The Akyab Post

    စိန်ခေါ်မှုများနှင့် အမှိုက်ပြဿနာ

    စိန်ခေါ်မှုများနှင့် အမှိုက်ပြဿနာ

    အမှိုက်နှင့်ပက်သက်၍ လူတိုင်းကြားဖူးသည့် မြန်မာ့စကားပုံတစ်ခုရှိပါသည်။ "အမှိုက်ကစ ပြာသာဒ်မီးလောင်" ဆိုသော စကားပုံပင်ဖြစ်သည်။ အသေးအဖွဲ့ ကိစ္စမှသည် ကြီးကျယ်သည့် ပြဿနာသို့ ဆိုက်ရောက်လာခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ အမှန်တကယ်ပင် အသေးအဖွဲ့ဟု ထင်နေကြသော အမှိုက်သည် ပြာသာဒ်သာမက တစ်မျိုးသားလုံး၏ ကျန်းမာရေးနှင့် ဂေဟဗေဒ စနစ်တစ်ခုလုံးကိုပါ ခြိမ်းခြောက် လောင်ကျွမ်းလျှက်ရှိနေပါသည်။

    အမှိုက်နှင့်ပတ်သက်၍ ၂၀၁၃-၂၀၁၄ခုနှစ်က ကနေဒါနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပြဿနာ ဖြစ်ခဲ့ကြရသည်။ ကနေဒါနိုင်ငံမှ အမှိုက်တန်ချိန် ၁၅၀ဝခန့်သည် ကွန်တိန်နာ ၆၉ လုံးနှင့် အပြည့်အသိပ်ထည့်ကာ ဖိလစ်ပိုင်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စသည် မိမိတို့ နိုင်ငံ အား စော်ကားခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်အစိုးရက ယူဆကာ  ကနေဒါအစိုးရကို ပြန်သိမ်းပေးရန် အရေးဆိုခြင်းဖြစ်သည်။ လူတို့ သုံးစွဲစွန့်ပစ်လိုက်သော အမှိုက်များသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဆွေးမြေ့ကာ ပျောက်ပျက်သွားခဲ့သော်လည်း ယနေ့ခေတ်တွင် အသုံးတွင်လာသော ပလတ်စတစ် အမှိုက်များသည်ကား နှစ်ပေါင်းထောင်ချီတိုင်သည့်တိုင် အမှိုက်အဖြစ် မပျက်မစီး တည်ရှိနေသည်က တစ်ကမ္ဘာလုံး၏ စိန်ခေါ်မှု ပြဿနာဖြစ်နေပါသည်။ 

    ရန်ကုန်မြို့သည် တစ်နေ့လျှင် အမှိုက်တန်ချိန် ၂၃၀၀ ကနေ ၂၅၀၀ ကြားထွက်ရှိပြီး လူတစ်ဦးလျှင် တစ်နေ့ ကီလိုဝက်ခန့် အမှိုက်များကို စွန့်ပစ်ကြသည်ဟု ရန်ကုန်စည်ပင်သာယာရေးကော်မတီက ဖော်ပြထားပါသည်။ သို့သော်ထို အမှိုက်အားလုံးကို သိမ်းဆည်းနိုင်စွမ်း မရှိဟုလည်းဆိုပါသည်။ ရခိုင်ပြည်နယ်၏ မြိုတော်ဖြစ်သော စစ်တွေမြို့တွင် တစ်နေ့လျှင်အမှိုက်မည်၍ မည်မျှထွက်ပြီး မည်၍မည်မျှသိမ်းဆည်းသည်ဟု စာရင်းဇယား မရှိသောကြောင့် ပြောရန်ခက်ခဲပါသည်။ သို့သော် အပြည့်အဝ မသိမ်းဆည်းနိုင်သည်ကား လမ်းဘေးတစ်လျှောက် ပြန့်ကြဲနေသော အမှိုက်များက သက်သက်ခံလျှက်ရှိပါသည်။ သိမ်းဆည်းပြီးသော အမှိုက်များကိုလည်း ပြန်လည်အသုံးပြုခြင်း၊ ခြေဖျက်ပစ်ခြင်း၊ လောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်ယူခြင်းစသော စနစ်တကျစီမံခန့်ခွဲမှု မရှိပဲ ကွင်းပြင်ကြီးများတွင် စုပုံထားခြင်းဖြင့် သာဖြေရှင်းကြပါသည်။ ဤဖြေရှင်းနည်းသည် တစ်နိုင်ငံလုံးတွင် လက်ရှိထိ အသုံးပြုဖြေရှင်းနည်းများသာ ဖြစ်ပါသည်။

    ၁၉၉၀နောက်ပိုင်းတွင် စစ်တွေမြို့လယ်ချောင်း(မိဇံချောင်း)၏ ချောင်းဖျားရေလဲအင်းတွင် ခြေတံရှည် လူနေအိမ်အချို့ ဆောက်လုပ်နေထိုင်ခဲ့ကြသည်။ ထိုအချိန်က နဝတ/နအဖ အစိုးရသည် အဆိုပါအိမ်များကို ဖယ်ရှားကာ ၎င်းဧရိယာအား အမ္ဗာရာမဘုန်းကြီးကျောင်းပိုင်အဖြစ် လှူဒါန်းခဲ့ပါသည်။ ယင်းနောက်တွင် ထိုရေလဲအင်းအား အမှိုက်များဖြင့် ဖို့မြေအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ထိုအမှိုက်များတွင် အလွယ်တကူဆွေးမြေ့စေသော အမှိုက်များပါသလိုပလတ်စတစ်အမှိုက်များလည်း အတောမသတ်ပါဝင်နေပါသည်။ အချို့သော အမှိုက်များသည် နှစ်ပေါင်းများစွာတိုင်အောင် မြေကြီးထဲတွင်ရှိနေပြီး အချို့သော အမှိုက်များသည် အခြားသောနေရာများသို့ ပျံနှံရောက်ရှိသွားမည်မှာ သေချာပါသည်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်သည့် မြန်မာ့ပင်လယ်ပြင်တွင် မိုက်ခရိုပလတ်စတစ်ပါဝင်မှု အချိုးအစားသည် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ဆက်စပ်သည့် ပင်လယ်ပြင်တွင် ပါဝင်မှုနှုန်းထက် ပိုမိုမြင့်မားနေကြောင်း၂၀၁၉ခုနှစ် မေလ ၂၇ရက်နေ့က မြန်မာ့အလင်းသတင်းစာက "ကမ္ဘာနှင့် ချီသည့် အမှိုက်ပြဿနာ" ဆောင်းပါးတွင်ဖော်ပြထားပါသည်။ မိုက်ခရိုပလတ်စတစ်များဆိုသည်မှာ စွန့်ပစ်ပလက်စတစ်များမှ ဆယ်စုနှစ်ပေါင်းများစွာကြာသည့် အခါ ရေဒဏ်၊  နေဒဏ်၊  လှိုင်းဒဏ်၊ ရာသီဥတုဒဏ်များကြောင့် တစ်စီကျိုးကျေသွားခဲ့ပြီး ၅ မီလီမီတာ မီးခြစ်ဆံ ခေါင်းသာသာထက် သေးငယ်သော အရာကလေးများအဖြစ် ရောက်ရှိ သွားခြင်းပင်ဖြစ်သည်။ ၎င်းအမှုန်များကို ငါးလိပ်များ၊ လင်းပိုင်များ၊ ဝေလငါးများနှင့် အခြားသော ရေနေသတ္တဝါများက စားသုံးခြင်းဖြင့်အဆိပ်သင့်ကာ အသက်ဆုံးရှုံးမှုများထိ ရှိလာပါသည်။

    ၂၀၂၁ခုနှစ်က အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI)၏ စစ်တမ်းအရ ဧရာဝတီမြစ်သည် ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်ကြီးဆယ်စင်းထဲတွင် အဆင့်(၉)နေရာတွင် ရှိနေပါသည်။ ဧရာဝတီမြစ် အတွင်းသို့ နေ့စဉ် ပလတ်စတစ်နှင့် အခြားသော အမှိုက်တန်ချိန် ၁၂၀ခန့် စီးဝင်လျှက်ရှိသည်ဟု ဆိုပါသည်။ ၂၀၂၁ ဧပြီလက ရခိုင်ပြည်နယ် ကုလားတန်မြစ်အထက်ပိုင်းများမှာလည်း စွန့်ပစ်ရေဆိုးများ၊ ပဲနှင့် ဆန်စပါးကြိတ်ခွဲစက်များမှ စွန့်ပစ်ပစ္စည်းများကို မြစ်ပြင်တစ်လျှောက်မှာ စွန့်ပစ်ကြသည်ကို စာရေးသူကိုယ်တိုင် မျက်မြင်တွေ့ခဲရသည်။ စစ်တွေမြို့၏ ကမ်းနားလမ်းတစ်လျှောက်တွင်လည်း အပန်းဖြေနားနေသူများစွန့်ပစ်ပစ္စည်းများသည် မြင်မကောင်းအောင် ပြန်ကြဲလျှက်ရှိသည်မှာ ထူးဆန်းအရာများ မဟုတ်သလိုပင် ဖြစ်နေပါသည်။

    ၂၀၁၉ခုနှစ် ဇွန်လ ၁၁ရက်နေ့က ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသား တစ်ယောက်စီတိုင်းသည် တစ်နေ့လျှင် ၀.၅၆ကီလိုခန့် အမှိုက်စွန့်ထုတ်ကြပြီး တစ်ရက်လျှင် စုစုပေါင်းတန်ချိန် ၂၈၈၅၀ခန့် ရှိသည်ဟုဆိုပါသည်။ မြန်မာနိုင်ငံတွင် အမှိုက်စီမံခန့်ခွဲကို စည်ပင်သာယာရေးတစ်ခုတည်းကသာ လုပ်ဆောင်နေပြီး စီမံခန့်ခွဲမှုမှာလည်း အလွန်ညံ့ဖျင်းလွန်းလှသည်ဟု ဆိုပါသည်။ အမှိုက်များခွဲခြမ်းခြင်းကို စနစ်တကျ တရားဝင်မဟုတ်ပဲ ကြုံသလိုကျဘမ်းဖြင့် ပြည်သူတစ်ချို့က သူတို့၏စားဝတ်နေရေး အတွက်လုပ်ဆောင်ကြခြင်းသာ ရှိသည်ဟု ဖော်ပြထားပါသည်။ တောင်လိုပုံလာသော စုပုံထားသောအမှိုက်များမှ ထွက်ရှိလာသော မီသိန်း(Methane) ဓာတ်ငွေ့များနှင့် အခြားသော အဆိပ်အတောက်များက ပတ်ဝန်းကျင်နှင် ကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်လျှက်ရှိပါသည်။

    မြန်မာနိုင်ငံတွင် အမှိုက်ပြဿနာသည် ပြည်သူများ စည်းကမ်းတကျ အမှိုက်မပစ်ခြင်းကြောင်းဟု အစိုးရ အဆက်ဆက်က လက်ညိုးထိုးကြသလို ပြည်သူများကလည်း စည်ပင်သာယာရေး၏ ပြဿနာဟု အပြန်အလှန် လက်ညိုးထိုးကြယင်း ဂျာအေးကို သူ့အမေရိုက်နေကြသည်မှာ နှစ်ပေါင်းမြောက်မြားစွာကပင် ယနေ့တိုင် ဖြစ်ပါသည်။ အမှိုက်ရဲ့ ဆိုးကျိုးတွေကို သိရှိအောင် ပညာပေးမှုအားနည်းနေသေးသလို လူငယ်တွေကြားမှာလည်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်းရမယ်ဆိုတဲ့ အသိရှိသူက လူနည်းစုပဲရှိသေးတယ်လို့ Mangrove Ranger အစီအစဉ်ကို ဦးဆောင်ခဲ့ဖူးတဲ့ ကိုထက်လင်းနိုင်က ပြောပါသည်။

    ၂၀၂၀ နှင့် ၂၀၂၁ ပညာသင်နှစ်မှ Wide Horizons ကျောင်းသား/သူများသည် အခြေခံပညာ အဆင့်ရှိ အမှိုက်အကြောင်း သိကောင်းစရာ ဆရာ/မများလက်စွဲ စာအုပ်ကို ပြုစုရေးသားခဲ့သည်။ ၎င်းလက်စွဲစာအုပ်သည်အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ဆရာ/မများက မိမိတို့ကျောင်းသားများကို အမှိုက်စီမံခန့်ခွဲမှုအကြောင်းအား သင်ကြားပေးနိုင်ရန် ပြုစုထားခြင်း ဖြစ်ပါသည်။ အမှိုက်သည် လူတို့၏ ကျန်းမာရေး၊ ရေ၊ လေ နှင့်မြေဆီလွှာတို့ကို အဓိက ထိခိုက် ပျက်စီးစေသောကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှုသည် ယနေ့ကမ္ဘာကြီးရင်ဆိုင်နေရသော အကြီးမားဆုံးအ ကြောင်းကိစ္စများထဲမှ တစ်ခုဖြစ်သည်ကို နားလည်သဘောပေါက်ရန် ဖြစ်ပါသည်။ အမှိုက်စီမံခန့်ခွဲမှုကို ကျောင်းများတွင် သင်ယူသင့်ပြီးကောင်းမွန်သော အမှိုက် စီမံခန့်ခွဲမှု အလေ့အကျင့်ကို သင်ကြားပေးခြင်းတို့သည် အလွန်အရေးကြီးလှပါသည်။

    အမှိုက်စီမံခန့်ခွဲမှုသည် လူ့အဖွဲ့အစည်းများ သာယာလှပရေးအတွက် အလွန်အရေးပါသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ အရေးကြီးသော်လည်း အမှိုက်ပြဿနာသည် ထိန်းသိမ်းတားဆီး၍ မရအောင်ပင် ကြီးထွားလာနေသည်က အမှန်ပင် ဖြစ်ပါသည်။ ယခုဖြစ်ပေါ်နေသော အကျပ်အတည်း၏ အကြောင်းရင်းများထဲတွင် လူဦးရေတိုးပွားလာခြင်း၊ လျှင်မြန်သော မြို့ပြအသွင်ပြောင်းလဲလာခြင်းနှင့် စားသုံးမှုအလေ့အထများ ပြောင်းလဲလာခြင်း တို့သည် အဓိက အကြောင်းရင်းခံများ ဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့သည် မြို့ပြအသွင်ကူးပြောင်းမှုနှင့် အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများကို နားလည်ရန် လိုအပ်ပြီး ဤနေရာတွင် နိုင်ငံသားများ မည်သို့လုပ်ဆောင်နိုင်သည်ကို အဓိကထားအာရုံစိုက်ရန် လိုအပ်ပါသည်။ မြို့ပြဧရိယာများတွင် မလျော်ကန်သော အမှိုက်စွန့်ပစ်ခြင်းကို နိုင်ငံသားများ၏ ပံ့ပိုးကူညီမှုနှင့် အာရုံစူးစိုက်မှုဖြင့်သာ ကိုင်တွယ်နိုင်သည်ကို သတိရနေသင့်ပါသည်။

    တစ်ချို့သော ဖွံဖြိုးသည့် နိုင်ငံများတွင် အမှိုက်ပြဿနာကို R5 အစီစဉ်ဖြင့် ပြည်သူများပူးပေါင်း ပါဝင်ခြင်းဖြင့် အောင်မြင်မှုရနေပါသည်။ ပထမအဆင့်မှာ ငြင်းဆန်ခြင်း(Refuse) ဖြစ်ပြီး ပြန်လည်အသုံးပြု၍ မရသော ပစ္စည်းများကို ဝယ်ယူရန်(သို့)အသုံးပြုရန် ငြင်းဆန်ခြင်းဖြစ်သည်။ ဒုတိယအဆင့်မှာ လျှော့ချခြင်း(Reduce)ဖြစ်ပါသည်။ အမှိုက်ကို နည်းနိုင်သမျှ နည်းအောင် အတတ်နိုင်ဆုံးလျှောချ ရပါလိမ့်မည်။ ဥပမာ ပုံနှိပ်သည့်အခါ စာရွက်နှစ်ဖက်စလုံးကို အသုံးခြင်းနှင့် ပလတ်စတစ်ဖြင့် ထုပ်ပိုးမှုများအစား အော်ဂဲနစ်နှင့် ဖော့(Styrofoam) များအသုံးပြုခြင်း ဖြစ်ပါသည်။

    အမှိုက်များလျှော့ချရာတွင် ပြန်လည်အသုံးပြုခြင်း(Reuse)စနစ်ကလည်း များစွာ အထောက်အကူဖြစ်ပါသည်။ တစ်ခါသုံးလွှင့်ပစ်မည့်အစား အကြိမ်ကြိမ်အခါခါ အသုံးပြုခြင်း အမှိုက်ကိုသာမက ကုန်ကျစရိတ်ကိုလည်း သက်သာစေပါသည်။ စတုတ္ထမှာ အစားထိုးအသုံးပြုခြင်း(Repurpose) ဖြစ်သည်။ ဥပမာပြရလျှင် မော်တော်ကားတာယာ အဟောင်းများကို ထိုင်ခုံအဖြစ် ဖန်တီးသလို အအေးခွက်များကို ဘောပင်ထည့်စရာများအဖြစ် အသုံးပြုခြင်းပင် ဖြစ်ပါသည်။ နောက်ဆုံးမှာ ပြန်လည်အသုံးပြုခြင်း(Recycle) ပင်ဖြစ်သည်။ ပြန်လည်အသုံးပြုခြင်း(Recycle) နည်းစနစ်သည် အထက်က ဖော်ပြခဲ့သော နည်းစနစ်များကို ကျော်လွန်၍ သဘာဝပတ်ဝန်းနှင့် သဟဇာတအဖြစ်ဆုံးသော နည်းစနစ် ဖြစ်ပါသည်။ နိုင်ငံသားများ အမှိုက်စီမံခန့်ခွဲမှုကို နားလည်လိုက်နာမှုသည် နိုင်ငံသားများ၏ ကျန်းမာသန်စွမ်းမှုနှင့် တိုက်ရိုက် အချိုးကျပါသည်။

    အစိုးရအနေနှင့်လည်း ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ သတ္တိရှိရှိလမ်းဟောင်းက ခွဲထွက်ကာ အတွေးသစ် အမြင်သစ်များဖြင့် စီမံခန့်ခွဲရန် အရေးတကြီး လိုအပ်နေပါသည်။ အမှိုက်ပြဿနာကို အောင်မြင်စွာကိုင်တွယ်နိုင်သော နိုင်ငံတကာအစိုးရများ၏ လုပ်ပုံကိုင်ပုံများကို အတုယူဖို့ လိုအပ်သလို အေဂျင်စီများ၊ ပုဂ္ဂလိက ကျွမ်းကျင်ပညာရှင်၏ အကြံဉာဏ်ကိုလည်း ရယူရန် တွန့်ဆုတ် မနေသင့်ပေ။ ပြဌာန်းပြီးသား စွန့်ပစ်အမှိုက်ဆိုင်ရာ ဥပဒေများအပြင် လိုအပ်သော ဥပဒေအသစ်များကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် ဒေသန္တရနှင့် ကိုက်ညီသည့် ဥပဒေများကိုတိုးချဲ့ ပြဋ္ဌာန်းကာ ထိ‌ရောက်သော အရေးယူမှုများ ပြုလုပ်ရန်နှင့် ပြည်သူများမှ ပူးပေါင်းပါဝင်ရန် ဆွဲဆောင်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းအတွက် ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း ထိရောက်သောအရေးယူမှုများ မပြုလုပ်သောကြောင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများမှာ နေရာတိုင်းတွင် ရှိနေပါသည်။ အရပ်ဖက်အဖွဲ့အစည်းများနှင့် လုပ်အားပေးပြည်သူများမှ  စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများသော လမ်းများနှင့်ရေမြောင်းများတွင် ဝိုင်းဝန်းအမှိုက် ကောက်ကြသော်လည်း စည်ပင်သာယာမှ အရေးယူမှု မပြုလုပ်သောကြောင့်ထိုနေရာများတွင် အမှိုက်များ ပြန်လည်စွန့်ပစ်မှုများ ထပ်ဖြစ်နေမြဲပင်ဖြစ်သည်။

    အစိုးရမှ အမှိုက်မှ ပြန်လည်အသုံးပြု ထုတ်လုပ်သောလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ချေးငွေများထောက်ပံ့ခြင်း၊ အခွန်ကင်းလွတ်ခွင့် (သို့) လျှောချပေးခြင်းများဖြင့် ကူညီသင့်ပါသည်။ လွန်လေပြီးသော နှစ်ပေါင်းမြောက်မြားစွာက နည်းစနစ်အတိုင်း မြို့တော်စည်ပင်သာယာရေးကော်မတီများနှင့်စည်ပင်သာယာရေးအဖွဲ့များ အနေဖြင့် အမှိုက်ပြဿနာကို ဖြေရှင်းနေခြင်းသည် ပြေလည်မည့် ဖြေရှင်းခြင်းမျိုးမဟုတ်ပေ။ 

    အမှိုက်ခွဲခြားစွန့်ပစ်မှုကို တင်းကြပ်စွာ စောင့်ကြည့်အရေးယူခြင်းလုပ်ငန်းများ၊ အမှိုက် အမျိုးအစားများအလိုက်  အသွင်ပြောင်း၍ ပြန်လည်ထုတ်လုပ်သော လုပ်ငန်းများ၊ စွန့်ပစ်အမှိုက်များစီမံခန့်ခွဲခြင်းဆိုင်ရာလုပ်ငန်းများ၊ အမှိုက်မှ အသွင်ပြောင်း ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ၊ စည်ပင်သာယာသန့်ရှင်းရေးနှင့် အမှိုက်ဆိုင်ရာ စီမံခန့်ခွဲမှုအကြံပေးအဖွဲ့ (Consultants Of Municipal Waste)များ စသော အဖွဲ့အစည်းများကို စနစ်တကျဖွဲ့စည်းကာ အရပ်ဖက်အဖွဲ့အစည်းများနှင့် တာဝန်ယူမှုရှိသော ပုဂ္ဂလိကကဏ္ဍများကို ဖော်ဆောင်ရန်လိုအပ်ပါသည်။ ဤနည်းစနစ်များဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများ၏ အောင်မြင်မှုများက သက်သေပြလျှက်ရှိပါသည်။ 

    အမှိုက်ပြဿနာကို အောင်မြင်စွာဖြေရှင်းမည်ဆိုလျှင် အစိုးရ၊ ပြည်သူ၊ နည်းပညာနှင့် ခေတ်စနစ် အပြောင်းအလဲများကို ဟန်ချက်ညီညီဖော်ဆောင်နိုင်မှ သာလျှင် ဖြေရှင်း၍ရပါလိမ့်မည်။ သို့မဟုတ်ပဲ လမ်းဟောင်းမှာ မူဟောင်းဖြင့် မောင်းနှင်နေသရွေ့ အဖြေမထွက်ပဲ မုန့်လုံးစက္ကူကပ် အဖြစ်နှင့်သာ နပန်းလုံး နေရပါလိမ့်မည်။


    တဂ်တပ်ထားသော

    ဆက်စပ်အကြောင်းအရာများ