ဘယ်လောက်ပင် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်များ ဖြစ်ပါစေ ခေတ်ပြိုင်လူ့အဖွဲ့အစည်း ရှင်သန်ခြင်းအတွက် အထောက်အပံ့မဖြစ်ဆိုရင် ပြောင်းလဲသင့်တာတွေကို ပြောင်းလဲဖို့ ဝန်မလေးသင့်ဘူး။

"ကပ်ဘေး" ဆိုတဲ့ စကားလုံးဟာ မြန်မာနိုင်ငံသားများနဲ့ အရမ်းကိုရင်းနှီးတဲ့ စကားလုံးတစ်လုံး ဖြစ်တယ်။ ဗုဒ္ဓဘာသာကိုးကွယ်သူများအဖို့ မနက်ညနေ ဘုရားရှိခိုးတိုင်း "ကပ်သုံးပါး"မှ လွတ်မြောက်စေဖို့ ဆုတောင်းလေ့ ရှိကြတယ်။ အလိုအလျောက်ဖြစ်လာတဲ့ သဘာဝကပ်ဘေး (Natural disaster) တွေ ရှိသလို လူသားတွေ ဖန်တီးလိုက်လို့ ဖြစ်လာတဲ့ ကပ်ဘေး (Man-Made Disasters) တွေလဲရှိကြတယ်။
ကပ်သုံးပါးကို ဗုဒ္ဓစာပေများမှာ ဒုဗ္ဘိက္ခန္တရ (ခေါ်) ငတ်မွတ်မှုကပ်ဘေး (Famine)၊ ရောဂန္တရ (ခေါ်) အနာရောဂါကျရောက်တဲ့ ကပ်ဘေး (Epidemics)နဲ့ သတ္ထန္တရ (ခေါ်) စစ်ဘေး (War) တွေလို့ဖော်ပြထားတယ်။ ကပ်ဘေးတစ်ခုခု ဖြစ်ပွားလာပြီဆိုရင် တစ်ခြားသောကပ်ဘေးတွေဟာလဲ ပထမကပ်ဘေးနောက်ကနေ အပေါင်းအဖော်များအဖြစ်နဲ့ ထက်ကြပ်မကွာ ကပ်ပါလာလေ့ရှိကြတယ်။ ၂၀၁၉ မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Covid-19 ကပ်ဘေးဟာ လူသားထု တစ်ရပ်လုံးအပေါ်မှာ သက်ရောက်မှု များစွာဖြစ်စေခဲ့တယ်။
ကိုဗစ်ကပ်ဘေးကို ရင်ဆိုင်တွန်းလှန်ဖို့ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံအသစ်တွေ(New Normal) ကိုလဲ ပြောင်းလဲခဲ့ကြရတယ်။ ပြောင်းလဲမှုကို လိုလိုလားလားလိုက်ပါနိုင်တဲ့ လူ့အသိုက်အဝန်းကတော့ အဆိုးဆုံးထဲကနေ အကောင်း လျှင်လျှင်မြန်မြန်နဲ့ ပြန်လည်နိုးထလာနိုင်ခဲ့ကြတယ်။
၂၀၁၈ နှစ်ကုန်ပိုင်းကနေ စစ်ဘေးဒဏ်သင့်ခဲ့တဲ့ ရခိုင်ဒေသကို မေလ ၁၄ရက်နေ့က မိုခါ(Mocha)ဆိုင်ကလုန်းမုန်တိုင်း ကပ်ဘေးက ဝင်ရောက်မွှေနှောက်သွားခဲ့တယ်။ စစ်ဘေးဒဏ်နဲ့ မုန်တိုင်းဒဏ် နှစ်ခုစလုံးကို ရင်ဆိုင်ခဲ့ရတဲ့ ဒေသခံပြည်သူအများစုဟာ ငတ်မွှတ်မှု၊ ရောဂါဘယ ထူပြောမှုတွေကို လက်ရှိအချိန်အထိ ရင်ဆိုင်နေကြရတယ်။
ယခုတစ်ဖန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစခဲ့တဲ့ တစ်ကျော့ပြန် စစ်ပွဲပဋိပက္ခဟာ ဘူးလေးရာဖရုံဆင့်နဲ့ ရခိုင်ပြည်ကို ရောက်လာခဲ့ပြန်တယ်။ ကပ်ဘေးတွေနဲ့ ရင်ဆိုင်ရပြီဆိုရင် အသက်သာဆုံး၊ ထိခိုက်မှုအနည်းဆုံး အလျှင်အမြန် ပြန်လည်နိုးထရေးဟာ အလွန်အရေးကြီးတယ်။
အလျင်အမြန်နဲ့ ပြန်လည်နှိုးထနိုင်ရေးအတွက်ဆို လူမှုနေထိုင်မှုပုံစံအသစ်ဟာ ရခိုင်ပြည်သူတို့ လမဖြစ်မနေပြောင်းလဲကျင့်သုံးရမည့် နည်းလမ်းလဲဖြစ်တယ်။ နဂိုခေါက်ရိုးကျိုးနေတဲ့ အမှုအကျင့်ကို အပြောင်းအလဲလုပ်ရတာ အမှန်တော့ လွယ်ကူလှတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ နေထိုင်မှုပုံစံပြောင်းလဲရေးဟာ ရခိုင်လူထုအတွက် အရေးတကြီးနဲ့ လိုအပ်လျက်ရှိတယ်။
ဘယ်လောက်ပင် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်များ ဖြစ်ပစေ ခေတ်ပြိုင်လူ့အဖွဲ့အစည်း ရှင်သန်ခြင်းအတွက် အထောက်အပံ့မဖြစ်ဆိုလျှင် ပြောင်းလဲသင့်သည်များကို ပြောင်းလဲဖို့ ဝန်မလေးသင့်ပေ။ ရေရှည်အကျိုးကို မျှော်ကိုးပြီး ပြောင်းလဲဖို့ မည်မျှပင် ခက်ခဲ့သည် ဖြစ်စေ၊ အနာဂတ်မျိုးဆက်သစ်များ အတွက် အကျိူးရှိရန် အနစ်နာခံကာ လက်ဆင့်ကမ်းပြီး ပြောင်းလဲ ပေးရပါလိမ့်မယ်။ နေထိုင်မှုပုံစံသစ်ဖြင့် အဆိုးထဲမှ အကောင်း၊ အရှုံးထဲမှ အမြတ်များကို ရယူရန် နည်းလမ်းများလည်း ရှိသည်ကို ကျွန်တော်တို့သိရှိထားဖို့လိုအပ်ပါသည်။
နေထိုင်မှုပုံစံအသစ်များကို ဘယ်လိုပြောင်းလဲကြမလဲ
နေထိုင်မှုပုံစံအသစ်တွေ ပြောင်းလဲရေးဟာ လွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တွေ့မှာပါ၊ ရေရှည်မှာပါ ကျင့်သုံးသွားမယ်ဆို နေထိုင်မှုပုံစံသစ်တွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျလာတဲ့အပြင် ခေတ်နဲ့လျော်ညီပြီး အကျိူးဖြစ်ထွန်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့လိုက်နာကျင့်သုံးဖို့လိုတဲ့ နေထိုင်မှုပုံစံအသစ် (၇) မျိူးကို မျှဝေလိုက်ပါတယ်။
၁။ ပလက်စတစ်အသုံးပြုမှုကို လျှော့ချပါ
ပလက်စတစ် အလွန်အမင်း အသုံးပြုမှုဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်လျှက်ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံများမှာ ဈေးဝယ်ရင် ကြွပ်ကြွပ်အိတ်ဖိုး အပိုဆောင်းပေးရလေ့ရှိပါတယ်။ ရခိုင်ဒေသမှာ သုံးစွဲနေတဲ့ ပလက်စတစ်အများစုဟာ ဒေသထွက်ကုန်တွေ မဟုတ်ပါဘူး။ အအေးဆိုင်များမှာ တစ်ခါသုံး ပလက်စတစ်ပိုက်ကိုမသုံးပဲ ဖန်ခွက်ဖြင့် တစ်ခါတည်းမော့သောက်ခြင်း၊ ဈေးဝယ်ထွက်ရင် ဈေးခြင်းတောင်းများကို အသုံးပြုခြင်း၊ မလိုအပ်ပဲ ကြွပ်ကြွပ်အိပ်အသုံးပြုမှုကို ငြင်းပယ်ခြင်း၊ သဘာဝအစားထိုးပစ္စည်းများဖြင့် အစားထိုးအသုံးပြုခြင်း၊ ပြန်လည်အသုံးပြု၍ရသော ပလက်စတစ်များကို အကြိမ်ကြိမ်အခါခါ အသုံးပြုခြင်းတို့ဟာ ပတ်ဝန်းကျင်ကို သန့်ရှင်းစေရုံသာမက ကုန်ကျစရိတ်ကို လျှော့ချနိုင်တဲ့ နေထိုင်မှုပုံစံအသစ်တစ်ခုပါပဲ။
၂။ အမှန်တကယ်လိုအပ်မှ ဝယ်ယူပါ
ဈေးဝယ်ထွက်တဲ့အခါ သင်ဘာကိုဝယ်မည် ဆိုသည်ကို လေးလေးနက်နက် စဉ်းစားကြည့်ပါ။ တတ်နိုင်လို့ ဝယ်နေတာလား၊ ဒါမှမဟုတ် တကယ်လိုအပ်ပြီး သုံးရမဲ့အရာလားဆိုတာကို သေသေချာချာစဉ်းစားသင့်ပါတယ်။ ခဏတာ အတွက်လား ဒါမှမဟုတ် ရည်ရှည် အသုံးတည့်မှာလား။ အဲဒါတွေက မလိုအပ်တဲ့ ပစ္စည်းတွေကို မဝယ်မိအောင် ကိုယ့်ကိုယ်ကို မေးနိုင်တဲ့ ရိုးရှင်းတဲ့ မေးခွန်းတွေပါ။ ဒါဟာ ပိုက်ဆံအိတ်နဲ့ ပတ်ဝန်းကျင်အတွက် ပိုပြီးကောင်းပါတယ်။ အရေးတကြီး အသုံးမလိုတဲ့ ပစ္စည်းများကို မဝယ်မိခြင်းဖြင့် ငွေပိုငွေလျှံများကို စုမိတဲ့အပြင် လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးတွေမှာ ပိုပြီးအားဖြည့်ပြီးတော့ အသုံးပြုနိုင်ပါတယ်။
၃။ အစားအစာဖြုန်းတီးခြင်းကို ရှောင်ကြဉ်ပါ
ပွင့်လင်းရာသီရောက်ပြီဆိုရင် ပွဲလမ်းသဘင်များကျင်းပလေ့ရှိကြပါတယ်။ ဘာသာရေးအခမ်းအနားများမှာ တွေ့ရတဲ့ စားကြွင်းစားကျန်အများစုဟာ အခုလို ကပ်ဘေးသင့်အချိန်မှာ အစားအစာလိုအပ်မှု မြင့်မားစေခြင်းကို ဖြစ်စေပါတယ်။ စားပွဲဝိုင်းတစ်ခုတည်းမှာ လက်ရည်တပြင်တည်း နှိုက်ယူစားသောက်ခြင်းဟာလဲ ယနေ့ခေတ်မှာ အလွန်အန္တရာယ် ကြီးမားပါတယ်။ ပွဲလမ်းသဘင်တွေမှာ ကျွေးမွေးတဲ့ အစားအသောက်တွေကို ကိုယ်တိုင်လိုသလောက်ယူ၊ လိုသလောက်စားတဲ့ ဘူဖေး(buffet)စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် ကုန်ကျစရိတ်ကို သက်သာစေရုံမက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေပါတယ်။ အမှိုက်စွန့်ပစ်မှုနည်းပါးကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ရာ ရောက်ပါတယ်။
၄။ မိသားစုကို အချိန်ပို၍ပေးပါ
အခုလို ကပ်ဘေးကာလမှာ အားလပ်တဲ့အချိန်များကို မိမိရဲ့ မိသားစုအတွက် သုံးသင့်ပါတယ်။ မိမိ၏ ရင်သွေးငယ်တွေကို စာသင်ပေးခြင်း၊ ကစားဖော်လုပ်ပေးခြင်း၊ ပုံပြောခြင်း၊ အပြန်အလှန်ခံစားချက်များကို မျှဝေခြင်းဖြင်း ပိုပြီးနွေးထွေးစေပြီးတော့ ပျော်ရွှင်စရာမိသားစုကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ မိဘများက မိမိ၏ရင်သွေးများကို အချိန်ပိုပေးခြင်းတဲ့ အတွက် ကလေးများဟာ မိမိကိုယ်မိမိ ယုံကြည်မှုပို၍ မြင့်မားစေပါတယ်။ မွေးနေ့ (သို့) အားလပ်ရက်များမှာ သူငယ်ချင်းများနှင့် သောက်စားပျော်ပါးနေခြင်းထက် မိမိ၏မိသားစုကို ချက်ပြုတ်ကျွေးမွေးခြင်းက ပို၍အဓိပ္ပာယ်ပြည့်ဝစေပါလိမ့်မည်။
၅။ စိမ်းလန်းသန့်ရှင်းသည့် ပတ်ဝန်းကျင်ကို ဖန်းတီးပါ
စက်သုံးဆီရှားပါးမှုနဲ့ ဈေးနှုန်းမြင့်မားမှုဟာ စက်တပ်ယာဉ်သုံးစွဲသူများကို များစွာ အခက်အခဲဖြစ်စေပါတယ်။ ဒါပေမဲ့ ရုပ်ကြွင်းလောင်စာသုံးစွဲမှုဟာ ကာဗွန်ထုတ်လွှတ်မှု မြင့်မားစေပြီးတော့ ဂေဟစနစ်အပေါ်မှာ များစွာသောဆိုးကျိုးတွေကို သက်ရောက်စေပါတယ်။ စက်ဘီးစီး၊ လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုစေပါတယ်။ မဖြစ်မနေ အသုံးပြုရမည်ဆိုလျှင်လည်း ခရီးစဉ်များကို အတိုဆုံးနှင့် စုပေါင်းအသုံးပြုခြင်းနည်းဖြင့် ဖြေရှင်းသင့်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများမှာ စက်ဘီးစီးခြင်း အလေ့အထကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။
၆။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ပါ
တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ဖို့ ကျေးလက်နဲ့ မြို့ပြဟာ အခြေအနေချင်း ကွာခြားနိုင်ပါတယ်။ ဒါပေမဲ့ ကပ်ဘေးအခြေအနေမှာ ကြိုးစားဖန်တီးယူခြင်း အလေ့အကျင့်နဲ့ စိတ်၏မွန်းကျပ်မှုကို အထိုက်အလျောက် ဖြေဖျောက်ပေးနိုင်တယ်ဆိုတာ အသေအချာပြောနိုင်ပါတယ်။ အိမ်ခေါင်မိုးနဲ့ ဝရံတာများကို စိုက်ခင်းငယ်လေးများအဖြစ် ဖန်တီးလို့ ရပါတယ်။ အရောင်အသွေစုံလင်တဲ့ ပန်းပွင့်တွေဟာ စိတ်ကိုတက်ကြွလန်ဆန်းစေသလို ကိုယ်တိုင်စိုက်ပျိုးတဲ့ စားပင်သီးပင်များကရတဲ့ အသီးအနှံများကို စားသုံးခြင်းဟာ ကျန်းမာရေးအတွက် ပိုပြီးယုံကြည်မှုကို ရစေပါတယ်။
၇။ ပြန်သုံးခြင်း၊ လှူဒါန်းခြင်းနှင့် အစားထိုးအသုံးပြုခြင်းကို ကျင့်သုံးပါ
တရုတ်နဲ့ ထိုင်းနိုင်ငံ စားသောက်ဆိုင်တွေမှာ တစ်ခါသုံးဝါးတူများကို အသုံးပြုခြင်းကို ရှောင်ကြည်ကြပါတယ်။ ဒါပေမဲ့ အကြိမ်ကြိမ်အဖန်ဖန် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေဟာ ငွေကုန်ကြေးကျကို သက်သာစေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရာလဲ ရောက်ပါတယ်။ ပစ္စည်းအသစ်တစ်ခုကို မဖြစ်မနေ ဝယ်ယူဖို့အတွက် ဆုံးဖြတ်ပြီးပြီဆိုရင် အဟောင်းကို လိုအပ်သူများအား လှူဒါန်းခြင်းဟာလဲ ကူညီပေးရာဖြစ်စေတဲ့အပြင် တစ်ပါးသူအတွက်ပါ အကျိူးဖြစ်ထွန်းစေပါတယ်။ အသုံးမလိုတော့တဲ့ စွန့်ပစ်ပစ္စည်းတွေကို မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အသုံးလိုသူ တစ်ခြားသူတစ်ယောက်ယောက်ကို ဖြစ်ဖြစ် ပြန်လည်အသုံးပြုနိုင်အောင် စနစ်တကျလုပ်ဆောင် ကူညီဖို့လိုပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ နေထိုင်မှုပုံစံအသစ်တွေကို ကပ်ဘေးသင့် ဒေသများမှာသာမက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ ကပ်ဘေးရဲ့ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲယူရန်မှာ နေထိုင်မှုပုံစံသစ်ကို ကျင့်သုံးရန်မှတပါး အခြားနည်းလမ်းတွေ မရှိပါဘူး။
နေထိုင်မှုပုံစံအသစ်တွေကို ကျင့်သုံးရန်မှာ ဘယ်ဥပဒေ၊ ဘယ်အာဏာပိုင်ကမှ တိုက်တွန်းနေစရာ မလိုအပ်ပါ။ ပြည်သူအချင်းချင်း ရင်ထဲကအသိ နှလုံးသားက ခံစားချက်ကသာ အရေးပါတယ်လို့ ဆိုချင်ပါတယ်။ ကျွန်တော်တို့ဟာ အနာဂတ်မျိုးဆက်သစ်တွေအတွက် အမှုအကျင့်ဟောင်းများကို စွန့်လွှတ်ကာ နေထိုင်မှုပုံစံအသစ်များဆီသို့ သွားကြပါစို့လို့ တိုက်တွန်း လိုက်ရပါတယ်။