The Akyab Post

    ပိုမိုကောင်းမွန်တဲ့ လူနေမှုစနစ်ရရှိဖို့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလေ့အကျင့် (၁၀) ခု

    ရေရှည်ဖွံဖြိုးတိုးတက်ရေးဆိုတဲ့ လူနေမှုစနစ်ဟာ ငွေအမြောက်ကုန်ကျနိုင်ပြီးတော့ ယခင်နဲ့ မတူကွဲပြားတဲ့ နေထိုင်မှုဘဝပုံစံတွေကို အပြောင်းအလဲလုပ်နိုင်မှသာ အကောင်အထည်ပေါ်လာလိမ့်မယ်လို့ လူအများစုက ယုံကြည်နေကြပါတယ်။ လက်တွေ့မှာတော့ ပိုမိုကောင်းမွန်တဲ့ လူနေမှုစနစ်ရရှိဖို့အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလေ့အကျင့်တွေဟာ ငွေကြေးကုန်ကျမှုမရှိတဲ့အပြင် ရိုးရှင်းလွယ်ကူပြီးတော့ မိမိတို့ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာ အကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေပါတယ်။

    ပိုမိုကောင်းမွန်တဲ့ လူနေမှုစနစ်ရရှိဖို့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလေ့အကျင့် (၁၀) ခု

    ကျွန်တော်တို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ဟာ တစ်စထက်တစ်စ ထိခိုက်ပျက်စီးလို့လာနေပါတယ်။ ဒီလိုထိခိုက်ပျက်စီးမှုတွေကို လူသားတွေဟာ အနည်းနဲ့အများ သတိပြုမိလာကြပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို လျော့နည်းလာအောင် ပြုမှုဆောင်ရွက်ခြင်းတွေဟာ ယနေ့ခေတ်မှာ ပိုမိုတွင်ကျယ်လာပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရမဲ့ တာဝန်ဟာ လူသားတွေသာဖြစ်ကြောင်းကို သိရှိလာကြတဲ့အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ စကားလုံးဟာ မကြာသေးမီ နှစ်ကာလများကနေ စတင်ပြီးတော့ ရေပန်းစားလာခဲ့ပါတယ်။

    ဒါပေမဲ့ ရေရှည်ဖွံဖြိုးတိုးတက်ရေးဆိုတဲ့ လူနေမှုစနစ်ဟာ ငွေအမြောက်ကုန်ကျနိုင်ပြီးတော့ ယခင်နဲ့ မတူကွဲပြားတဲ့ နေထိုင်မှုဘဝပုံစံတွေကို အပြောင်းအလဲလုပ်နိုင်မှသာ အကောင်အထည်ပေါ်လာလိမ့်မယ်လို့ လူအများစုက ယုံကြည်နေကြပါတယ်။ လက်တွေ့မှာတော့ ပိုမိုကောင်းမွန်တဲ့ လူနေမှုစနစ်ရရှိဖို့အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလေ့အကျင့်တွေဟာ ငွေကြေးကုန်ကျမှုမရှိတဲ့အပြင် ရိုးရှင်းလွယ်ကူပြီးတော့ မိမိတို့ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာ အကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေပါတယ်။

    ဒီဆောင်းပါးမှာတော့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ဖြစ်စေဖို့အတွက် ငွေကြေးကုန်ကျမှုမရှိတဲ့အပြင် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လဲ အထောက်အပံ့ဖြစ်စေတဲ့ အလေ့အကျင့် (၁၀) ခုကို ပြောပြပေးသွားမှာပါ။

    (၁) တစ်ခါသုံးပလတ်စတစ်ရေဘူးတွေ ဝယ်သုံးနေမဲ့အစား တစ်ကိုယ်ရေစာ ရေစစ်ဘူးလေးတွေကို သုံးကြည့်ပါ

    ပလတ်စတစ်ရေဘူးတွေကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေဟာ ဖော်ပြလို့မကုန်အောင် များပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ ခန့်မှန်းချက်တွေအရ တစ်မိနစ်မှာ ပလတ်စတစ်ရေဘူး အသုံးပြုတဲ့ အရေအတွက်ဟာ တစ်သန်းခန့်ရှိပြီးတော့ သုံးစွဲမှုရဲ့ (၉) ရာခိုင်နှုန်းလောက်ကိုသာ ပြန်လည်အသုံးပြုပစ္စည်းတွေ အဖြစ် ပြုလုပ်နိုင်သေးတယ်လို့ သိရှိရပါတယ်။

    ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်းတစ်ခုဖြစ်တဲ့ တစ်ကိုယ်ရေစာရေစစ်ဘူးလေးတွေကို သုံးခြင်းဟာ မလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို လျှော့ချနိုင်တဲ့အပြင် ရေရှည်မှာလဲ ငွေကြေးသုံးစွဲမှုကိုများစွာ လျှော့ချပေးနိုင်ပါတယ်။ တစ်ကိုယ်ရေစာရေစစ်ဘူးတွေဟာ တစ်ခါသုံးရေဘူးတွေ အကြိမ်ပေါင်းများစွာ ဝယ်သုံးနေတာထက် ကုန်ကျစရိတ်လဲ သက်သာမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါသုံးရေဘူးတွေ အသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေကိုလဲ များစွာ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

    (၂) အသုံးအဆောင်ပစ္စည်းတွေကို ရေရှည်အသုံးပြုနိုင်ရေးအတွက် ဂရုစိုက်ပါ

    များများသုံး များများထုတ်ဝါဒနဲ့ တာရှည်မခံတဲ့ အလွယ်တကူအစားထိုးကုန်ဝါဒတွေကြောင့် စွန့်ပစ်ပစ္စည်းတွေ များပြားလာတဲ့အပြင် သဘာဝအရင်းအမြစ်ဆုံးရှုံးမှုတွေကိုပါ ပိုဖြစ်ပေါ်စေပါတယ်။ မိမိပိုင်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဂရုတစိုက်အသုံးပြုခြင်းဟာ များများသုံးများများထုတ်ဝါဒကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကို လျှော့ချနိုင်တဲ့အပြင် အသုံးအဆောင်ပစ္စည်းတွေရဲ့ သက်တမ်းထက် ပိုမိုကြာရှည်အောင် အသုံးပြုနိုင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းတစ်ခုလဲ ဖြစ်ပါတယ်။ အဝတ်အထည်တွေကို ပြန်လည်ဖာထေးပြီးတော့ ဝတ်ဆင်ခြင်းနဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင် အသုံးပြုခြင်းဟာ အသုံးအဆောင်ပစ္စည်းတွေကို တာရှည်အသုံးခံအောင် အသုံးပြုခြင်း နည်းလမ်းတွေထဲက သိသာထင်ရှားတဲ့ဥပမာတွေပဲ ဖြစ်ပါတယ်။

    (၃) အပြင်စာတွေ အမြဲတမ်းဝယ်စားနေမဲ့အစား ထမင်းဘူးလေးတွေ ပြင်ဆင်သွားပေးပါ

    စားသောက်ဆိုင်တွေမှာ နေ့စဉ်ရက်ဆက်လိုလို သွားစားနေတာ၊ ရယ်ဒီမိတ်စားသောက်ကုန်တွေကို အမြဲတမ်းလိုလို ဝယ်ယူစားသောက်နေခြင်းဟာ အစားအသောက်အလေအလွင့်တွေကို ပိုဖြစ်စေပါတယ်။ တစ်ကိုယ်ရေစာ ထမင်းဘူးလေးတွေကို ပြင်ဆင်သွားခြင်းဟာ အစားအသောက်စွန့်ပစ်ပစ္စည်းတွေကို လျှော့ချရာရောက်တဲ့ အပြင် ငွေကြေးသက်သာပြီးတော့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ပတ်စာအချိန်ဇယားအတိုင်းဝယ်ယူပြီးတော့ ရေခဲသေတ္တာထဲမှာ စနစ်တကျသိုလှောင်ကာ နေ့လည်စာထမင်းဘူးလေးတွေ ပြင်ဆင်သွားခြင်းဟာ အချိန်ကုန်သက်သာပြီးတော့ ခန္ဓာအတွက်လဲလိုအပ်တဲ့ အာဟာရဓာတ်မျိုးစုံကိုရရှိစေပါတယ်။

    တစ်ကိုယ်ရေစာ ထမင်းဘူးလေးတွေဟာ စားကြွင်းစားကျန်နဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့်တိုးလာတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကိုပါ လျှော့ချပေးနိုင်ပြီးတော့ ရိုးရှင်း လွယ်ကူပြီး လူတိုင်းအတွက်လဲ လိုက်နာဖို့လွယ်ကူတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလေ့အကျင့်တစ်ခုလဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရေစာအတွက် အသုံးပြုထားတဲ့ နေ့လည်စာဘူးလေးတွေကို ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေနဲ့ဖြစ်ဖြစ် အစွန်းအပေခံနိုင်တဲ့ စတီးထမင်းဘူး ဒါမှမဟုတ် ဝါးထမင်းဘူးလေးတွေနဲ့ဖြစ်ဖြစ် ထုတ်ပိုးခြင်းဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုတွန်းအားပေးရာရောက်ပါတယ်။

    (၄) စားသုံးလို့ရသေးတဲ့ စားကြွင်းစားကျန်တွေကို အလေအလွင့်မဖြစ်ပါစေနဲ့

    အစားအသောက်တွေကနေ ထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို အတတ်နိုင်ဆုံး လျှော့ချခြင်းဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာမှာ အရေးပါဆုံး အခန်းကဏ္ဍတစ်ခုဖြစ်တဲ့အပြင် စားသုံးလို့ရသေးတဲ့ စားကြွင်းစားကျန်တွေကို စနစ်တကျသိမ်းဆည်းပြီးတော့ ကျန်းမာရေးနှင့်ညီညွတ်အောင် ပြန်လည်ချက်ပြုတ်စားသုံးခြင်းဟာလဲ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

    ဒါကြောင့် အစားအသောက်တွေ အလေအလွင့်ဖြစ်မှုကို အတတ်နိုင်ဆုံးလျှော့ချဖို့နဲ့ စနစ်တကျပြန်လည် သိမ်းဆည်းနိုင်ဖို့အတွက်ဆို လေလုံတဲ့ အဖုံးအပိတ်ဘူးတွေနဲ့ဖြစ်စေ ပြန်လည်အသုံးပြုနိုင်တဲ့ ဆီလီကွန်အိတ်တွေနဲ့ဖြစ်စေ စနစ်တကျ ပြန်လည်သိမ်းဆည်းတဲ့ နည်းလမ်းတွေနဲ့ စတင်ကြည့်လို့ရပါတယ်။

    ဒီနည်းလမ်းတွေအပြင် အစားအသောက်တွေကို ပစ္စည်းအမျိုးအမည်အလိုက်၊ သက်တမ်းကုန်ဆုံးမဲ့နေ့အလိုက် အစီအစဉ်တကျ မှတ်သားထားပြီးတော့ လုပ်ဆောင်ခြင်းဟာလဲ အစားအသောက်တွေကို မပုတ်သိုးမပျက်စီးဖို့အတွက် ကာကွယ်ရာရောက်စေပါတယ်။ ဒီလိုနည်းလမ်းတွေကို စနစ်တကျနဲ့ ပုံမှန်သာလုပ်ဆောင်နိုင်မည်ဆိုရင် အစားအသောက်အလေအလွှင့်ဖြစ်ခြင်းဟာလဲ လျှော့နည်းသွားမဲ့အပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အထောက်အပံ့ဖြစ်စေတဲ့ နည်းလမ်းလေးတစ်ခုပါ။

    (၅) လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေတဲ့ Air Fresherများ၊ အမွှေးနံ့သာများသုံးခြင်းကို လျော့ချပါ

    ရယ်ဒီမိတ်ထုတ်လုပ်ထားတဲ့ အမွှေးနံ့သာတွေ၊ Air Fresher တွေဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့အပြင် ကျန်းမာရေးအတွက်လဲ အဆိပ်အတောက်ဖြစ်စေပါတယ်။ ရယ်ဒီမိတ် အမွှေးနံ့သာတွေ၊ Air Fresher တွေ အသုံးပြုတာကို လျှော့ချပြီးတော့ လေကောင်းလေသန့်ရရှိအောင် အိမ်မှာရှိတဲ့ ပြတင်းတံခါးတွေကို ဖွင့်ထားခြင်းဟာလဲ ငွေကုန်ကြေးကျမရှိစေပဲ ရေရှည်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေတဲ့ နည်းလမ်းလေး တစ်ခုပါ။ ဒီလို ပြတင်းတံခါးတွေ ဖွင့်ထားလိုက်တာအပြင် အိမ်တွင်းမှာ အပင်တွေစိုက်ပေးတာဟာလဲ အနံ့ဆိုးတွေ၊ အနံ့အသက်မကောင်းတာတွေ ပျောက်နိုင်ပြီးတော့ ရေရှည်ဖွံ့ဖြိုးရေးအတွက်ပါ အထောက်အပံ့ဖြစ်စေပါတယ်။

    (၆) အဝတ်အစားအသစ်တွေ အမြဲတမ်းဝယ်နေခြင်းကို ရှောင်ကြည်ပါ

    ခေတ်နဲ့အပြိုင် ထုတ်လုပ်နေတဲ့ ဖက်ရှင်ဒီဇိုင်းသစ်တွေ၊ အဝတ်အစားအသစ်တွေကြောင့် စွန့်ပစ်အဝတ်အစားတွေဟာ သန်းနဲ့ချီပြီးတော့ အမှိုက်အဖြစ်ကို ရောက်ရှိကုန်ပါတယ်။ စွန့်ပစ်အဝတ်အစားတွေကို ပင်လယ်၊ သမုဒ္ဒရာတွေထဲမှာ စွန့်ပစ်လိုက်တာကြောင့် ကမ္ဘာ့ရေထုဟာ နေ့စဉ်နဲ့အမျှ ညစ်ညမ်းမှုဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီလို စွန့်ပစ်အဝတ်အစားတွေ ဖြစ်ပေါ်တာကို လျော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အဝတ်စားသစ်တွေ အဆက်မပြတ်ဝယ်ယူနေတာကို ရပ်တန့်လိုက်ဖို့ပါ။ လိုအပ်လို့ အဝတ်အစားသစ်တွေ ဝယ်ယူတဲ့အခါလဲ ရာသီဥတုတိုင်းမှာ ဝတ်ဆင်လို့ရတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝယ်ယူပြီးတော့ အလေအလွင့် နည်းနိုင်သမျှနိုင်အောင် လုပ်ဆောင်ခြင်းဟာလဲ အကုန်အကျ သက်သာစေကာ ရေရှည်ဖွံ့ဖြိုးရေးအတွက်ပါ အထောက်အပံ့ဖြစ်စေတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။

    (၇) ရေကိုချွေတာသုံးစွဲပါ

    ကျွန်တော်တို့ သတိမထားမိပဲ ရေပိုက်ခေါင်းတွေကို ဖွင့်ထားတာကြောင့် နေ့တိုင်းလိုလို ရေချိုသယံဇာတွေ ဆုံးရှုံးနေပါတယ်။ ရေချိုအရင်းအမြစ်တွေဟာ သတိမပြုမှုမိတဲ့ အကြောင်းအရာလေးတွေကနေ နှစ်စဉ်နှစ်တိုင်း ရေဂါလံသောင်းနဲ့ချီပြီးတော့ ဆုံးရှုံးနေပါတယ်။ ရေချိုအရင်းအမြစ်တွေ နည်းပါးလာခြင်းကြောင့် ကမ္ဘာ့လူဦးရေရဲ့ အများစုဟာ ရေပြဿနာနဲ့ နှစ်တိုင်းလိုလိုကြုံတွေ့နေရပါတယ်။ ဒါကြောင့် ရေကို ချွေတာ သုံးစွဲခြင်းဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းရဲ့ လက္ခဏာတစ်ခုဖြစ်သလို ရေဖိုးအတွက် အခွန်ဆောင်နေရတဲ့ အသုံးစရိတ်ကိုပါ လျော့ချပေးရာရောက်ပါတယ်။

    (၈) အိမ်ပြင်ထွက်မည့်အချိန်များ (သို့) နေ့လည်နေ့ခင်းအချိန်များတွင် လျှပ်စစ်မီးကို ပိတ်ထားပေးပါ

    စွမ်းအင်သုံးစွဲမှု ချွှေတာဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုနှုန်း လျော့ကျစေဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကတော့ နေ့အလင်းရောင်ကောင်းမွန်စွာရတဲ့ နေ့လည်နေ့ခင်းတွေမှာ လျှပ်စစ်မီးများကို အတတ်နိုင်ဆုံး ပိတ်ထားပေးဖို့ ဖြစ်ပါတယ်။ လူအများစုဟာ မိမိတို့နေအိမ်မှာရှိတဲ့ လျှပ်စစ်မီးများကို နေ့လည်နေ့ခင်းအချိန်တွေမှာပါ မလိုအပ်ဘဲဖွင့်ထားမိလေ့ရှိကြပါတယ်။ ဒီလို အလေ့အကျင့်ဟာ စွမ်းအင်သုံးစွဲမှုနှုန်းကို သိသိသာသာမြင့်တက်စေတဲ့ အလေ့အကျင့်တစ်ခုဖြစ်တဲ့အပြင် ကျွန်တော်တို့အနေနဲ့ ရေရှည်မှာမလုပ်မိအောင် သတိပြုရမဲ့အချက်တစ်ချက်လဲ ဖြစ်ပါတယ်။

    အခန်းမီးတွေကို အလေအလွင့်မဖြစ်အောင် အသုံးပြုပြီးတဲ့အချိန်တွေမှာ ဂရုတစိုက်နဲ့ ပြန်ပိတ်ထားပေးခြင်းဟာ မလိုအပ်ဘဲသုံးစွဲမိနေတဲ့ စွမ်းအင်တွေကို လျှော့ချရာရောက်တဲ့အပြင် လစဉ်ပေးဆောင်နေရတဲ့ လျှပ်စစ်သုံးစွဲစရိတ်တွေကိုပါ ချွေတာရာရောက်စေပါတယ်။ စွမ်းအင်လျော့ချခြင်းဟာ မိမိတို့နေထိုင်နေတဲ့ ကမ္ဘာကြီးကိုပါ တစ်ဖက်တစ်လမ်းက ကာကွယ်ထိန်းသိမ်းပေးနိုင်မှာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့လည်နေ့ခင်းအချိန်တွေမှာ နေ့အလင်းရောင်ကောင်းမွန်စွာ ရရှိခြင်းကြောင့် ညဖက်တွေမှာ နှစ်ခြိုက်စွာအိပ်စက်နိုင်ပြီး တစ်နေ့တာကို လန်းဆန်းတက်ကြွမှုအပြည့်နဲ့ ကုန်ဆုံးနိုင်မှာလဲဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့သယံဇာတတွေမထိခိုက်စေတဲ့ နေ့အလင်းရောင်ကို မိမိနေအိမ်မှာရှိတဲ့ ပြတင်းပေါက် ဒါမှမဟုတ် ခန်းဆီးလိုက်ကာတွေကို ဖွင့်လိုက်ရုံနဲ့တင် လုံလုံလောက်လောက် ရရှိနိုင်သားနဲ့ လျှပ်စစ်မီးများကိုအသုံးမပြုမိဖို့လိုအပ်ပါတယ်။

    (၉) ရေချိူးတံဘက်များကို ဆယ်ကြိမ်ထက်မနည်း အသုံးပြုပြီးမှ လျှော်ဖွတ်ပါ

    ရေချိူးတံဘက်တွေကို တစ်ကြိမ်အသုံးပြုပြီးတိုင်း၊ တစ်ကြိမ်စီ လျှော်ဖွတ်လေ့ရှိပါသလား။ ဒီလို လျှော်ဖွတ်တဲ့အလေ့အထဟာ ရေချိူးတံဘက်တွေရဲ့ အသုံးပြုနိုင်တဲ့ သက်တမ်းကို ပိုတိုတောင်းစေပြီးတော့ ရေနဲ့ အခြားသော စွမ်းအင်တွေကိုလဲ ဖြုန်းတီးရာရောက်စေပါတယ်။ ဒါ့အပြင် ရေချိူးတံဘက်တွေကို ရေနွေးနဲ့လျှော်ဖွတ်တာဟာ ရေချိူးတံဘက်တွေမှာပါတဲ့ အမွေးနုလေးတွေကို ဖျက်ဆီးရာ ရောက်စေပြီးတော့ စွန့်ပစ်အမှိုက် အဖြစ်ရောက်စေဖို့အတွက် ပိုလွယ်ကူသွားပါတယ်။ ဒါ့ကြောင့် ရေချိူးတံဘက်တွေကို တစ်ကြိမ်သုံးပြီးတိုင်း လျှော်ဖွတ်တဲ့ အလေ့အထထက် သုံးပြီးတာနဲ့ နေရောင်ရတဲ့ နေရာမှာ လှန်းထားတာ၊ လေရရှိတဲ့ နေရာတွေမှာ လှန်းထားတာတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလို ပြုလုပ်ထားခြင်းဟာ ရေချိူးတံဘက်တွေကို သန့်ရှင်းရာရောက်သလို ရေရှည်ဖွံ့ဖြိုးတဲ့ နည်းလမ်းတွေနဲ့လဲ ကိုက်ညီနေပါတယ်။

    (၁၀) အဝတ်အစားတွေကို ရေအေးနဲ့လျှော်ပါ

    ရေပူနဲ့ အဝတ်အအစားတွေကို လျှော်ဖွတ်တဲ့ အလေ့အထရှိပါသလား။ ဒီအလေ့အထဟာ အဝတ်အစားတွေကို ပိုပြီးတော့ ပျက်စီးစေပြီး၊ အဝတ်အစားတွေလျှော်ဖွတ်ဖို့အတွက် စွမ်းအင်တွေကိုပိုသုံးရာရောက်​ပါတယ်။ ဒါ့အပြင် ရေအေးနဲ့လျှော်ဖို့အတွက်ပဲ သီးသန့်ထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေမှာ ပလတ်စတစ်မပါဝင်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ကျစေပါတယ်။ ရေအေးနဲ့ အဝတ်အစားတွေကို လျှော်ဖွတ်တဲ့အခါ အဝတ်အစားတွေ အရောင်လွင့်ပြယ်ခြင်း၊ ကျုံ့ခြင်းကိုကာကွယ်ပေးတဲ့အပြင် အဝတ်အစားတွေရဲ့သက်တမ်းကိုပါ ပိုကြာရှည်စေပါတယ်။

    အထက်မှာပြောပြပေးသွားတဲ့ နည်းလမ်းလေးတွေဟာ သေးငယ်တဲ့ပြောင်းလဲမှုတွေဖြစ်ပေမဲ့ သေးငယ်တဲ့ အပြောင်းအလဲတွေကနေ ဖော်ဆောင်တဲ့ သက်ရောက်မှုဟာ ကြီးမားတဲ့ ကွဲပြားမှုကို ဖြစ်ပေါ်စေပါတယ်။ ရေရှည်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်တဲ့ အပြုမှုတွေဟာ နောက်မျိူးဆက်တွေအထိပါ သက်ရောက်မှုရှိစေပြီးတော့ တစ်ဦးတစ်ယောက်ချင်းစီကနေ ပါဝင်ဖို့လိုအပ်ပါတယ်။ တစ်ဦးတစ်ယောက်တည်းမှ စတင်တဲ့ အပြောင်းအလဲကနေ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူတိုင်းကို လက်တွဲခေါ်ဆောင်သွားရမှာဖြစ်ပြီးတော့ ရေရှည်ဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ အတူတူ လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အတူတူ ရေရှည်ဖွံ့ဖြိုးတဲ့ အနာဂတ်ကို ဖော်ဆောင်ပြီးတော့ ကောင်းမွန်တဲ့ အရာတွေကို နောက်မျိုးဆက်တွေအထိ သယ်သွားနိုင်ကြပါစေ။

    တဂ်တပ်ထားသော

    ဆက်စပ်အကြောင်းအရာများ