The Akyab Post

    လူသားတစ်ယောက်၏ မြောက်ဦးဗေဒ

    ရခိုင်တို့၏နေ့စဉ် ဘဝ၌ကြုံတွေ့ရသော ဒုက္ခ၊ သောကများစွာကို စာနာမှုအပြည့်နှင့် ကြိတ်မှိတ် ကြေကြွေးခဲ့သူ။ နာကြင်မှု၏အဆုံး ရင်ထဲက ဝေဒနာများ ပြည့်လျှံလာသောအခါ ကဗျာကို အဖော်ပြု မိမိကိုယ်သာ ကျိန်ဆဲခဲ့သူ။

    လူသားတစ်ယောက်၏ မြောက်ဦးဗေဒ

    Akyab Post
    ဧကရာဇ်ရေးသည်။

    မုတ်သုန်ဦးရာသီ၏ တစ်နေ့၊ ၁၉၅၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် သူ့ကိုမွေးဖွားခဲ့သည်။ ဓနိရည်ပေါ၊ ခြင်ပေါသော ကျေးလက်ဆန်သည့် ဗိသုကာမြို့ကလေးသည် သူချစ်ခင် မြတ်နိုးရာ သူ့ဘဝဇာတ်အိမ် ဖြစ်လာခဲ့သည်။ ထိုဘဝမှနေ ဇာတ်အိမ်တည်ခဲ့သည်မှာ မြောက်ဦးသည် လူသားတစ်ယောက်၏ ရာဇဝင်ဗေဒ ဖြစ်လာခဲ့သည်။

    ရခိုင့်ဖြစ်တည်မှုများထဲမှ နှလုံးသားကို တစ်စစီသာ ခွဲခြမ်းစိတ်ဖြာကြည့်လျင် မြောက်ဦးသည် မင်းစောမွန်လို ငြိမ်းချမ်းရေးသူရဲကောင်းများ ရှင်သန်ရာ၊ အနားယူလဲလျောင်းရာ ဘူမိနက်သံမြေပင် မဟုတ်ပါလား။

    မြင့်မားမတ်စောက်သော ထုက္ကန့်သိမ်ကျောက်လှေကားပေါ်မှ မတ်တပ်ရပ်ကာ မြောက်ဦး၏ နေ့ဝင်ဆည်းဆာချိန်များ၌ သူရှိနေခဲ့သည်။ ထိုမြင့်မား မတ်စောက်သော ထုက္ကန့်သိမ် အုတ်လှေကားများပေါ်မှ မင်းစောမွန်၏ ကောင်းမှု တော် လေးမျက်နှာ ပုထိုးနှင့်ညီတော်စေတီတို့ကို သူ အားရပါးကြကြည်ရှု့ ခံစားမည်။ နေဝင်တရီ တ‌ရော မြောက် ဦး၏ အတိတ်၊ ပစ္စုပ္ပန်တို့သည် သူအတွက် ခံစားချက်မှု ဗေဒဖွင့်လှစ်ရာ ရသာဘဏ်တိုက်ကြီး တစ်ခုပင်ဖြစ်ခဲ့သည်။

    “ရင်အုံပေါ် အီကွေတာ ကခုန်
    ကျောရိုးထဲ ဝင်ရိုးစွန်း ပုန်းနေတဲ့မြို့
    မန္တလေးကို စာဖွဲ့ တဲ့ ကစ်ပလင်းမသိ
    ပုဂံကို စာဖွဲ့တဲ့ ဇော်ဂျီမသိတဲ့
    ငါ့မြို့လေ………. ”

    သူ့မြို့ကလေး၏ ဒဏ်ရာ၊ ဒဏ်ချက်များ၊ သူ့မြို့ကလေး၏ သူရဲကောင်းများ၊ သူ့မြို့ကလေး၏ မိခင်များ၊ သူ့မြို့လေး၏ ဒဏ္ဍာရီများကို “မန္တလေးကိုစာဖွဲ့ခဲ့ ကပလင်းမသိ၊ ပုဂံကိုစာဖွဲ့တဲ့ ဇော်ဂျီမသိ” သော သူမြို့ကလေးအတွက် သူစာဖွဲ့ခဲ့သည်။

    တပည့်များအပေါ် မေတ္တာကြီးမားသလို မြို့ကလေးကို သံယောဇဉ်ကြီးသော ကျောင်းအုပ်ဆရာဖခင်နှင့် ဒေလီယာပန်းများကို ချစ်ခင်၊ တန်ဖိုးထား တတ်သော မိခင်တို့၏ အကြီးဆုံးသား။ အတန်းစာသင်တော့ မြန်မာစာ ညံ့ခဲ့သူ တစ်ယောက် ဖြစ်ခဲ့ပေလိမ့်မည်။ သို့သော် အချိန်ရထားတစ်စင်းပေါ် တက်ထိုင်လိုက်မိသည်နှင့် ထွက်အံပြုလာသည့် သူ၏ အနုရသများသည် မြောက်ဦးဗေဒ၏ အနုညံ့ဆုံး ရသစာပေဖြစ်လာခဲ့သည်။

    သင်္ချာတော်၊ စာတော်သော ရခိုင့်ဂန္တဝင်မြို့ငယ်က လူငယ်တစ်ဦး ဘဝအတွက် ရည်မှန်းချက် ကြီးမားခဲ့ပါလိမ့်မည်။ သို့သော် မတရားမှုကို၊ နိုင်ထက်စီးနင်းမှုများကို အောက်ကျမခံလိုသော၊ ခေတ်ဆိုး၊ စနစ်ဆိုးကြီးအောက်တွင် ပြည်သူများ၏ နာကြင်မှုကို ဗဟိုပြုခဲ့သူ။ အာဏာရှင်အကြိုက်၊ အလိုက်သင့်စီးမျှောမည့် ရာထူး၊ စည်းစိမ်ကို သူမမက်မော၊ပြည်သူ့ ဒုက္ခများကို ဥပက္ခာမပြု၊ ကိုယ်လွတ်မရုန်းလိုသော လူငယ်တစ် ယောက်အဖို့ တော်လှန်သူတို့၏ ဘဝကို ပုံစဉ်မျိုးစုံပြောင်းကာ နရသိမ် တံခါးဝ၌ ပိတောက်ပန်းလို ရဲရဲပွင့်၊ ရဲရဲကြွေမည့် စိတ်ကူးများနှင့် ပစ္စုပ္ပန်ကို တည်ဆောက်ခဲ့သူ ဖြစ်သည်။

    ဘဝ ဂုဏ်ပုဒ်များစွာကို နံရံမှာ ချိတ်ဆွဲထားမည်ဆိုလျှင် ကျုရှင်ဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သီချင်း ရေးဆရာ၊ နိုင်ငံရေးသမား၊ လွှတ်တော်ကိုယ်စားလှယ်အပါဝင် သူ့နောက်ဆုံးအချိန်အထိ ပေးဆပ်ခဲ့ သည်က သူပုန်ဖြူ။ ဘေးချော်၊ ဘောင်ကွက်ထဲက ထွက်ခွာမသွားဘဲ သူ၏မြင့်မားတည်ကြည်သော စိတ်ဓာတ်ဖြင့် အဖိနှိပ်ခံလူသားများဘက်ကသာ တစိုက်မတ်မတ်ရပ်တည်ခဲ့သည်။

    “ယဉ်ကျေးသော လူသားသည် လူသားထုအတွက် မိမိတို့လူ့အဖွဲ့အစည်းအတွက် ကောင်းမှုပြုရန် တာဝန်ရှိသည်။ သမိုင်းခေတ်၏ တာဝန်များသည် မိမိတို့၏ပခုံးပေါ်၌ ရှိနေကြသည်။ ကျေပွန်မှု၊ မကျေပွန်မှု ဒီဂရီ များသည် ဘဝ၏ တန်ဘိုးကို ဖော်ညွှန်းကြသည်။ ကောင်းမှုပြုရန်မှာ ဗီဇတာဝန်ဟု ခံယူသည်။ သည်လုပ်ရပ်အတွက် လက်ငင်းဘဝသည် လည်းကောင်း၊ နောင်ဘဝအတွက်လည်းကောင်း၊ မည်သည့်အရာကိုမျှ မမျှော်ကိုးလိုပါ” သူ့ဘဝ၊ သူ့မာနအတွက် အစွဲလမ်းကြီးခဲ့သူ တစ်ဦးဆိုခဲ့လျှင် ဤမြေ၊ ဤရေအတွက် တီတစ်ကောင်လို ရုပ်နာမ်ခန္ဓာကို ပေးအပ်ထားခဲ့သူသာ ဖြစ်ပါလိမ့်မည်။

    ပိုင်ဆိုင်မှု၊ ရယူလိုမှု အလျဉ်းမရှိသော အနတ္တဝါဒီသမားတစ်ဦး၏ ဆုတောင်းပုံကား ရိုးရှင်းလှပေ၏။ “လှပစိမ်း လန်းသော၊ ကဗျာဆန်သော၊ စက်မှုမဖွံ့ဖြိုးသော၊ ဆင်းရဲမွဲတေသော၊ အသိပညာနယ်ကျဉ်းသော၊ ရောဂါ ဘယ ထူပြောသော မိခင်မြေ၌သာလျှင်၊ ဒုက္ခသုခကို ပွေ့ဖက်ပြီး မိမိတိုင်းပြည်၌ လူဖြစ်ရခြင်းကို တန်ဖိုးထားလိုပါသည်” ဟု ဆိုသည်။

    အမိမြေခံစားရသော စစ်ဘေး၊ စစ်ဒဏ်များ၊ ရက်စက်မှု၊ သတ်ဖြတ်မှုများကြား၌ ထို အသက် ၇၀ ကျော် အရွယ် သက်ကြားအိုကြီးတစ်ဦးသည် အာရက္ခတို့၏ လူသား တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါပြီ။ ထိုအဖိုးကြီး တစ်ယောက်၏ ဦးတည်ရာပန်းတိုင်သည် သူချစ်သော မိခင်မြေ မြောက်ဦးဗေဒ၌ လမ်းပျောက် သည်ဟူ၍ကား မရှိခဲ့ပါ။

    သူ့၏ လူ့ဘဝဖြတ်သန်းမှု သီအိုရီကို ပိတောက်ဗေဒနှင့် အဓိပ္ပာယ်ဖွင့်ဆိုပြချက်က ပြတ်သား၊ တိုတောင်း လှပါသည်။ “လူ့ဘဝဆိုသည်မှာလည်း သက်တမ်းတိုတာရှည်တာ အဓိကမဟုတ်။ ပိတောက်လို ရဲရဲပွင့်ပြီး လောကကို အလှဆင်ဖို့၊ ညစ်ပတ်နံစော်နေသော လေထုကို ကိုယ်စွမ်းသလောက် စက္ကန့်ပိုင်းလေးပဲ ဖြစ်ဖြစ်၊ မွှေးသန့်အောင် လုပ်ပေးနိုင်ခဲ့ဖို့ အဓိက မဟုတ်လား။ ပန်းဘဝ ဖြစ်တာလာမှတော့ ခြွေလို့ပဲ ကြွေကြွေ၊ နေလို့ပဲ ကြွေကြွေ ကြွေတာမဆန်းပါ” သူသည် ပိတောက်လို ပွင့်ချိန်တိုတောင်းမည်ဆိုပါက ရဲရဲပွင့်၊ ရဲရဲကြွေရဲသူ။

    မင်းစောမွန်လိုနန်း အသက်တိုတောင်းမည်ဆိုပါကလည်း ”မိခင်မြေအတွက် ငါ့အသက်တိုစေ၊ မြို့သက်ကိုရှည်စေ” ဟု လူသားတစ်ယောက်၏ ခေတ်သစ်မြောက်ဦးဗေဒ၌ ပဲ့တင်ရိုက်အောင်ကြွေးကြော်မည့် လူ။

    ရခိုင်တို့၏ ရုပ်ဝတ္ထုဖွံ့ဖြိုးမှုမရှိသော၊ ဆင်းရဲမွဲတေသော ပစ္စုပ္ပန်ဖြစ်တည်မှုများတွင် သူချစ်ခင်၊ တန်ဖိုးထားသူများ အတွက် လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ မစွမ်းနိုင် တော့သည့်အခါ ခေတ်ဆိုး၊ စနစ်ဆိုးကို အပြစ်ပုံမချ၊ မိမိကိုယ် သာ အပြစ်ပုံချခဲ့သူ။ ရခိုင်တို့၏နေ့စဉ် ဘဝ၌ကြုံတွေ့ရသော ဒုက္ခ၊ သောကများစွာကို စာနာမှုအပြည့်နှင့် ကြိတ်မှိတ် ကြေကြွေးခဲ့သူ။ နာကြင်မှု၏အဆုံး ရင်ထဲက ဝေဒနာများ ပြည့်လျှံလာသောအခါ ကဗျာကို အဖော်ပြု မိမိကိုယ်သာ ကျိန်ဆဲခဲ့သူ။

    “ငါချစ်​တေမြို့ ငါချစ်​တေစွာတိနန့် မြို့
    ငါမမုန်းစွာတိ ငါမမုန်း​​ရေလူတိနန့် မြို့
    ရီရှားရေခါ ရီမလှူနိုင်​ရေ လူ
    စာအုပ်ရှား​ရေခါ စက္ကူမလှူနိုင်​ရေ လူ
    ကဗျာဖွဲ့ဖို့​လောက်ရာ တတ်နိုင်​ရေ​ကောင်
    အ​ဝေး.. ​မောင်ခိုင်​အောင်
    မင်းကို ငါမုန်း​ရေ…။”

    သူချစ်ခင်၊ ဂုဏ်ယူသည့် ခန့်ညား လှပသော နန်းမြို့ရိုးတံတိုင်းများသည် မြောက်ဦးရွှေခေတ်၏ ဂန္တဝင် သင်္ကေတ များဖြစ်သည်၊ မင်းစောမွန်၏ ရင်ခုန်သံဖြစ်သည်၊ မင်းညို၏ နရီဖြစ်သည်။ ရခိုင်ပြည်သူတို့၏ ဘာသာစကား ဖြစ်သည်ဆိုလျှင် နန်းတော်ကုန်းပေါ်မှ ခေတ်သစ် အာရက္ခအောင်လံတော်တို့သည့် မောင်ခိုင်အောင်၏ ပိုစ့်မော်ဒန်ပင် ဖြစ်ပေလိမ့်မည်။ ထိုပိုစ့်မော်ဒန်ရနံ့သင်းမြသော ကဗျာ၊ အက်ဆေးနှင့် ရသစာပေများ၊ သူ၏ဂုဏ်သတင်းများသည် မြောက်ဦး၏ တံတိုင်း၊ အုတ်ရိုး၊ ဘုရာပုထိုးစေတီပျက် များပေါ်တွင်စိမ့်ဝင်ဖြစ်တည် ကျန်ရစ်နေဦးမည်။

    စင်စစ် သူ့ဘဝသည် မြောက်ဦး ရသဗေဒ၏လင်္ကာ ရှည်တစ်ပုဒ် ဖြစ်သည်။ သူသည် မင်းစောမွန်၏ တံတိုင်းအိုများ အောက်မှ မြောက်ဦး ညမှောင်မှောင်မှာ လင်းအားပြင်းသော မာကျုရီကြီးတစ်လုံး။ သူသည် မြောက်ဦး၏ သားမြတ်ပုံ တောင်ကုန်းမို့မို့များထက် တည်ရှိသော ဓမ္မလမ်းများ၏ ငြိမ်းချမ်းရေး သင်္ကေ။ သူသည် ဂန္တဝင်မြို့ ငယ် မိခင်များ၏ ချိုမြိန်၊ ငြိမ့်ညောင်းသော သာခြင်း။ သူစိုက်ပျိုး၊ ရှင်သန်စေခဲ့သော သုခုမ ပန်းခင်းကြီးများသည် ဂန္တဝင်မြို့ငယ်၏ တံတိုင်းများထဲတွင် ပျော်ဝင်၊ မွှေးပျံ့ကျန်ရစ်ပေဦးမည် ဖြစ်သည်။

    “လူသားသည် ထာဝရအဆိုးမဟုတ်။ စိတ်ကိုအောင် နိုင်ခြင်းဖြင့် အဆိုးမှ အကောင်းသို့ အယုတ်မှ အမြတ်သို့ ပြောင်းလဲနိုင်သည်။ ဤသစ္စားတရားကို မင်းစောမွန် သည် ဘဝနှင့် ရင်း ကာ၊ ပြတ်သားတိကျစွာ သက်သေ ပြရေးထိုးသွားခဲ့ပါသည်။ လူသားတို့၏ တန်ဖိုးအစစ်ကို၊ ထီးတည်နန်း တည် ရခိုင်ဘုရင်တစ်ပါးက လှပသင်း မြစွာ ဖွဲ့ဆိုသွားခဲ့ပါပြီ။”ဟု သူဖွဲ့ဆိုခဲ့သည်။ မင်းစောမွန်လို ထီးတည်၊ နန်းတည် ဘုရင်တစ်ပါးမဟုတ်သော လူသား တစ်ယောက်သည်လည်း မြောက်ဦး၏ “လူသားဝါဒအောင်လံတော်ကို မြောက်ဦးနန်းရိုးပေါ်၌ လွှင့်ထူထားခဲ့ပြီး၊ သံသရာခရီးကို ဆက်လျှောက်သွားခဲ့ပါပြီ။

    မြောက်ဦးသည် မင်းစောမွန်လို ငြိမ်းချမ်းရေးသူရဲကောင်းများ၊ မင်းဘာ၊ မင်းဖလောင်း၊ မင်းရာဇာကြီးလို တိုက်ရဲ၊ ခိုက်ရဲသော သူရဲကောင်းများ၊ မင်းညို၊ ဥက္ကာပျံတို့လို အနုရသ သူရဲကောင်းများ၊ စွန့်လွှတ်၊ အနစ်နာခံတတ်သော သူရဲကောင်းများ ရှင်သန်ရာ၊ လဲလျှောင်း ခေါင်းချ ရာ သူရဲကောင်းတို့၏ ဘူမိနက်သံမြေဖြစ်သည်။

    ထိုသူရဲကောင်း၏ ခြေအစုံမှ မြေမှုန်တို့သည် ရိုးမတောင်တန်းများပေါ်၌ မုတ်သုန်သစ်တောများ၌၊ ပင်လယ်ပြင်၌၊ လေးဝတီချောင်းမြောင်းများ၌၊ .လယ်ပြင်တောစပ်များ၌၊ ကျောင်းရိပ် ကန်ရိပ်များ၌၊ ထိုသူရဲကောင်း၏ခြေအစုံမှ မြေမှုန်တို့သည် ..ကျွန်တော်တို့ နှလုံးအိမ်များ၌၊ စိမ်းမြရေစင် ကြာညိုပန်းများနှယ် သင်းမြဝေနေပါတော့မည်။

    မင်းစောမွန်လို မင်းဘာ၊ မင်းဖလောင်း၊ မင်းရာဇာကြီးတို့လို မကြီးကျယ်၊ မခမ်းနားခဲ့သော မြောက်ဦးဗေဒ၏ ကဗျာဆရာ၊ သူရဲကောင်းတစ်ဦးအတွက် ဆုမွန်တစ်ခု တောင်းခွင့်ရှိခဲ့မည်ဆိုပါက… ဖြစ်နိုင်လျှင် လက်ရှိဘဝကို ပိုင်ဆိုင်လျှက် မင်းစောမွန်မြို့ငယ်တွင် သည်မိ သည်ဖ သည်ဇနီး သည်သမီး သည်မိတ်ဆွေတို့နှင့် ပြန်လည်မွေးဖွား ပါစေ .. သား ဟုသာ ဆုတောင်းပေးမိပါတော့သည်။

    (ဤရသစာတမ်းငယ်ဖြင့် ကွယ်လွန်သူ ကဗျာဆရာ၊ စာရေးဆရာ ဦးဦးလှစော၊ မောင်ခိုင်အောင်အား ဦးညွှတ် ဂါရဝ ပြုပါသည်။)

    မှတ်ချက်- မောင်ခိုင်အောင်၏ မြောက်ဦးဗေဒ ရသစာတမ်းများထဲမှ တချို့သော စာပုဒ်များကို တိုက်ရိုက် ကူးယူသုံးစွဲထားပါသည်။

    ဆက်စပ်အကြောင်းအရာများ