ရခိုင်ဒေသဟာ စားနပ်ရိက္ခာအတွက် ပြည်မကို မှီခိုနေရတာကြောင့် တိုက်ပွဲတွေ ပြီးဆုံးသွားရင်လည်း စားနပ်ရိက္ခာဖူလုံနိုင်ရေးဟာ ရခိုင်ဒေသအတွက် စိန်ခေါ်မှုအဖြစ်နဲ့ ရှိနေအုံးမှာပါ။ ဒါကြောင့် ရခိုင်ပြည်အနာဂတ်အတွက် အရေးကြီးတဲ့ စားနပ်ရိက္ခာဖူလုံနိုင်ရေးအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးတွေအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ကိုင်ဖို့အတွက် လိုနေသေးတယ်လို့ ရခိုင်မျိုးဆက်သစ်အဖွဲ့ဝင်တွေက လက်ခံထားကြပါတယ်။

"ကျွန်မ အမြဲတမ်းတွေးဖြစ်တာတစ်ခုရှိတယ်။ ကျွန်မတို့ရဲ့ နောက်လာမဲ့မျိူးဆက်ဟာ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ကြီးပြင်းလာရတဲ့ မျိုးဆက်တစ်ခုမဖြစ်စေဖို့ကို လုပ်ငန်းတိုင်းမှာ ရည်ရွည်ပြီး လုပ်ဆောင်နေတာပါ" ဟု အားအင်ပြည့်ဝတဲ့အသံ၊ မယိမ်းယိုင်၊ ခိုင်မာတဲ့ စိတ်ဓာတ်တွေကိုဖော်ပြနေတဲ့ မျက်ဝန်းတွေနှင့် မဒါဖြူက လူမှုကူညီရေး လုပ်ငန်းများ လုပ်ဆောင်နေရသည့်အပေါ် သူမရဲ့ ခံယူချက်ကို ပြောပြလာခဲ့ပါတယ်။
ရခိုင်မျိူးဆက်သစ်အဖွဲ့ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ မဒါဖြူဟာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ပြည်သူတွေ တစ်ဦးချင်းဝင်ငွေ တိုးမြှင့်နိုင်ဖို့နဲ့ စားနပ်ရိက္ခာဖူလုံနိုင်ရေးနယ်ပယ်မှာ ရပ်ရွာအခြေပြု စိုက်ပျိုးရေးလုပ်ငန်းတွေ အားကောင်းလာဖို့ ရည်ရွယ်ပြီးတော့ တောင်သူလယ်သမားများကို ပံ့ပိုးကူညီနေသူတစ်ဦးပါ။
ရခိုင်ဒေသတွင်းက မတူကွဲပြားတဲ့လူငယ်တွေကို စုစည်းပြီးတော့ ဖွဲ့စည်းထားတဲ့ ရခိုင်မျိုးဆက်သစ်အဖွဲ့ဟာ ဒေသတွင်း ဆင်းရဲမွဲတေမှုလျော့ချရေး ခေါင်းစဥ်အောက်မှနေ အခြေခံပြီးတော့ စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွေကို အဓိကဦးစားပေး လုပ်ငန်းအဖြစ်နဲ့ လုပ်ကိုင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်း တစ်ခုလည်းဖြစ်ပါတယ်။
"အဖွဲ့ကို စပြီးတော့ဖွဲ့တဲ့ ၂၀၁၉ တုန်းက စစ်ဘေးရှောင်တွေရဲ့ ပြဿနာတွေကို အဓိကကူညီဖြေချင်းကြမယ်။ ပြည်သူတွေရဲ့ ဆုံရှံးနစ်နာမှုတွေအတွက် တစ်ဖက်တလှမ်းကနေ ထောက်ပံ့ကူညီဖြေရှင်းကြမယ်ဆိုတဲ့ လူငယ်တွေစုပြီးတော့ တက်ကြွလှုပ်ရှားတဲ့စိတ်နဲ့ပဲ ဒီအဖွဲ့ကို စပြီးတော့ လုပ်ဖြစ်ခဲ့ကြတာ" လို့ အဖွဲ့အစည်း စတင်တည်ထောင်ခဲ့စဥ်က အကြောင်းအရင်းကို မဒါဖြူက ပြန်ပြီးတော့ ပြောပြပါတယ်။
ရခိုင်မျိူးဆက်သစ်အဖွဲ့မှာ စတင်ဖွဲ့စည်းစဥ်တုန်းက အခက်အခဲတွေကို ကြုံခဲ့ရပေမဲ့လည်း အဖွဲ့ဝင်တွေရဲ့ စိတ်အားထက်သန်မှု၊ ဒေသတွင်း အခင်းအကျင်းတွေမှာ လူငယ်တွေအနေနဲ့ ပါဝင်ဆောင်ရွက်လိုတဲ့ စိတ်ဓာတ်တွေကိုအခြေခံပြီးတော့ တက်တက် ကြွကြွနဲ့ လှုပ်ရှားခဲ့မှုတာကြောင့် လက်ရှိအချိန်ထိ ရခိုင်မျိူးဆက်သစ်အဖွဲ့ဟာ ရခိုင်ဒေသအကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လူမှုကူညီရေး လုပ်ငန်းတွေကို တက်ညီလက်ညီနဲ့ လုပ်ဆောင်နေကြဆဲပါ။
"အဖွဲ့ကို စဖွဲ့တုန်းကတော့ ရန်ပုံငွေ အားနည်းချက်တွေအောက်မှာ လုပ်ငန်းတွေစနစ်တကျနဲ့ လည်ပတ်ဖို့အတွက် အများကြီးကြိုးစားခဲ့ကြရတယ်။ ပစ္စည်းကိရိယာ ပံ့ပိုးမူအားနည်းတာ၊ အဖွဲ့တွင်းက လူတွေမှာလဲ အချိန်ပြည့်ဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ပြီးတော့ ခန့်ထားကြတာမဟုတ်တော့ တာဝန်ယူရတဲ့ အပိုင်းတွေမှာ အပြောင်းအလဲတွေအများကြီးဖြစ်ခဲ့ရတယ်။ ဒါတွေကို တည်ငြိမ်ဖို့ ခက်ခက်ခဲခဲနဲ့ အချိန်ယူခဲ့ကြရတယ်" လို့ ရခိုင်မျိုးဆက်သစ်အဖွဲ့အနေနဲ့ စတင်ဖွဲ့စည်းတုန်းက ကြုံခဲ့ရတဲ့ အခက်အခဲတွေကို မဒါဖြူက ပြန်ပြီးတော့ ပြောပြပါတယ်။
"အမျိုးသမီးတဦးအနေနဲ့ ဦးဆောင်ပြီးတော့ လုပ်ရကိုင်ရတဲ့အခါ နေရာပေးမခံရမူတွေတော့ ကြုံရတာပေါ့။ အမျိုးသားတွေကြီးစိုးတဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေ ကြားမှာတော့ အမျိုးသမီးအသံ ပါဝင်လာဖို့တော့ ကြိုးစားရုန်းကန်နေရတာတွေတော့ရှိပါတယ်" လို့
မဒါဖြူက လုပ်ငန်းနယ်ပယ်ထဲမှာ အမျိုးသမီးတစ်ဦးအနေနဲ့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ရှင်းပြပါတယ်။
ရခိုင်ဒေသတွင်း တကျော့ပြန်စစ်ပွဲတွေ မစတင်မှီ ရခိုင်မျိုးဆက်သစ်အဖွဲ့ဟာ စစ်တွေမြို့နယ်က ကျေးရွာ ၂၃ရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၁၆ရွာမှာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ ဒေသခံတွေကို စိုက်ပျိုးရေး အသိပညာပေး လုပ်ငန်းတွေ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သော လက်တွေ့သင်တန်းတွေနှင့် ဒေသတွင်း မျိုးစေ့တွေကို ထောက်ပံ့ခဲ့တယ်လို့ အဖွဲ့ဝင်တွေဆီကနေ တစ်ဆင့် သိရပါတယ်။ ဒါ့အပြင် ကျေးရွာတွေမှာလည်း အိမ်နောက်ဖေးဈေးဆိုင်တည်ဆိုတဲ့ အလေ့အထကောင်းကို ပြန်လည် ထူထောင်နိုင်ခဲ့ပြီးတော့ ရပ်ရွာတွင်းက ပြည်သူတွေကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနည်းစနစ်တွေကိုပါ အင်တိုက်အားတိုက်နဲ့ ပံ့ပိုးခဲ့တယ်လို့ သိရပါတယ်။
"သူတို့အဖွဲ့ကတော့ အဓိက ဒေသမျိုးတွေ၊ ဓာတ်မြေဩဇာမပါတဲ့ နည်းလမ်းတွေနဲ့ စိုက်ပျိုးရေးနည်းစနစ်တွေကို လာပြီးသင်တယ်။ မျိုးစေ့တွေပါ ပေးတာပေါ့။ အဲလိုလုပ်တဲ့အခါကျ အိမ်မှာ ဟင်းသီးဟင်းရွက် သုံးလေးမျိုးထွက်တော့ ငွေက သိပ်မကုန်တော့ဘူး။ ပိုလျှံတာတွေကိုလဲ ရောင်းလို့ရတယ်လေ။ ဒီလိုလုပ်တဲ့အခါကျ ကျွန်တော်တို့ အတွက်ပါ အခြားရွာကလူတွေအတွက်ပါ ရေရှည်အတွက် အကျိုးရှိတာပေါ့" လို့ စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာမှနေထိုင်တဲ့ ကိုမောင်လှရွှေက ရခိုင်မျိုးဆက်သစ်အဖွဲ့နဲ့အတူ သူလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်ပြီးတော့ မျှဝေလာခဲ့ပါတယ်။
ရခိုင်မျိုးဆက်သစ်အဖွဲ့ဟာ ရခိုင်ပြည်တွင်းမှာ နေထိုင်ကြတဲ့ မတူကွဲပြားတဲ့ လူမျိုးစုဝင်တွေရဲ့ ရိုးရာယဉ်ကျေးမူတွေကို ဖော်ထုတ်တဲ့ ပြပွဲတွေ၊ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေကို သက်မွေးဝမ်းကြောင်းဆိုင်ရာ ထောက်ပံ့ ကူညီရေးအစီအစဉ်တွေကို လုပ်ဆောင်ခဲ့ကြသေးတယ်လို့ အဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ရခိုင်ဒေသ စီးပွားရေးမှာ ခေတ်အဆက်ဆက်လျစ်လျူရှုခံခဲ့ရတဲ့ တောင်သူလယ်သမား အရေးအရာကိစ္စတွေကို ကူညီဖြေရှင်းဖို့ အတွက်လည်း ရခိုင်မျိုးဆက်သစ်အဖွဲ့ဟာ ရေရှည်မဟာဗျုဟာတွေ ချမှတ်ပြီးတော့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ဒေသန္တရအခြေပြုရေးကို အဓိကထားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။
"လက်ရှိအလုပ်တွေလုပ်တဲ့အခါတော့ ကျေနပ်တဲ့အပိုင်းတွေလဲရှိသလို အခြားထပ်တိုးပြီးတော့ လုပ်ရမဲ့ အပိုင်းတွေလဲ ကျွန်မတို့မှာ အများကြီးရှိသေးတယ်။ အဖွဲ့အစည်းအနေနဲ့ကတော့ စိုက်ပျိုးရေးမွေးမြူရေးကို လက်ရှိ အတိုင်းအတာထက် ကျော်လွန်ပြီးတော့ တောင်သူဗဟိုပြု၊ လူထုဗဟိုပြု အဆင့်အထိရောက်အောင် လုပ်သွားချင်တယ်" လို့ မဒါဖြူက ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ သူမရဲ့ စိတ်ဆန္ဒကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ ရခိုင်ဒေသတွင်းတိုက်ပွဲတွေဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စတင်လာခဲ့ပါတယ်။ တိုက်ပွဲကာလတွင်းမှာ စစ်ကောင်စီဖက်မှနေ ရခိုင်ဒေသတွင်းမှာ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ခရီးသွားလာခွင့်နှင့် ပံ့ပိုးကူညီမှုတွေအားလုံးကို ရပ်ဆိုင်းဖို့ ကုန်လမ်း၊ ရေလမ်းအပြင် ဖြတ်လေးဖြတ်နှင့် ပိတ်ဆို့ခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းအများစုဟာ တိုက်ပွဲကာလတွင်းမှာ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေအောက်မှာ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ ရခိုင်အရပ်ဖက်အဖွဲ့အစည်း အများစုဟာ စစ်ကောင်စီရုံးစိုက်ရာမြို့တွေမှာ လုံခြုံရေးအရ ခြိမ်းခြောက်ခံရတာတွေကြောင့် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွင်းကို ရွေ့ပြောင်းပြီးတော့ လူမှုကူညီရေးလုပ်ငန်း၊၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လက်ရှိမှာ ဆက်လက်လုပ်ဆောင်နေကြဆဲပါ။
ရခိုင်မျိုးဆက်သစ်အဖွဲ့မှာလည်း စစ်ကောင်စီ ထိန်းချုပ်ရာနယ်မြေတွေမှာ လုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့ ကြားမှနေ အာရက္ခတပ်တော်ထိန်းချုပ်ရာ နယ်မြေတွင်းကို ရွေ့ပြောင်းလာခဲ့ရတယ်လို့ ရခိုင်မျိုးဆက်သစ် အဖွဲ့ဝင်တွေက ပြောပါတယ်။
"ဒီဖက်ကိုလာဖို့ ဘုတ်ထွက်တဲ့အချိန်က ညဖက်တစ်ချိန်ပဲရှိတယ်။ လူတွေအိပ်တဲ့ ညသန်းခေါင်ံယံချိန်မှ ခိုးပြီးလာရဆိုတော့ အန္တရာယ်က အတော်များတယ်။ စက်လှေလေးနဲ့ လှိုင်းနဲ့လှေကြားကနေ ပင်လယ်ဝကိုဖြတ်ပြီး လာကြရတာ၊ နေဘီပေါ်ကနေ ဘုတ်ကိုသေနတ်နဲ့ လှမ်းပြီးတော့ ပစ်တာကိုတောင် ခံခဲ့ရသေးတယ်" လို့ မဒါဖြူက စစ်တွေမြို့ပေါ်မှနေ အသက်စွန့်ပြီးတော့ အေအေထိန်းချုပ်ရာနယ်မြေကို တိမ်းရှောင်လာရပုံကို ပြန်ပြောပြပါတယ်။
ရခိုင်ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လာတနှင့်အတူ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲမြို့နှင့် ပလက်ဝမြို့တွေကို အာရက္ခတပ်တော်အေအေဖက်မှ နေပြီးတော့ အပြည့်အဝထိန်းချုပ်ထားပါတယ်။
အေအေဖက်က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးလာတာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်လို့ ဒေသခံအများစုဟာ အသက်အန္တရာယ်ဆုံးရှံးမှုတွေနဲ့ မကြာခဏ ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ အေအေထိန်းချုပ်ရာနယ်မြေတွေကို ခရီးသွားလာခွင့်၊ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို တင်းကျပ်စွာပိတ်ပင်ထားပြီးတော့ ဖုန်းအင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ထားပါသေးတယ်။
ရခိုင်ဒေသတွင်းပြည်သူတွေမှာ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်အဖြစ်နဲ့တိုက်ခိုက်ခြင်းကို ခံနေရသလို ကုန်ဈေးနှုန်းများမြှင့်တက်ခြင်း၊ ကုန်ပစ္စည်းများ ပြတ်လပ်ခြင်း၊ စက်သုံးဆီပြတ်တောက်မှုဒဏ် စတဲ့ အခက်အခဲပေါင်းများစွာကို လက်ရှိမှာ အလူးအလဲနဲ့ ကြုံတွေ့နေရပါတယ်။ အေအေထိန်းချုပ်ရာ နယ်မြေတွေမှာလည်း တိုက်ပွဲတွေကြောင့် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ ဘဏ်စနစ်နှင့် စီးပွားရေးလုပ်ငန်းအများစုပါ ရပ်ဆိုင်းထားရပါတယ်။
တိုက်ပွဲတွေကြားထဲမှာ ပြည်သူတွေကို ထောက်ပံ့ပေးနေတဲ့ လုပ်ငန်းတွေ ရပ်မသွားဖို့အတွက် ရခိုင်မျိုးဆက်သစ် အဖွဲ့မှာလည်း လက်ရှိအချိန်မှာ စိန်ခေါ်မှုများစွာနဲ့ ကြုံနေရပါတယ်။ဒါ့အပြင် တိုက်ပွဲကြောင့် စားနပ်ရိက္ခာမဖူလုံမှုက ပိုမြှင့်တက်လာတာဖြစ်လို့ ဒီပြဿနာကို လျော့ချနိုင်ဖို့အတွက်လည်း အာရက္ခတပ်တော်ထိန်းချုပ်ရာ နယ်မြေတွေမှာ အဖွဲ့အစည်းရဲ့ အဓိကဦးစားပေးဖြစ်တဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွေကို တိုးမြင့်ပြီးတော့ လုပ်ဆောင်နေတယ်လို့ ရခိုင်မျိုးဆက်သစ်အဖွဲ့ဝင်တွေက ပြောပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စားနပ်ရိက္ခဖူလုံနိုင်ရေးတို့မှာ ဒေသခံတွေကို မျိုးစေ့မျိုးဆံ ထောက်ပံ့တာ၊၊ မျိုးစပါးတွေ ပံ့ပိုးတာ၊ တောင်သူလယ်သမားတွေကို စိုက်ပျိုးရေး အသိပညာပေးခြင်းတွေကိုလည်း ရခိုင်မျိုးဆက်သစ်အဖွဲ့ဝင်တွေက အားတက်သရော ပြုလုပ်နေကြပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေကိုလည်း အရေးပေါ် စားနပ်ရိက္ခာနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း အဖွဲ့အစည်းအနေနဲ့ ထောက်ပံ့ပေးလျက်ရှိတယ်လို့ ရခိုင်မျိုးဆက်သစ် အဖွဲ့ဝင်တွေဆီက သိရပါတယ်။
"ဒီအခြေအနေမှာတော့ လုပ်ငန်းတွေလုပ်တဲ့အခါ ပုံမှန်အခြေအနေထက် အန္တရာယ်တွေ ပိုများတာပေါ့။ လေယာဉ်နဲ့ခဏခဏ ဗုံးလာကြဲတော့ တစ်နေရာကနေ တစ်နေရာကိုပြောင်းနေရတယ်။ ရွေ့ရပြောင်းရတဲ့ စရိတ်စခတွေကလည်း ဈေးကြီးတယ်။ ဖုန်းလိုင်းအင်တာနက်လိုင်းတွေပါ ဖြတ်ခံထားရတော့ လုပ်ငန်းလည်ပတ်တဲ့အခါ အဆင်မပြေမှုတွေလည်း ကြုံရတယ်။ လူစုလူဝေးလုပ်လို့လဲမရတော့ အသိပညာမြှင့် သင်တန်းတွေလုပ်လို့လဲမရဘူးလေ။ စားဝတ်နေရေး အခက်အခဲတွေ သဘာဝဘေးအန္တရာယ်တွေပါ အခက်အခဲတွေ အများကြီး ကြုံနေရတယ်" လို့ တိုက်ပွဲများကြားထဲမှာ လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရတဲ့ အခက်အခဲတွေကို ရခိုင်မျိုးဆက်သစ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မပိုးပိုးက ပြောပြပါတယ်။
ရခိုင်မျိုးဆက်သစ်အဖွဲ့အပါအဝင် ရခိုင်အရပ်ဖက်အဖွဲ့အစည်းအများစုဟာ အာရက္ခတပ်တော်ဖက်မှ ထိန်းချုပ်နယ်မြေတွေမှာ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် လုံခြုံရေး၊ ငွေကြေးအခက်အခဲ၊ ဆက်သွယ်ရေးအခက်အခဲ အပါအဝင် အရင်းအမြစ်ရှားပါးမှုတွေနဲ့ လက်ရှိမှာ ကြုံတွေ့နေရပြီးတော့ ဒီအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေကနေ ပြောပါတယ်။
ရခိုင်ဒေသဟာ စားနပ်ရိက္ခာအတွက် ပြည်မကို မှီခိုနေရတာကြောင့် တိုက်ပွဲတွေ ပြီးဆုံးသွားရင်လည်း စားနပ်ရိက္ခာဖူလုံနိုင်ရေးဟာ ရခိုင်ဒေသအတွက် စိန်ခေါ်မှုအဖြစ်နဲ့ ရှိနေအုံးမှာပါ။ ဒါကြောင့် ရခိုင်ပြည်အနာဂတ်အတွက် အရေးကြီးတဲ့ စားနပ်ရိက္ခာဖူလုံနိုင်ရေးအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးတွေအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ကိုင်ဖို့အတွက် လိုနေသေးတယ်လို့ ရခိုင်မျိုးဆက်သစ်အဖွဲ့ဝင်တွေက လက်ခံထားကြပါတယ်။
"ကျွန်မတို့မှာတော့ ရှေ့ဆက်ပြီး လုပ်စရာတွေက တစ်ရက်ထက်တစ်ရက် ပိုတိုးလာတာပေါ့။ တိုက်ပွဲတွေ ပြီးသွားရင်လဲ ကြုံလာရမဲ့ အခြေအနေတွေကို သုံးသပ်ပြီးတော့ ပြင်ဆင်စရာတွေလည်း အများကြီး ရှိသေးတယ်။ အကျပ်အတည်းကပေါင်းစုံဆိုတော့ ရည်မှန်းချက်တွေကို ပြည့်ဝအောင်တော့ ဖြည်းဖြည်းမှန်မှန်လုပ်နေပါတယ်။ ဒီကြားထဲလည်း စိတ်ဓာတ်ကတက်လိုက်ကျလိုက်နဲ့ဆိုတော့ ဘေးနားမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အားတင်းပြီးတော့ လုပ်နေရတာပေါ့" လို့ အခက်အခဲတွေကို ရခိုင်မျိုးဆက်သစ်အဖွဲ့သားတွေနှင့် အတူကျော်ဖြတ်နေတာကို မဒါဖြူက ပြောပြပါတယ်။
"ဒီအကျပ်အတည်းကာလမှာတော့ ပြည်သူတွေအနေနဲ့ တောင့်ခံနိုင်ဖို့လို့တော့လိုတာပေါ့။ ဒီလောက်ဆိုးရွားတဲ့ ကပ်ဆိုးတွေကိုလည်း ကျွန်မတို့တွေ ကြံ့ကြံ့ခံလာကြပြီးပြီလေ။ ရှေ့လာမဲ့ မနက်ဖြန်တွေမှာတော့ ပိုပြီးကောင်းမွန်တဲ့ တည်ဆောက်မှုတွေ ပြည့်စုံတဲ့ စနစ်တွေ ရှိလာမဲ့ရက်ကိုတော့ ကျွန်မတို့ တူတူစောင့်ကြဖို့လိုတယ်" လို့ သံမဏိလို ပြတ်သားတဲ့ သူမရဲ့ ယုံကြည်ချက်ကို မဒါဖြူက စိတ်အားတက်ကြွစွာနဲ့ ပြောပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ ပိတ်ဆို့မှုတွေအောက်မှာ ရုန်းကန်လှုပ်ရှားနေရပေမဲ့လည်း အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ရခိုင့်လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ရခိုင်မျိုးဆက်သစ်အဖွဲ့သားတွေမှာတော့ ယုံကြည်ချက် အပြည့်အဝနဲ့ ပြည်သူတွေကို ပံ့ပိုးကူညီနေကြအုံးမှာပါ။