The Akyab Post

    ရေကြီးရေလျှံပြဿနာကို ဆေးမြီးတိုနဲ့ ကုသလို့ ရနိုင်မလား

    "ရေကြီးရေလျှံရခြင်း၏ ဇစ်မြစ်ကို အဖြေရှာရန် မကြိုးစားပဲ ဘေးအန္တရာယ်ကြုံတွေ့လာလျှင် တာဝန်ရှိသူနှင့် အလှူရှင်များမှ မစို့မပို့သော ကယ်ဆယ်ရေးထောက်ပံ့လိုက်နှင့် လုံးချာလိုက်နေသည်မှာ လက်ခံစရာမကောင်းသော အရာပင်ဖြစ်သည်။" (ဆောင်းပါးကောက်နှုတ်ချက်)

    ရေကြီးရေလျှံပြဿနာကို ဆေးမြီးတိုနဲ့ ကုသလို့
ရနိုင်မလား

    ရေကြီးရေလျှံမှုရဲ့ နောက်ကွယ်ကအကြောင်းအရင်း

    လက်ရှိ ကမ္ဘာကြီးတွင် ဒေသတစ်ခုမဟုတ်လျှင် နောက်ဒေသတစ်ခုတွင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသည်။ ရေကြီးရေလျှံမှုများနှင့် ရာသီဥတု ပြောင်းလဲမှုတို့၏ ဆက်စပ်နေမှုကို စပ်ဟပ်ကြည့်ရန် ပျက်ကွက်နေကြသည်ဟု ပညာရှင်များက ထောက်ပြကြသည်။ မကြာခဏဆိုသလို အပြင်းအထန် ရေကြီးရေလျှံမှုများ၏ အကြောင်းအရင်းကိုရှာရန်နှင့် အထောက်အထားအများကို မှတ်တမ်းပြုစုရန် အကန့်အသတ်များ ဖြစ်ပေါ်လျှက်ရှိသည်။

    ရေကြီးရေလျှံမှုများသည် မုတ်သုံရာသီရောက်တိုင်း မြန်မာနိုင်ငံဒေသအဝှမ်းတွင် ကြုံတွေ့နေကျ နာတာရှည် ပြဿနာတစ်ခု ဖြစ်နေခဲ့သည်မှာ နှစ်ပရိစ္ဆေတ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရေကြီးရေလျှံမှုများသည် တခြားသော သဘာဝဘေး အန္တရာယ်များနှင့် နှိုင်းယဉ်လျှင် ဒုတိယ အဖြစ်များဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ကာ တစ်နိုင်ငံလုံးအားဖြင့် ၅၀ ရာခိုင်နှုန်းကျော်ရှိကာ ရေကြီးရေလျှံမှုများကြောင့် နှစ်စဉ်နှစ်တိုင်း မြန်မာကျပ်ငွေ ဘီလီယံပေါင်းများစွာကို ဆုံးရှုံးနေရသည်။ ထိုအထဲတွင် စိုက်ပျိုးရေးတောင်သူများနှင့် ကျေးလက်နေပြည်သူများမှာ နစ်နာဆုံးရှုံးမှု အများဆုံး ဖြစ်သည်။

    သဘာဝဘေးအန္တရာယ်များသည် သဘာဝအလျှောက် ဖြစ်ပေါ်လာသလို လူသားများ၏ ပယောဂများကြောင့်လည်း ဖြစ်ပွားလေ့ရှိသည်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများနှင့် မိုးခေါင်ရေရှားခြင်းများသည် မြန်မာနိုင်ငံတွင် အဖြစ်များဆုံး သဘာဝဘေးအန္တရာယ်များ ဖြစ်သည်။ ရေကြီးရေလျှံရခြင်း၏ အဓိက ဇစ်မြစ်မှာ ပုံမှန်မဟုတ်သော မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆီနှင်းများ အရည်ပျော်ကြခြင်း၊ ကမ်းရိုးတန်းမုန်တိုင်းများ တိုက်ခတ်ခြင်း၊ မြစ်ကြောင်းများ ကျဉ်းမြောင်းကာ ရေစီးကြောင်းများ ပြောင်းလဲလာခြင်း၊ မြစ်ဝနုန်းအနည်များကို စနစ်တကျ ထိန်းသိမ်း ဖယ်ရှားရန် ပျက်ကွက်ခြင်း၊ ဆည်မြောင်း ရေကာတာ တူးမြောင်းများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာ ဒီဇိုင်းနှင့် တွက်ချက်မှု မှားယွင်းမှုများသည် အဓိကဖြစ်သည်။

    ထိုထက်ပို၍ ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေသော လက်သည်တရားခံကြီးမှာ အပူပိုင်း မိုးသစ်တောနှင့် ဒီရေတောများ အဆမတန် ပြုန်းတီးသွားခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၀ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်း တစ်နှစ်လျှင် သစ်တောဧရိယာ ပျမ်းမျှ ဟက်တာ ၀.၅သန်း ခန့်ဆုံးရှုံးခဲ့ရသည်။ ဒေသခံများသည် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ရန် ကြိုးစားနေကြသော်လည်း လက်နက်ကိုင်ပဋိပက္ခနှင့် အစိုးရ၏ ဖွံဖြိုးရေး စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ကြီးထွားစေခဲ့သည်ဟု Project Yokkasoe ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှု၏ အကြောင်းအရင်းမှာ သဘာဝဂေဟစနစ်များ ပျက်စီးယိုယွင်းမှုသည် အဓိကဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ထောက်ပြကြသည်။

    နောက်ကွယ်က လက်သည်တရားခံ ဘယ်သူလဲ

    မြန်မာနိုင်ငံ၏ မုတ်သုံရာသီဥတုမှာ အလွန်တိုတောင်းလှသော်လည်း ၂၀၀၅ ခုနှစ်မှ စတင်ကာ မုတ်သုံမိုး ရွာသွန်းမှုသည် ပုံမှန်မဟုတ်ပဲ ဖောက်ပြန်လာခဲ့သည်။ မုတ်သုံရာသီ ဖြစ်သည့်တိုင် နေ့စဉ်ရက်ဆက်ဆိုသလို နေသာနေတတ်သလို တစ်ခါတစ်ရံတွင် ရွာသွန်းနိုင်သည့် ပမာဏထက် သာလွန်၍ ရက်ဆက် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေသည်။ ၂၀၀၈ခုနှစ်မှ စတင်ကာ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်စသော ပြည်နယ်များနှင့် ရန်ကုန်၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီနှင့် ပဲခူးတိုင်း ဒေသကြီးများတွင် နှစ်စဉ်နှစ်တိုင်း ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

    အကျိုးဆက်များအဖြစ် ဂေဟစနစ်များ ကမောက်ကမဖြစ်ခြင်း၊ မြစ်ရေကြီး မြေပြိုခြင်း၊ အခြေခံအဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတိရစ္ဆာန်များ ဆုံးရှုံးခြင်းနှင့် လူ့အသက်များပါ ဆုံးရှုံးခြင်းများကို ခံစားကြရသည်။ ဆုံးရှုံးသွားသော စီးပွားရေး လူမှုရေးများ ပြန်လည် နာလန်ထရန် ရုန်းကန်ယင်းနှင့် ဒုက္ခဝဲဂယက်မှ ရုန်းမထွက်နိုင်ပဲ သံသရာ လည်နေကြရသည်။ မိုးရာသီ ရေကြီးရေလျှံမှုများကို ရေဘေးအန္တရာယ် မကြုံတွေရခင်ကတည်းက ရေတိုရေရှည် စီမံကိန်းများဖြင့် အချက်အလက်များ ကောက်ယူခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းများကို စနစ်တကျပြုလုပ်သင့်သည်ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်များက ထောက်ပြကြသည်။

    ယခင်က မိုးသုံးလေးရက်ဆက်တိုက် ရွာမှသာလျှင် ရေကြီးရေလျှံမှု ဖြစ်တတ်သော်လည်း ယခုနောက်ပိုင်းတွင် ချက်ချင်းဆိုသလို ရေကြီးရေလျှံမှုများကို ကြုံတွေ့နေရသည်။ ဤဖြစ်စဉ်သည် အပူပိုင်းမိုးသစ်တောများ ပြုန်းတီးပျက်စီးခြင်းကို ဖော်ပြနေခြင်းပင် ဖြစ်သည်။ မိုးသစ်တောများသည် ရွာသွန်းသော မိုးရေများကို စုပ်ယူကာ မြေအောက်ရေများအဖြစ် သိုလှောင်ပေးသည့် ရေလှောင်ကန်ကြီးနှင့် တူသည်။ တောင်ကတုံးများသည် မိုးရေများကို စုပ်ယူနိုင်စွမ်းမရှိပဲ ရွာသမျှသော မိုးရေများကို မြေနိမ့်ပိုင်းများသို့ ဒလဟော စီးဆင်းခြင်းဖြင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကို ဖြစ်ပေါ်စေသည်။ ဒါကြောင့် တာဝန်ရှိသူများသည် အကန့်အသတ်မဲ့ သစ်ထုတ်လုပ်မှုများကို ကန့်သတ်ထိန်းချုပ် ရပါလိမ့်မည်။ ပြုန်းတီးသွားသော တောင်ကတုံးများကို အစားထိုး ပြန်လည်စိုက်ပျိုးခြင်းများ ပြုလုပ်သင့်သည်။

    နောက်ထပ် ပြဿနာတစ်ခုမှာ မြစ်ချောင်းများကို ထိန်းသိမ်းရန်ပျက်ကွက်ခြင်းနှင့် တိမ်ကောလာခြင်းပင် ဖြစ်သည်။ သစ်တောများ ပြုန်းတီးခြင်းကြောင့် မြစ်ချောင်းများသို့ နုန်းအနည်များ ပို့ချမှု အဆက်မတန်များပြားကာ မြစ်ချောင်းများ ရေလက်ခံနိုင်မှု နည်းပါးသွားကာ ရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေသည်ဟု ရန်ကုန်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန ပါမောက္ခ(ငြိမ်း) ဒေါက်တာ ဆွေသွင်က ပြောကြားခဲ့ဖူးသည်။

    နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု

    ရခိုင်ပြည်၏ မြစ်ကြီးများဖြစ်သော ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် မယူမြစ်ဆုံရာ စစ်တွေမြစ်ဝှမ်းသည် တစ်နှစ်လျှင် ၁၀လက်မခန့်သော နုန်းမြေများ စုပုံအနည်ပို့ချခြင်းကို ခံနေရသည်။ မြောက်မြားစွာသော သဲတန်ချိန်များသည် အနည်ကျရာ ဖရုံကာကျွန်းများ၏ အစွယ်များအဖြစ် အရှိန်အဟုန်နှင့် ထိုးထွက်လာနေသည်။ ဤအနည်ပို့ချမှုသည် ရေကြောင်းသွားလာရေးများကို အနှောင့်အယှက်ပေးရုံမျှမက မြစ်ညာမြစ်ဝှမ်းဒေသများကိုလည်း ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေသည်။ သို့တိုင် တာဝန်ရှိသူ အဆက်ဆက်သည် ဤပြဿနာကို မျက်ကွယ်ပြုကာ ဖြေရှင်းရန်ပျက်ကွက် နေကြသည်။ ဤအတိုင်းသာ မပြုပြင် မထိန်းသိမ်းပဲ လစ်လျှူရှုနေပါက မကြာခင် မြစ်ကျိုးအင်းများအဖြစ် ပြောင်းလဲသွားကာ မြစ်ဝှမ်းဒေသတစ်ခုလုံးကို ရေလွှမ်းသွားစေနိုင်သည်။ မြစ်ဝှမ်းတွင် အနည်ပို့ချမှုများလာသည်နှင့် အမျှ မြစ်ညာဒေသ မြစ်ချောင်းများ၏ ကြမ်းပြင်များသည်လည်း တိမ်ကောလာခဲ့သည်။

    ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်များသည်လည်း ယခင်နှစ်များထက် အဆမတန်သော အနည်ပို့ချမှု မြင့်မားလာကာ မုတ္တမနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများတွင် အနည်များစုပုံလာခဲ့သည်။ အကျိုးဆက်များအဖြစ် မြစ်ကြမ်းပြင်များသည် နှစ်အနည်းငယ်အတွင်း လက်မ ၂၀ခန့် မြင့်တက်လာခဲ့သည်။

    ရေကြီးရေလျှံဖြစ်ခြင်းကို ဘယ်လိုကာကွယ်မလဲ

    ပင်လယ်ရေထွက်ပေါက် ပိတ်ဆို့ခြင်း(သို့) ကျဉ်းမြောင်းသွားခြင်းတို့ကြောင့် မိုးသည်းထန်စွာရွာသွန်းသည့် အခါ ထိုမိုးရေများသည် မြေနိမ့်ပိုင်း လူနေအိမ်နှင့် စိုက်ခင်းများဆီသို့ ဦးတည်သွားကြသည်။ ထိုအခါ ကမ်းပါးများနှင့် တောင်နံရံများ ပြိုကျကာ ရေစီးနှင့်အတူ မျှောပါသွားပြီး လူမှုစီပွားဘဝများစွာ ဆုံးရှုံးသွားခဲ့ရသည်။ တာဝန်ရှိသူများ အနေဖြင့် နုန်းမြေပို့ချမှုကို သေချာစနစ်တကျ စောင့်ကြည့်ခြင်း၊ ဒေတာအချက်အလက်များ စုဆောင်းခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ ဆည်နှင့် တမံများ တည်ဆောက်ခြင်း၊ ရှိပြီးသားဆည်တမံများကို ခိုင်ခံ့အောင် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်မည်ဆိုလျှင် ရေကြီးရေလျှံမှုများကို အထိုက်အလျောက် လျှော့နိုင်လိမ့်မည်ဟု ဒေါက်တာ ဦးကျော်မိုးက အကြံပြုသည်။

    ယင်းအပြင် ရေလွမ်းမိုးမှုကို ကာကွယ်ရာတွင် ဆည်နှင့် တမံများဆောက်လုပ်ခြင်းကလည်း အလွန်အရေးပါသော အခန်းကဏ္ဍက ပါဝင်နေသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် G-K Project (The Ganges-Kobadak Irrigation Project)သည် ‌ရေကြီးရေလျှံမှုများကို လျှော့ချရန် ဆောက်လုပ်ခဲ့သည့် စီမံကိန်းဖြစ်သည်။ ရုတ်တရက် မိုးရေကြီးလာပါက ထိုမိုးရေများကို ဆည်တွင် သိုလှောင်ကာ ၎င်းမှတစ်ဆင့် ၁၉၃ ကီလိုမီတာ၊ ၄၆၇ ကီလိုမီတာနှင့် ၆၃၁ ကီလိုမီတာ အရှည်ရှိသော တူးမြောင်းသုံးခုဖြင့် ပင်လယ်ထဲသို့ စီးဝင်စေခြင်းဖြင့် ၁၀ ရာခိုင်နှုန်းသော ဒေသခံများကို ရေကြီးရေလျှံမှုများမှ အကာအကွယ် ပေးနိုင်ခဲ့သည်။ ထိုင်းနိုင်ငံ၊ ချောက်ဖယား မြစ်ဝှမ်း စီမံကိန်း (Chaophaya Basin Project)သည်လည်း မြေနိမ့်ပိုင်း ဘန်ကောက်မြို့၏ မိုးရေနှင့် ဒီရေကို ဟန်ချက်ညီညီထိန်းညှိပေးပြီး ရေကြီးရေလျှံမှုများမှ ကာကွယ်ပေးလျှက် ရှိသည်။

    အစိုးရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှု

    ရခိုင်ပြည်တွင် အစိုးရအဆက်ဆက်သည် ဆည်နှင့် တမံအများအပြားကို တည်ဆောက်ခဲ့ကြသည်။ သို့သော် အားလုံးနီးပါးဆည်များတမံများသည် ဒေသခံများ၏ အကျိုးစီးပွားထက် အုပ်ချုပ်သူများ၊ သူတို့နှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းရှင်များ၏ အကျိူးကိုသာ ဖြစ်ထွန်းခဲ့သည်။ ဆည်များဆောက်လုပ်ခြင်းကြောင့် ကောင်းကျိုးထက် ဒေသခံများ နေရာပြောင်းရွှေ့ပေးရမှုကိုသာ ဖြစ်ခဲ့ကာ အိုးအိမ်၊ စိုက်ပျိုးမြေနှင့် သက်မွေးဝမ်းကျောင်းမှုများ ဆုံးရှုံးခဲ့ရပြီး လူမှုစီးပွားရေးများမှာလည်း နိမ့်ကျခဲ့ရသည်။ ဥပမာ ဇီးချောင်းဆည်၊ ပြိုင်ချောင်းဆည်နှင့် ခမီချောင်းဆည်များသည် အသုံးမဝင်သော ဆည်သေများ အဖြစ် ယခုထက်တိုင် ရှိနေဆဲဖြစ်သည်။

    မြို့ပြများတွင်လည်း ရေကြီးရေလျှံမှုများနှင့် လွတ်ကင်းသည်တော့ မဟုတ်။ ရေမြောင်းများပိတ်ဆို့ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်မှု မရှိခြင်းသည် မြို့ပြများတွင်ရေကြီးရေလျှံမှုဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းများ ဖြစ်သည်။ စနစ်တကျမရှိသော စိုက်ပျိုးမြေများကို အကွက်ရိုက်ကာ အသစ်တိုးချဲ့လာသည့် မြို့ပြစီမံကိန်းများကလည်း ရေကြီးရေလျှံမှု အကြောင်းအရင်းထဲတွင် အပါအဝင်တစ်ခုဖြစ်သည်။ မြို့ပြ၏ အဓိက အင်္ဂါရပ်ထဲက အဓိကအရေးပါသော ရေမြောင်းဖောက်လုပ်မှုကို စည်ပင်သာယာရေးက ဆောင်ရွက်နေသော်လည်း ခေတ်မမှီခြင်း၊ စနစ်မကျခြင်း၊ ငွေကြေးလုံလောက်အောင် မသုံးစွဲခြင်း၊ ပညာရှင်များ၏ အကြံဉာဏ်များကို ရယူရန် ငြင်းပယ်ခြင်း၊ ပြည်သူများကို အသိပညာပေးရန် ပျက်ကွက်ခြင်း များက ရေကြီးရေလျှံမှုကို ကာကွယ်ရန် လိုသလောက်ခရီးမရောက်ပဲ ဖြစ်နေသည်။

    ရေကြီးရေလျှံမှုကို ဆေးမြီတိုနဲ့ ကုသလို့ရနိုင်မလား

    မြန်မာနိုင်ငံ၏ မိုးရွာသွန်းမှု ကာလသည် အလွန်တိုတောင်းလှသည်။ မုတ်သုံမိုးအားကောင်းသည့် သုံးလခန့်သာ ရေကြီးရေလျှံမှုများကို ခံစားရသည်။ ကျန်လများသည် ခြောက်သွေ့ရာသီများဖြစ်သည်။ ထိုတိုတောင်းသော ကာလတစ်ခု၏ ဘေးအန္တရာယ်ကို ရေးကြီးခွင်ကျယ်လုပ်၍ ဖြေရှင်းပေရန် မလိုအပ်ဟု တာဝန်ရှိသူများက ထင်ကောင်းထင်ပေလိမ့်မည်။ ရေကြီးရေလျှံရခြင်း၏ ဇစ်မြစ်ကို အဖြေရှာရန်
    မကြိုးစားပဲ ဘေးအန္တရာယ်ကြုံတွေ့လာလျှင် တာဝန်ရှိသူနှင့် အလှူရှင်များမှ မစို့မပို့သော ကယ်ဆယ်ရေးထောက်ပံ့လိုက်နှင့် လုံးချာလိုက်နေသည်မှာ လက်ခံစရာမကောင်းသော အရာပင်ဖြစ်သည်။ အဓိက တောင်သူများနှင့် ကျေးလက်နေပြည်သူများ၏ နှစ်တိုင်းလိုလို အသစ်က အဖန်ဖန်ပြန်စနေရသော သူတို့၏ လူမှုဘဝ သည်ရှေးမရောက်ပဲ ဒုက္ခနွံတွင်းမှ ရုန်းမထွက်နိုင်တော့ပေ။ ထိုအခက်အခဲ များကို တာဝန်ရှိသူများမှ ရေရှည်စဉ်းစား အဖြေရှာရန် နားလည်သင့်သည်။

    အချုပ်အားဖြင့်ဆိုရမည်ဆိုလျှင် ရေကြီးရေလျှံမှု ပြဿနာကို ဘေးအန္တရာယ်ကြုံလာမှ ဆန်တစ်ဆုပ် ဆီတစ်ဇွန်း ကူညီမှုမျိုးဖြင့် ဖြေရှင်းမည့်အစား ဇစ်မြစ်၏အရင်းခံကို ရှာဖွေဖော်ထုတ်ကာ ရေတိုရေရှည် စီမံကိန်းများချမှတ် အကောင်အထည် ဖော်ဆောင်ခြင်းကသာ ရေရှည်အတွက် အဖြေဖြစ်သည်။ အယားဖြေ ဆေးမြီးတို ကုသနည်းသည် ရောဂါအရှင်း ပျောက်ကင်းမည် မဟုတ်။ အယားပြေလိုက် ပြန်ပေါ်လိုက်နှင့် အတွင်းလှိုက်စားခံရသော သံသရာမှာကျင်လည် နေရပါလိမ့်မည်။

    တဂ်တပ်ထားသော

    ဆက်စပ်အကြောင်းအရာများ