟု သိပ္ပံပညာက တွေ့ရှိထားပြီ မဟုတ်ပါလား”။အချိန်ခရီးသွား ၊ အလင်း၏အမြန်နှုန်း စတဲ့ စာသားတွေပါလာတယ် ။ ဒီစာသားတွေဟာသိပ္ပံဝတ္ထုတွေမှာသာ အများဆုံးတွေ့ရတဲ့ စာသားတွေဖြစ်တယ်။ နောက်ဆုံးဝတ္ထုရဲ့အဆုံးသတ်မှာ မသေချာမရေရာမှုနဲ့ စာဖတ်သူကိုမေးခွန်းထုတ်ထားတယ်။


    “အာကာသမှလာသောသူကို မိတ်ဆွေအဖြစ် လက်ခံကြမည်လား ။ ရန်သူအဖြစ် တင်ကြိုလက်ဦးမှုရယူပြီး ချေမှုန်းပစ်ကြလေမည်လား”။ မရေရာမသေချာမူတွေဟာ သိပ္ပံသဘောတရားရဲ့ အခြေခံနည်းစနစ်ဖြစ်တယ် ။ ဒီအရာကို သေချာကြောင်းပြဖို့ တိကျတဲ့ သက်သေပြချက်တွေ လိုအပ်တယ် ။ ဒီအရာတွေသာရင် သိပ္ပံဖြစ်တယ် ။ စစ်တွေစောနောင်ဟာ ဒီနေ့ခေတ် ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ နျူကလီးယားနဲ့ အခြားဂြိုလ်တွေပေါ်က စိန်ခေါ်မူတွေကို ကြိုတင်မြင်ယောင်ခဲ့တဲ့ အနာဂတ်ဝါဒီစာရေးဆရာတစ်ဦးလည်းဖြစ်နေပြန်တယ်။


    သူ့ရဲ့ နောက်ဝတ္ထုတိုတွေဖြစ်တဲ့ အငှားခန္ဓာမြှောင်ရပြီနှင့် မံမီချစ်သူဝတ္ထုတွေဟာလည်း သိပ္ပံဝတ္ထုလက်ရာ အမျိူးအစားတွေဖြစ်ကြတယ်။ မံမီချစ်သူဝတ္ထုမှာဆိုရင် အသက်သေဆုံးသေသွားတဲ့ ချစ်သူမံမီရုပ်ကလာပ်ဆဲလ်ထဲကို ဖန်ပြွန်သန္ဓေထည့်ပြီး ခေတ်သစ်သိပ္ပံဆေးပညာနဲ့အစားထိုးကုသတဲ့အကြောင်းကိုရေးထားတာဖြစ်တယ်။ ဒီဝတ္ထုထဲက ကူဖူးအာတွန်ဇာတ်ကောင်ဟာဆေးပညာနဲ့ မသေဆေးလို့ခေါ်လို့ရတဲ့ ဇီဝရုပ်ကလပ်စည်းတို့ကို အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်နိုင်တဲ့ဆေးပညာကိုရှာဖွေတွေ့ရှိခဲ့တယ်။ ဇီဝဆေးကို မိရိုဖလာဆေးပညာကနေရရှိခဲ့တဲ့ ကူဖူးအာတွန်ဟာ ဒီဆေးကို သောက်သုံးပြီး ရုပ်ကလပ်ဆဲလ်ကို မအိုအောင်ထိန်းထားနိုင်ခဲ့တယ်။


    သူရဲ့ဆေးပညာကုသမှုတွေနဲ့ သူ့ချစ်သူကို အသက်ပြန်သွင်းနိုင်မည်လို့ သူယူဆထားတယ်။ ဒါပေမဲ့ သူရဲ့ယူဆချက်တစ်ချိူ့ကို ခေတ်သစ်ဆေးသိပ္ပံပညာက ချေမှုန်းပြီး ခေတ်သစ်ဆေးပညာရဲ့ ရှာဖွေတွေ့ရှိမူတွေကို သူလက်ခံလာခဲ့တယ်။ ဒီဝတ္ထုထဲက အကြောင်းအရာတွေဟာ ဒီကနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ ဖန်ပြွန်သန္ဓေအကြောင်း အချက်အလက်တွေကို ကိုးကားရေးထားတာဖြစ်တယ်။ စစ်တွေစောနောင်ရဲ့ သိပ္ပံဝတ္ထုတွေထဲက ဆက်စပ်အကြောင်းအရာတွေဟာ ဒီကနေ့ခေတ်အတိုင်းအတာအထိ ခေတ်ရှေ့ပြေးနေတာကို ကျွန်တော်တို့တွေ့ရနိုင်တယ်။


    ကျွန်တော်တို့ဆီမှာ သိပ္ပံဝတ္ထုတွေအစောပိုင်းကာလတစ်ခုမှာ ပေါ်ပေါက်ခဲ့ပြီး ဘာဖြစ်လို့ အခုအချိန်မှာ မျိူးတုန်းသလို ပျောက်သွားရတာလဲဟု မေးစရာမေးခွန်းတစ်ခုရှိလာတယ်။ စာရေးစာဖတ်တွေသူတွေ ကိုယ်တိုင်က သိပ္ပံဝတ္ထုတွေကို အစဉ်တစိုက် ဖတ်ရှုမှုအားနည်းပြီး သိပ္ပံပညာရဲ့ အရေးပါမူကို ရိုးရာအစဉ်လာ စာပေတွေလောက် ဦးစားမပေးခဲ့တာတွေကြောင့် သိပ္ပံစာပေအမျိူးအစားဟာ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရတယ်။


    နောက်အကြောင်းအရာတစ်ခုကတော့ သိပ္ပံပညာနဲ့အလှမ်းကွာဝေးတဲ့ လူ့အဖွဲ့အစည်းရဲ့ ပညာရေးစနစ်ရဲ့ အားနည်းချက်နဲ့လည်း သက်ဆိုင်နေတယ်။ သိပ္ပံဝတ္ထုတွေကိုလူဖတ်နည်းလာကြတာ၊ သိပ္ပံဝတ္ထုတွေရဲ့ အရေးပါမူကို အလေးမထားကြတာတွေဟာ သိပ္ပံနဲ့ မရင်းနှီးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်နေတယ်လို့ ဖော်ပြနေတာနဲ့ တူတူပါပဲ။ သိပ္ပံဝတ္ထုတွေမှာ ပါရှိတဲ့ မရေရာမသေချာမူနဲ့ တစ်ချိူ့မေးခွန်းတွေဟာ စာဖတ်သူတွေရဲ့ အတွေးအခေါ်တွေကို ပုံမှန်ဝတ္ထုတွေမှာလို အစဉ်အလာဆန်ဆန် ဇာတ်ကြောင်းပြောပြမှာ မဟုတ်ပဲ စာဖတ်သူတွေရဲ့ သိမူနဲ့ အတွေးအခေါ်တွေကို မေးခွန်းထုတ်လာမှာ ဖြစ်တယ်။ သိပ္ပံဝတ္ထုတွေဖတ်ပြီး မက်ဆေ့ခ်ျ့တစ်ခု ရသတစ်ခု ရချင်မှရလာမှာဖြစ်တယ်။ ဒါပေမဲ့ သိပ္ပံဝတ္ထုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အနာဂတ်ကို ပုံဖော်တဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ အကူအညီအထောက်အပံ့ပေးနေမှာတော့ အမှန်ပဲ။


    ခြုံငုံပြီးပြောပြရလျှင် လက်ရှိကျွန်တော်တို့ ရခိုင်လူ့အဖွဲ့အစည်းဟာ ပြုပြင်ပြောင်းလဲမူအသစ်တွေ

    ကြုံနေရတယ် ။ အစဉ်အလာဆန်ခြင်း၊ ရှေးရိုးစွဲမူ၊ ဘာသာရေးအခန်းကဏ္ဍ စတဲ့နေရာအသီးသီးကို

    ခေတ်နဲ့လျော်ညီတဲ့ အတွေးအခေါ်တွေနဲ့ မေးခွန်းထုတ်လာကြတယ်။ လူမူအပြောင်းအလဲနဲ့

    နိုင်ငံရေးအပြောင်းအလဲအဖြစ်လည်း တော်လှန်ရေးတစ်ရပ်ကို ဆင်နွဲနေတယ်။ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရေး လုပ်ကြတဲ့အခါ သိပ္ပံနည်းကျ ဆင်ခြင်တွေးတောမူတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေတယ်။ ဆင်ခြင်တွေးတောစိတ်ဟာ သိပ္ပံပညာရပ်ရဲ့ ပါဝါအကြီးဆုံး လက်နက်တစ်ခုလည်းဖြစ်တယ်။ သိပ္ပံဆိုတာရဲ့ အဓိပ္ပာယ်မှာ အစဉ်အလာဆန်မူ အတွေးအခေါ်ဟောင်းတွေကို တော်လှန်တဲ့ သဘောသက်ရောက်တယ်။ စိန်ခေါ်မူအသစ်တွေနဲ့ ကြုံနေရတဲ့ လူ့အဖွဲ့အစည်းမှာ သိပ္ပံနဲ့ ဆက်စက်နေတဲ့ ဝတ္ထု ၊ ပန်းချီ ၊ ရုပ်ရှင် အနုပညာလက်ရာတွေဟာ ရှေ့တန်းကို ရောက်ရှိလာကြတယ်။ အတိတ်သမိုင်းတွေထဲမှာ ပိတ်လှောင်နေရမဲ့အစား ပြုပြင်ပြောင်းလဲမူတွေကို လက်ခံရမဲ့ ခေတ်ကို ရောက်လို့လာပြီဖြစ်တယ်။ သိပ္ပံဟာ လူ့အဖွဲ့အစည်း၏ ယိုယွင်းပျက်စီးနေမူများကို ထောက်ပြပြီး ပြန်လည်အသစ်တည်ဆောက်ရေးလမ်းကို ညွန်ပြနေခဲ့ပြီဖြစ်တယ်။ ဒီစိန်ခေါ်မူတွေကို ယှဉ်ပြိုင်နိုင်စွမ်းဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်း သိပ္ပံပညာနဲ့ ဘယ်လောက်အတိုင်းအတာအထိ ယဉ်ပါးနေပြီလည်းဆိုတဲ့ မေးခွန်းတွေနဲ့တိုက်ရိုက်အချိူးကျလို့နေတယ်။



    (စာရေးဆရာစစ်တွေစောနောင်သည် ခေတ်သစ်ရခိုင်စာပေအရေးအသားတို့တွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ ကြောင်လိမ်လှေကားရခိုင်ကဗျာစာအုပ်၊ ရိုးတောင်ခြီက လက်ခုတ်သံကဗျာစာအုပ်၊ အငှားခန္ဓာမြောင်ရပြီနှင့် အခြားဝတ္ထုတိုများစာအုပ်တို့ကိုလည်း ထုတ်ဝေခဲ့သည်။ ကြောင်လိမ်လှေကားရခိုင်ကဗျာစာအုပ်ဖြင့် ၁၉၆၄ ခုနှစ်တွင် စာပေအနုပညာယဥ်ကျေးမှုဆုတို့ကို ရရှိခဲ့သည်။ စစ်တွေစောနောင်သည် ရခိုင်မဂ္ဂဇင်းများတွင်လည်း ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးတို့ကို ရေးသားခဲ့ပြီး

    ၂၀၁၇ခု နှစ် ဇွန်လ ၁၈ရက်နေ့တွင် စစ်တွေမြို့တွင် ကွယ်လွန်ခဲ့သည်။)

    ဆက်စပ်အကြောင်းအရာများ