အစားအစာမဖူလုံတဲ့ ပြဿနာဟာ ရခိုင်ပြည်မှာ နှစ်ရှည်လများကြုံနေခဲ့ရတဲ့ ပြဿနာတွေဆိုပေမဲ့ ဘယ်သူကမှလဲ ဒီပြဿနာကို အရေးတယူနဲ့ ဖြေရှင်းရမယ်လို့ သတိမထားခဲ့တော့ လက်ရှိစစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် စားနပ်ရိက္ခာပြတ်လပ်တဲ့ပြဿနာနဲ့ ကြုံလာမှသာ အသံကျယ်ကျယ်လောင်နဲ့ သတိထားမိလာကြတာပါ။

(သာဇံမောင်ရေးသည်။)
လူ့အဖွဲ့အစည်းတိုင်းမှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးကတော့ စားဝတ်နေရေးပဲ။ ဒီထဲမှာက ပိုပြီးတော့ အရေးကြီးဆုံးက စားရေးသောက်ရေးဖြစ်တယ်။ လူတေွဟာ အဝတ်အစားတွေကို မဝတ်ပဲနဲ့ နေနိုင်ကောင်း နေနိုင်လိမ့်မယ်၊ မစားမသောက်ပဲနဲ့တော့ အသက်ရှင်ရပ်တည်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ရှေးစာဆိုတွေကတော့ ရှေးတုန်းက ရခိုင်ပြည်မှာ ဘားဘူရှိရင်ဆန်ရှိတယ်၊ ဒိုင်းကျီရှိရင် ရေရှိတယ်ဆိုတဲ့ စာချိူးလေးနဲ့ ကိုယ့်ရေ ကိုယ့်မြေရဲ့ အစားအစာဖူလုံမှုကို မှတ်တမ်းတင်ခဲ့ကြတယ်။ အခုအချိန်မှာ “ဘားဘူရှိယင့် ဆန်ရှိယင့်၊” “ဒိုင်းကျီရှိယင့် ရီဟိယင့်” ဆိုတဲ့စာချိူးလေးကို ကျွန်တော်တို့ ပြန်ကြားရင် မျက်မှောက်ပစ္စပ္ပုန် ရခိုင်ပြည်မှာ အဓိကရင်ဆိုင်နေရတဲ့ အကြီးဆုံးပြဿနာဖြစ်တဲ့ အစားအစာမဖူလုံတာကို တွေးမိပြီးတော့ ခွီကနဲတော့ ဝမ်းနည်းပက်လက်နဲ့ ရယ်မိမှာပဲ။
အစားအစာမဖူလုံတဲ့ ပြဿနာဟာ ရခိုင်ပြည်မှာ နှစ်ရှည်လများကြုံနေခဲ့ရတဲ့ ပြဿနာတွေဆိုပေမဲ့ ဘယ်သူကမှလဲ ဒီပြဿနာကို အရေးတယူနဲ့ ဖြေရှင်းရမယ်လို့ သတိမထားခဲ့တော့ လက်ရှိစစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် စားနပ်ရိက္ခာပြတ်လပ်တဲ့ပြဿနာနဲ့ ကြုံလာမှသာ အသံကျယ်ကျယ်လောင်နဲ့ သတိထားမိလာကြတာပါပဲ။
ဒေသတစ်ခုရဲ့ အစားအစာဖူလုံမှုဟာ ဒေသတွင်းမှာရှိတဲ့ ပြည်သူတေွရဲ့ အသက်ကိန်းဂဏန်းတွေနဲ့ ထပ်တူကျနေတယ်။ အစားအစာဖူလုံမှုဆိုတဲ့ ပြည်သူလူထုရဲ့ အရေးကြီးဆုံးနဲ့ အဓိကအကျဆုံး လိုအပ်ချက်ကိုတောင် အုပ်ချုပ်သူတွေဖက်ကနေ ဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင် ဘယ်အုပ်ချူပ်ရေးအာဏာနဲ့မှ အုပ်ချုပ်တာဖြစ်ဖြစ် ဒေသန္တရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုတဲ့ ပန်းတိုင်ဟာ ဝေလာဝေးပဲ။
အစားအစာဖူလုံမှုနဲ့ ပတ်သက်ရင် ရခိုင်ပြည်ဟာ ပစ္စပ္ပုန်မှာပါ အနာဂတ်မှာ အတော်ရင်နာစရာကောင်းတဲ့ အဖြစ်ပျက်ဆိုးတွေနဲ့ နေ့စဉ်နဲ့အမျှ ကြုံနေရတာကို ကျွန်တော်တို့တစ်တွေ သတိပြုမိထားဖို့လိုပါတယ်။ ပြည်မကနေ နေ့စဉ်တင်ပို့လာတဲ့ စားကုန်သောက်ကုန်နဲ့ အခြား ဆီဆားငရုတ်ကြက်သွန် ကုန်စည်တေွဟာ ရခိုင်ပြည်စီးပွားရေးနဲ့ ပြည်သူလူထုတို့ရဲ့ စားနပ်ရိက္ခာဖူလုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိနေတယ်ဆိုတာကိုလဲ ကျွန်တော်တို့ သိရှိထားဖို့ လိုအပ်ပါတယ်။ ဒီပို့ကုန်တွေကြောင့် ဒေသတွင်းအစားအစာဖူလုံရေးအတွက် အရေးပါတဲ့ စိုက်ပျိူးရေးကဏ္ဍဟာ ပိုပြီးချည်နဲ့လာသလို စိုက်ပျိုးရေးလုပ်ငန်းတွေ အင်အားကောင်းစွာနဲ့ မောင်းနှင်တဲ့နေရာမှာ အခက်အခဲတွေဖြစ်ပေါ်စေပါတယ်။
တစ်ချိန်တည်းမှာပဲ တစ်ခြားဒေသရဲ့ စားသောက်ကုန် ပို့ကုန်တွေကြောင့်လဲ ကိုယ်ဒေသရဲ့ စားသောက်ကုန် ထုတ်ကုန်တွေဟာ ဈေးကွက်ထဲမှာ ပိုမိုယှဉ်ပြိုင်နိုင်အားနည်းလာသလို အခြားဒေသရဲ့ ပို့ကုန်တွေကသာ ဈေးကွက်မှာ ကိုယ့်ဒေသထုတ်ကုန်ကို အနိုင်ယူသွားလေ့ရှိလာပြန်တယ်။ ဒေသန္တရစားသောက်ကုန်တွေ အားကောင်းပြီးတော့ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုလိုအပ်သလို ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်နဲ့ အရည်အသွေးပါ ကျွန်တော်တို့ ပြုလုပ်နိုင်ဖို့လိုအပ်တယ်။
ကော်ပိုရေရှင်းကြီးတွေကနေ ဈေးကွက်တစ်ခုတည်းကိုသာ ကြည့်ပြီးတော့ စိုက်ပျိူးပြီးထွက်လာတဲ့ စားသောက်ကုန်တွေဟာ စျေးကွက်ထဲမှာ ဒေသထွက်ကုန်တွေထက် ရောင်းပန်းလှကာ လူကြိုက်များတာမှန်ပေမဲ့ တစ်ဖက်မှာ ပြည်သူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ကော်ပိုရေရှင်းကြီးတွေရဲ့ စီးပွားရေးအရ ယှဉ်ပြိုင်တဲ့ စက်မှုစိုက်ပျိူးရေးကြောင့် ကမ္ဘာအနှံ့မှာရာသီဉတုဖောက်ပြန်မှုနဲ့ ကင်ဆာရောဂါဖြစ်ပွားမှုတွေဟာ ပိုတိုးလာပါတယ်။ ဒေသခံတွေရဲ့ စိုက်ပျိုးမြေဧရိယာတွေဟာလဲ ကော်ပိုရေးရှင်းကြီးတွေရဲ့ လက်ဝါးကြီး အုပ်စိုးမှုအောက်ကို တစ်စထက်တစ်စ ထိုးအပ်လာရပြီးတော့ ဒေသတွင်းမျိူးစေ့နဲ့ ဒေသတွင်း စားသောက်ကုန်မှန်သမျှဟာ အခြားသူတွေရဲ့လက်ဝါးကြီးအုပ်မှုထဲကို ရောက်ရှိသွားနိုင်ပါတယ်။
ယနေ့ခေတ်မှာ ကျွန်တော်တို့ကိုယ်တိုင် အခြားသူတွေရဲ့ စားသောက်ကုန်ပို့ကုန်တွေအပေါ် မမှီခိုဖို့ဆိုတာ အလွန်ကို ခက်ခဲတဲ့နည်းလမ်းတစ်ခုဖြစ်ပေမဲ့ ကျွန်တော်တို့သာ တစ်နိုင်တစ်ပိုင် စိုက်ပျိူးရေးတွေကို အင်တိုက်အားတိုက်လုပ်မယ်ဆိုရင် အခြားသူတွေရဲ့ ပို့ကုန်ပမာဏအပေါ်အလုံးစုံမှီခိုနေရတာကို လျော့ချနိုင်တဲ့ နည်းလမ်းတစ်ခုလဲဖြစ်တယ်။ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး လုပ်ကိုင်တာဟာ ပြည်မဖက်ကပို့ကုန်တွေပေါ် အလုံးစုံမမှီခိုရအောင် လျော့ချတဲ့ နည်းလမ်းတွေထဲက အသက်သာဆုံးနဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။
တစ်နိုင်တစ်ပိုင်စိုက်ပျိူးရေးမှနေ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးဟာ လက်ရှိကမ္ဘာနိုင်ငံအများစုမှာ စတင်လုပ်ဆောင်နေကြပြီးတော့ လူတိုင်းပါဝင်ပြီးတော့ အားတက်သရောနဲ့ လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်အပေါ်အလုံးစုံ မှီခိုအားထားနေရတာကိုပဲ ဆက်လုပ်နေအုံးမယ်ဆိုရင် ယခုကြုံနေရတဲ့ စားနပ်ရိက္ခာပြတ်လပ်မှု ပြဿနာတွေလိုပဲ နောက်အဂတ်မှာလဲ ဆက်ပြီးတော့ ကြုံလာရအုံးမှာပါပဲ။
ရခိုင်ဒေသဟာ တစ်ချိန်တုန်းက အာရှတိုက်ရဲ့ ဆန်တင်ပို့အများဆုံးဖြစ်ခဲ့တဲ့ ဒေသဖြစ်တယ်လို့ မှတ်တမ်းတွေမှာ ရှိခဲ့ပေမဲ့ ဆန်ပြတ်လပ်တဲ့ အရေးအခင်းနဲ့ ၁၉၆၇ ဩဂုတ်လ ၁၃ ရက်နေ့မှာ ကြုံတွေ့ခဲ့ရပါတယ်။ ဒီနေ့အချိန်မှာတော့ ရခိုင်ပြည်အနှံ့မှာ ဆန်စပါးစိုက်ပျိူးမှုတွေ မြင့်တက်လာတယ်လို့ အစိုးရ အချက်အလက်တွေက ပြောနေပေမဲ့ ရခိုင်ပြည်ကနေရာတိုင်းမှာ ဆန်စပါးဈေးမြင့်တက်မှုကြောင့် အစားအစာနဲ့ ပတ်သက်ရင် ငတ်မွတ်မှုနဲ့ ကြုံနေရတဲ့ ပြည်သူတွေဟာ တစ်ရက်ထက်တစ်ရက် မြင့်တက်နေဆဲပါ။
ဆန်ဈေးတွေ အမြင့်ဆုံးကို ထိုးတက်နေပေမဲ့လဲ လယ်သမားတွေမှာ တစ်နှစ်ထက်တစ်နှစ် အကြွေးနွံထဲမှာ ရုန်းကန်နေရဆဲပါ။ လယ်သမားအလုပ်ကို စွန့်ခွာပြီးတော့ မြို့ပြနဲ့ ပြည်ပကို အလုပ်လုပ်ဖို့ ထွက်ခွာတဲ့ ရွေ့ပြောင်းလုပ်သားနှုန်းကတော့ တစ်ရက်ထက်တစ်ရက်မြင့်မားနေပြီးတော့ ရခိုင်ပြည်မှာလူငယ်လူလတ်ပိုင်းတွေ တဖြည်းဖြည်းနဲ့ လျော့နည်းလို့လာနေပါတယ်။
ပြည်မဖက်ကနေ စားကုန်သောက်ကုန်တွေကို တင်ယူလာတဲ့ ကားကြီး ကားငယ်တွေဟာ ရာနဲ့ချီပြီးတော့ ရခိုင်ရိုးမ တောင်တန်းတွေကနေ တစ်ဆင့် မြို့တိုင်းရဲ့ ရိက္ခာကို တင်သွင်းနေပါတယ်။ ပြည်မရဲ့ ကုန်စည်တင်သွင်းမှုကို မှီခိုနေရတာဟာ ကူးသန်းရောင်းဝယ်ရေးအတွက် လွယ်ကူတဲ့ နည်းလမ်းပေမဲ့ ဒီအခွင့်အရေးကို ပေးလိုက်တဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်အတွက် ဖိနှိပ်စရာ နည်းလမ်းတစ်ခုလဲ ဖြစ်လာပါတယ်။
စားနပ်ရိက္ခာမဖူလုံမှုတဲ့ ပြဿနာဟာ ဒီနေ့လုပ်ရင် ဒီနေ့ဖြေရှင်းလို့ရနိုင်တဲ့ ပြဿနာမဟုတ်ပါဘူး။ ရေရှည်ဖွံ့ဖြိုးဖို့နဲ့ ဒေသတစ်ခုလုံးရဲ့ အသက်သွေးပေါင်း မြောက်များစွာနဲ့ သက်ဆိုင်လို့နေပါတယ်။ ဒီပြဿနာကို ဘယ်သူက ဖြေရှင်းရမယ်၊ ဘယ်တာဝန်ရှိသူကမှ ဖြေရှင်းရမယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုကြီးဖြစ်ပါတယ်။ ဒီပြဿနာကို ပြည်သူတွေကသာ ဦးဆောင်ပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။
ရေရှည်ဖွံ့ဖြိုးတဲ့ စိုက်ပျိူးရေးကသာ ရခိုင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်ရှင်ရပ်တည်နိုင်ရေးကို ဖွံ့ဖြိုးစေမှာပဲဖြစ်ပါတယ်။ တစ်နိုင်တစ်ပိုင်စိုက်ပျိူးရေးမှနေ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးဆီသို့ ခြေလှမ်းမှန်မှန်ဖြင့် ချီတက်ဖို့ လိုအပ်ပါတယ်။ ရခိုင်ပြည်ကြီးကို ကျွန်တော်တို့ကိုယ်တိုင် ကျွေးမွေးထားမှ ရခိုင်ပြည်ကြီး ရှင်သန်နိုင်မည်ဖြစ်ပါတယ်။