The Akyab Post

    စစ်ကောင်စီလက်ထက် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍအား သုံးသပ်ကြည့်ခြင်း

    စစ်ကောင်စီမှနေ၍ ရွေးကောက်ပွဲကျင်းပနိုင်ရင်တောင် PR စနစ်ဖြင့်သာ ကျင်းပမှာဖြစ်တဲ့အတွက် တိုင်းရင်းသားပါတီများသည် မိမိတို့နယ်မြေကို စစ်ကောင်စီလက်ကိုင်တုတ်ကြံ့ခိုင်ရေးပါတီအတွက် ဖယ်ပေးရနိုင်သည့်အပြင် ​စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်သာ အထောက်အပံ့ဖြစ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်လာမှာပါ။ ထို့ကြောင့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ စစ်ကောင် စီ ရဲ့မတရားအာဏာသိမ်းပိုက်မှုကို ရှုံချပြီး စစ်ကောင်စီကကျင်းပသောရွေးကောက်ပွဲကို အသိမှတ်မပြုပဲလွတ်လပ်သောတိုင်းရင်းသားပါတီများအဖြစ်သာ ရပ်တည်ပြီး စစ်ကောင်စီအစိုးရပြုတ်ကျရေးတွင် ပြည်သူများနှင့်သာ ပူးပေါင်းပါဝင်သင့်ပါတယ်။

    စစ်ကောင်စီလက်ထက် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍအား သုံးသပ်ကြည့်ခြင်း

    သက်တမ်းတိုတောင်းလွန်းတဲ့ မြန်မာ့ဒီမိုကရေစီကို လက်နက်အားကိုးနဲ့ မြန်မာ့စစ်တပ်က မတရားအာဏာသိမ်းယူလိုက်တာဟာ ဒီနှစ်အတွင်းမှာဆို(၂)နှစ်ရှိခဲ့ပြီဖြစ်တယ်။ အာဏာသိမ်းစစ်တပ်ဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ(၁) ရက်နေ့က စပြီး ပြည်သူလူထုကို ဖိနှိပ်ရန်အတွက်မတရားဥပဒေများစွာကို ထုတ်ပြန်ခဲ့တယ်။ အာဏာသိမ်းစစ်တပ်ဟာ အာဏာစသိမ်းပြီး (၁)နှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ပေးမယ်လို့ ကြွားဝါခဲ့ပေမဲ့ ဒီနေ့အချိန်အထိ ရွေးကောက်ပွဲပြုလုပ်ပေးခဲ့တာ မရှိသေးပေ။

    ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ အာဏာသိမ်းပြီး(၂)နှစ်မပြည့်မီ ရက်ပိုင်းအလိုမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေသစ်တစ်ရပ်ကိုထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေသစ်ဟာ စစ်ကောင်စီရဲ့ ဗျူရိုကရက် ယန္တရားတွေ တရားဝင်မူဖြစ်စေရေးအတွက်အကူအညီအထောက်အပံ့ပေးနေတဲ့ ခွေးသွားစိတ်လေးတွေ လည်းဖြစ်ကြတယ်။

    ဒီဥပဒေအရ မြန်မာနိုင်ငံတွင်းမှာ ယခင် တရားဝင်မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်​ရေးဟာ ပိုမိုခြိမ်းခြောက်ခံလာရပါတယ်။တစ်ချို့သောနိုင်ငံရေးပါတီတွေဟာ ဒီဥပဒေသစ်ကြောင့် တရားဝင်မှတ်ပုံမတင်ဖို့ ဒီအထဲမှာ ဆုံးဖြတ်ချက်တွေချ မှတ်ခဲ့ကြတယ်။ ဒီထဲမှာ
    အစဥ်အလာ​​ကြီးမားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် (SNLD) ဟာလည်း
    တစ်ခုအပါအဝင်ဖြစ်တယ်။

    ဒါပေမဲ့ တစ်ချိူ့သောနိုင်ငံရေးပါတီတွေဟာ ဘယ်လှေစီးစီး ခရီးရောက်ရင်ပြီးရောဆိုသလို ပါတီရပ်တည်နိုင်ရေးအတွက် စစ်ကောင်စီထံမှတ်ပုံတင်ခဲ့တာတွေလည်း တွေ့မြင်ရတယ်။ ယခင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ (၉၂) ခုရှိတဲ့ထဲက ပါတီ (၅၀) လောက်ဟာ စစ်ကောင်စီကနေပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေထဲက ပုဒ်မ (၂၅) အရ ပြန်လည်မှတ်ပုံပြန်တင်ပြီး၊ ပုဒ်မ (၃) အရ ပါတီအသစ် (၁၃) ခု ဟာလည်း မှတ်ပုံတင်ထားခဲ့ကြတယ်။ ပါတီသစ် (၁၃) ခုထဲမှာယခင်ရှိခဲ့တဲ့ ပါတီအဟောင်းတွေကို ခွဲပြီးတစ်မျိူး၊ ပါတီတွေအချင်းချင်း ပေါင်းစပ်ပြီးတစ်မျိူး ဖွဲ့စည်းထားကြတဲ့ ပါတီတွေလည်း ပါဝင်နေပြန်တယ်။

    စစ်ကောင်စီကနေပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေသစ်မှာ မှတ်ပုံတင်ခဲ့ကြတဲ့ ပါတီတွေလည်းရှိနေသလို၊ ပြန်ပြီးမှတ်ပုံမတင်ကြတဲ့ ပါတီတွေလည်း ရှိကြတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ ရှိနေတဲ့ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍဟာ ဘယ်နေရာမှာရှိနေတယ်၊ ဘယ်လောက် အတိုင်းအတာအထိ သူတို့ဆီက မျှော်လင့်လို့ရတယ်၊ တိုင်းရင်းသားအကျိူးစီးပွားကို ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်ပေးနိုင် မလဲဆိုတာကို ဒီဆောင်းပါးထဲမှာ ဆွေးနွေးပေးသွားမှာဖြစ်တယ်။

    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် စစ်ကောင်စီဟာ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေ (၂၀၂၃)” ကို ပြဌာန်းလိုက်တယ်။ ဒီဥပဒေအရ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ နိုင်ငံရေးပါတီတွေကို အမျိူးအစားနှစ်မျိူး ခွဲခြားသတ်မှတ်လိုက်ပါတယ်။ ပထမအမျိုးအစားမှာ ပြည်ထောင်စုတစ်ဝှမ်းလုံး စည်းရုံးခွင့်ရပါတီတွေဖြစ်ပြီး၊ ဒုတိယတစ်မျိူးမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် စည်းရုံးခွင့်ရ ပါတီတွေဖြစ်ကြပါတယ်။

    ဒီဥပဒေရဲ့ ပုဒ်မ(၅)၊ (၁၂)တို့အရ ပြည်ထောင်စုတစ်ဝှမ်းလုံးကို စည်းရုံးဖို့ပါတီတွေအတွက်ဆို ပါတီဝင်အင်အား (၁)သိန်း၊ ပါတီတည်ထောင်ဖို့ ရန်ပုံငွေ သိန်း(၁၀၀၀) နဲ့မြန်မာနိုင်ငံမြို့နယ်အားလုံးရဲ့ အနည်းဆုံး ထက်ဝက်လောက်မှာ ပါတီရုံးဖွင့်လှစ်ရမှာ​ဖြစ်တယ်။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပတဲ့ မြန်မာနိုင်ငံ မဲဆန္ဒနယ် အားလုံးရဲ့ထက်ဝက်မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရမှာလည်းဖြစ်တယ်။ ဒီအချက်တွေနဲ့ မပြည့်စုံရင် ပါတီအဖြစ်ကနေ ပယ်ဖျက်သွားမှာဖြစ်တယ်။

    နောက်တစ်မျိူးဖြစ်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စည်းရုံးခွင့်ရ ပါတီတွေမှာဆို ပါတီဝင် အင်အား (၁)ထောင်၊ ပါတီတည်ထောင်ရန် ရန်ပုံငွေသိန်း(၁၀၀) နဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်တွေမှာ ပါတီရုံးခွဲ (၅) ရုံးကိုပါ ဖွင့်လှစ်နိုင်ရမှာဖြစ်တယ်။ နောက်ထပ်ရွေးကောက်ပွဲကျင်းပနိုင်ရင် အနည်းဆုံး မဲဆန္ဒနယ်တစ်နေရာမှာ မဖြစ်မနေယှဉ်ပြိုင်နိုင်မှ ပါတီအဖြစ်အသိအမှတ်ပြုပေးမှာဖြစ်တယ်။

    ဒီအချက်အလက်တွေအရ တိုင်းရင်းသားပါတီတွေဟာ ရွေးကောက်ပွဲကျင်းပတဲ့အခါ ယှဉ်ပြိုင်နိုင်ဖို့ အခက်အခဲတွေ ပိုများလာကြတာကိုတွေ့ရတယ်။မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပါတီတွေဟာ မိမိတို့လူမျိူးအခြေစိုက်ရာ နယ်‌မြေဒေသတွေကို အခြေပြုပြီးတော့ ပါတီကိုတည်ထောင်ခဲ့ကြတာဖြစ်တယ်။ဒါကြောင့်လည်း ပြည်ထောင်စု တစ်ဝှမ်းလုံးမှာရှိတဲ့ မိမိတို့လူမျိူးတွေကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်။

    ဥပမာ- ရခိုင်တိုင်းရင်းသားပါတီတွေဟာ ရခိုင်လူမျိူးစုတွေအများဆုံးအခြေစိုက်ရာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရှမ်းတိုင်းရင်းသားပါတီတွေဆိုရင်လည်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ်တွေမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်။ ထို့အတူ မွန်တိုင်းရင်းသားပါတီတွေဆိုရင်လည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာကိုတွေ့ရပါတယ်။

    စစ်အာဏာရှင်ဟောင်းသန်းရွှေ လက်ထက်တုန်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေမှာ တိုင်းရင်းသား ပါတီများ သက်ဆိုင်ရာကိုယ်စားပြုဒေသအလိုက် ယှဉ်ပြိုင်နိုင်အောင် ဖန်တီးခဲ့တာကိုတွေ့မြင်ရပါတယ်။ ဒီဥပဒေထဲမှာ ပြည်ထောင်စုအဆင့်ပါတီတွေအတွက် ပါတီဝင်ဦးရေ (၁၀၀၀)၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်ပါတီတွေအတွက် ပါတီဝင်ဦးရေ (၅၀၀)ဆိုလျှင် ပါတီအဖွဲ့အစည်းတစ်ရပ်အဖြစ် ကိုယ်စားပြုခွင့်ရှိတယ်။ ဒါကြောင့် Minority within Minority ဖြစ်ကြတဲ့ လူမျိူးစုငယ်တွေဟာလည်း သူတို့လူမျိူးစုကိုယ်စားပြုပါတီတွေကိုလည်း အသီးအသီး တည်ထောင်နိုင်ခဲ့ကြပါတယ်။

    တစ်ချိူ့လူမျိူးစုငယ် ပါတီတွေဆိုရင် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲမှာ နေရာရရှိခဲ့​ကြပါတယ်။လက်ရှိအာဏာသိမ်းစစ်ကောင်စီမှ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေအရ လူနည်းစု၊ လူမျိူးငယ်တွေဟာ ကိုယ်စားပြုပါတီတစ်ရပ်အဖြစ် ရပ်တည်ဖို့ အလွန်တရာမှ ခက်ခဲသွားကြတယ်။

    လက်ရှိရခိုင်ပြည်မှာ ဒိုင်းနက်ပါတီနဲ့ ကမန်ပါတီတွေဟာ စစ်ကောင်စီရဲ့ ဥပဒေသစ်အောက်မှာ မှတ်ပုံပြန် မတင်နိုင်တာကို မြင်တွေ့ရတယ်။ ရခိုင်ပြည်မှ မြို့နယ်(၅)မြို့နယ်မှာ ရုံးဖွင့်နိုင်ရန်အတွက် အခက်အခဲ တွေရှိတဲ့အတွက်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်မှာ အင်အားအကြီးဆုံးပါတီတွေ ဖြစ်ကြတဲ့ ရခိုင်အမျိူးသားပါတီ (ANP)နဲ့ ရခိုင်ရှေ့ဆောင်ပါတီ (AFP) တို့ဟာ စစ်ကောင်စီရဲ့ ဥပဒေသစ်မှာ မှတ်ပုံတင်ထားကြတာကို တွေ့မြင်ရပါတယ်။ ပြည်ထောင်စုအဆင့် မှတ်ပုံတင်ထားကြခြင်းမျိူးမဟုတ်ပဲ ပြည်နယ်အဆင့်ပါတီတွေအဖြစ် မှတ်ပုံတင်ထားကြခြင်းမျိူးသာ​ဖြစ်တယ်။

    ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ပါတီတည်ထောင်ထားထား စစ်ကောင်စီရဲ့ ဥပဒေအောက်မှာ မှတ်ပုံတင်ထားကြတဲ့ အတွက်ကြောင့် ဒီဥပဒေကို ပြဌာန်းထားတဲ့ အုပ်ချူပ်သူလူတန်းစားရဲ့ အာဏာကို လိုက်နာရမှဖြစ်တယ်။ ဒီနေရာမှာ အုပ်ချူပ်သူလူတန်းစားဆိုတာဟာ နိုင်ငံတော်အာဏာကို မတရားနည်းလမ်းဖြင့်ရယူထားတာဖြစ်စေ၊ တရားဝင်သောရွေးကောက်ပွဲရလဒ်နဲ့ အနိုင်ရရှိထားတာဖြစ်စေ နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင် အစိုးရတစ်ရပ်ကိုခေါ်ဆိုတာဖြစ်တယ်။

    အုပ်ချူပ်သူလူတန်းစားတွေဆီမှာ မှတ်ပုံတင်ထားတဲ့ အတွက်ကြောင့် အုပ်ချူပ်သူလူတန်းစားရဲ့ ဥပဒေအောက်မှ တရားဝင်ဖြစ်ရေးဟာ ပါတီတွေအတွက် မဖြစ်မနေ လိုက်နာရမဲ့ အချက်တစ်ချက်ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီရဲ့ ဥပဒေသစ်ကို ကြိုက်၍သော် လည်းကောင်း၊ မကြိုက်၍သော်လည်းကောင်း၊ ဒီဥပဒေကို တရားဝင်တယ်လို့ ယူဆထားကြပြီး မှတ်ပုံတင်ထားကြတာဖြစ်တဲ့အတွက် စစ်ကောင်စီကို တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိမှတ်ပြုထားကြတာနဲ့ တူညီနေကြတယ်။

    စစ်ကောင်စီရဲ့ ဥပဒေသစ်မှာ မှတ်ပုံတင်ထားကြတဲ့ ပါတီအများစုဟာ အယင်ရွေးကောက်ပွဲတွေမှာ အနိုင်မရခဲ့ဖူးတဲ့ ပါတီတွေအများစုဖြစ်နေတာကိုမြင်တွေ့ရတယ်။ ကြံ့ခိုင်ရေးပါတီလို စစ်တပ်ရဲ့ ဒေါက်တိုင် ပါတီတွေလည်း မှတ်ပုံပြန်တင်ထားကြသလို၊ ပြည်နယ်တွေမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေလည်း ဒီထဲမှာပါဝင်လို့နေတယ်။ တိုင်းရင်းသားပါတီတွေထဲမှာ ရခိုင်အမျိူးသားပါတီ (ANP)၊ မွန်ညီညွတ်ရေးပါတီ၊ ရှမ်းပြည်နယ်က PNO ပါတီတွေလို အင်အားကောင်းတဲ့ ပါတီတွေလည်း မှတ်ပုံပြန်တင်ထားကြသလို၊ ကျန်တဲ့ ပါတီတွေဟာ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တစ်နေရာတောင် နိုင်နိုင်ခြေမရှိတဲ့ ပါတီတွေအများစုဖြစ်နေတာကို မြင်တွေ့ရတယ်။

    တိုင်းရင်းသားပါတီတွေဟာ စစ်ကောင်စီရဲ့ ဥပဒေသစ်မှာ မှတ်ပုံတင်ထားကြတာဟာ ကိုယ်စားပြု တိုင်းရင်းသား တွေရဲ့ အကျိူးစီးပွားအတွက်လို့ ကြွေးကြော်ထားကြပေမဲ့၊ စစ်ကောင်စီရဲ့ ဆိုးယုတ်လာတဲ့ အာဏာစက်အောက်မှာ တိုင်းရင်းသားပါတီတွေဟာ တိုင်းရင်းသားအကျိူးစီးပွားအတွက် လုပ်ဆောင်ပေးနိုင်မယ်ဆိုတာ လုံးဝဖြစ်နိုင်ခြေမရှိတဲ့ ကြွားလုံးသက်သက်သာဖြစ်တယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အနိုင်ရတိုင်းရင်းသားပါတီတွေဟာ ပြည်နယ်အစိုးရ တစ်ရပ်ကိုဖွဲ့ခွင့်မရခဲ့တာကို တွေ့မြင်ခဲ့ရတယ်။ ပုဒ်မ (၂၆၁) (ခ) အရ သမ္မတမှ တစ်နိုင်ငံလုံးအနှံ့ အနိုင်ရရှိတဲ့ပါတီမှ ကိုယ်စားလှယ်တစ်ဦးကို ဝန်ကြီးချူပ်အဖြစ် တာဝန်ခန့်အပ်ပြီး အစိုးရဖွဲ့ခဲ့တယ်။ ဥပမာအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP)နဲ့ ရခိုင်အမျိူးသားပါတီ (ANP) တို့လို ပြည်နယ်တွေမှာ အနိုင်ရရှိခဲ့တဲ့ ပါတီတွေရဲ့ အခန်းကဏ္ဍကို ပြန်လည်ဆန်းစစ်ကြည့်ကြဖို့လိုအပ်တယ်။

    ရခိုင်ပြည်မှာ အများစု အနိုင်ရရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နဲ့ ရခိုင်အမျိူးသား ပါတီ (ANP) တို့ဟာ တိုင်းရင်းသားပါတီတွေထဲမှာ ကိုယ်စားလှယ်အများဆုံးနေရာရရှိခဲ့ပြီး၊ ပြည်ထောင်စုအဆင့်မှာ တတိယအင်အားအကြီးဆုံးပါတီတွေလည်းဖြစ်တယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက ကန့်သတ်မူများစွာရှိတဲ့အတွက် ပါတီရဲ့ အခြေခံမူဝါဒတွေကို ဘာတစ်ခုမှ ရေရေရာရာ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့တာတွေကိုလည်း တွေ့မြင်ရတယ်။

    ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌနေရာတို့ ရရှိခဲ့တဲ့ ရခိုင်မျိူးသားပါတီဟာ ပြည်နယ်အတိုင်းအတာမှာ အနိုင်ရရှိခဲ့တဲ့ ပါတီဖြစ်ပေမဲ့လည်း ရခိုင်ပြည်နဲ့ ပတ်သက်လာရင် မူဝါဒတွေ ပေါ်လစီတွေဖော်ဆောင်ခဲ့တဲ့နေရာမှာ အလွန်တရာအားနည်းခဲ့တာကိုလည်း တွေ့မြင်ခဲ့ရတယ်။ ရွေးကောက်ပွဲမကျင်းပမီနဲ့ ရွေးကောက်ပွဲလွန်ကာလတွေမှာ အနိုင်ရရခိုင်ပါတီတွေ ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်နိုင်ခဲ့တာဆိုလို့ ရခိုင်အမျိူးသားရေးစိတ်ဓာတ်ကို နိုးကြားလာအောင်
    လှုံ့ဆော်ပေးနိုင်ခဲ့ခြင်း တစ်ခုပဲရှိတယ်။

    အရင်ရွေးကောက်ပွဲတွေကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံထဲကလို ကျင်းပခဲ့သလို၊ လက်ရှိ စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲမှာလည်း ၂၀၀၈ ခြေဥအတွင်းမှနေပြီး ကန့်သတ်ချက်များစွာ ပြုလုပ်ကာ ကျင်းပမှာဖြစ်တယ်။ ဒီမိုကရေစီအစိုးရလက်ထက်မှာပင် တိုင်းရင်းသားပါတီတွေဟာ ခြေဥတွင်းမှနေပြီး ကန့်သတ်ချက်များစွာတို့ကို ခံခဲ့ရတဲ့အလျောက် လက်ရှိစစ်ကောင်စီအစိုးရကကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမူ လုံးဝရှိနိုင်မှာမဟုတ်ဆိုတာကို ပြည်သူတိုင်းနီးပါးအသိလည်းဖြစ်တယ်။

    အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း တိုင်းရင်းသားပါတီအများစုဟာ ပြည်နယ်အဆင့်ပါတီတွေအဖြစ်သာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်​​ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ဩဇာအာဏာဟာ နိုင်ငံရေးဘောင်ကျယ်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဆိတ်သုန်းပြီး နောက်ပိုင်းမှာ နိုင်ငံရေးဘောင်ကျယ်လာနိုင်မယ်ဆိုတာ လုံးဝဖြစ်နိုင်ခြေမရှိတဲ့ ကိစ္စရပ်ဖြစ်တယ်။

    စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပ လာရင်လည်း PR စနစ်နဲ့ ကျင်းပမယ်လို့ ကြွေးကြော်ထားပါတယ်။ PR စနစ်ဟာ အပြင်ပန်းအနေအထားအရ ကြည့်ရရင် တိုင်းရင်းသားပါတီငယ်တွေအတွက် လွှတ်တော်ထဲကို ပိုရောက်နိုင်ခြေရှိတယ်လို့ ထင်ရကောင်းထင်ရနိုင်ပါတယ်။ ဒါပေမဲ့ လူမျိူးစုငယ်ပါတီတွေ မရပ်တည်နိုင်ရေးအတွက် လက်ရှိထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ တိုင်းရင်းသားပါတီဝင်အများစုကို ပြည်ထောင်စု အဆင့်ထိ တက်ရောက်မလာရအောင် ရိုက်ချလိုက်တာနဲ့ တူနေပါတယ်။

    အတိုက်အခံအင်အားစုတွေကို ကြောက်၍သော် လည်းကောင်း၊ လက်ရှိစစ်ကောင်စီမှရယူထားတဲ့ အာဏာကို လက်မလွှတ်ချင်၍သော်လည်းကောင်း အသစ်ထုတ်ပြန်ထားတဲ့ ဥပ‌ဒေသစ်ဟာ အင်အားကောင်းတဲ့ တိုင်းရင်းသား ပါတီတွေကို အင်အားနည်းသွားအောင် ပြုလုပ်လိုက်တာ​​ဖြစ်တယ်။

    ရခိုင်ပြည်ထဲကိုပဲ နမူနာထားပြီး သက်သေပြရမယ်ဆိုရင် ရခိုင်အမျိူးသားပါတီဟာ အရင်တုန်းကလောက် ထင်သလောက်အနိုင်ရဖို့ မလွယ်ကူတော့တာကို တွေ့ရမှာပါ။ ရခိုင်အမျိူးသားပါတီအနိုင်ရတဲ့ မဲဆန္ဒနယ် တစ်ချိူ့ကို ကြံ့ခိုင်ရေးပါတီကိုသော်လည်းကောင်း အခြားပါတီတစ်ခုခုကို PR စနစ်အရ ခွဲဝေပြီးပေးရမှာ ဖြစ်တယ်။

    ၂၀၂၀ရွေးကောက်ပွဲရဲ့စစ်တွေမြို့နယ်ရွေးကောက်ပွဲရလဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ ရခိုင်အမျိူးသားပါတီ (၄၇.၆၆%)၊ ကြံ့ခိုင်ရေးပါတီ(၁၆.၁၆%)၊ ရခိုင့်ဦးဆောင်ပါတီဟာ (၃၀%) တို့ကိုတွေ့ရပါတယ်။ ပြည်နယ်လွှတ်တော် အမှတ် (၁) မှာ ရခိုင်အမျိူးသားပါတီဟာ (၄၂.၈၅%)၊ ကြံ့ခိုင်ရေးပါတီဟာ (၁၇.၁၇%)၊ ရခိုင့်ဦးဆောင်ပါီဟာ(၃၅.၂၃%)တို့ဖြစ်ပြီး၊ ပြည်နယ်လွှတ်တော် အမှတ် (၂) မှာ ရခိုင်အမျိူးသားပါတီ (၃၇.၆၅%)၊ကြံ့ခိုင်ရေးပါတီ (၁၇.၀၈%)၊ ရခိုင့်ဉီးဆောင်ပါတီဟာ (၂၂.၀၃%)တို့ ဖြစ်ကြပါတယ်။ ဒီရလဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် ရခိုင်ပါတီတွေဟာ လွှတ်တော်အရပ်ရပ်မှာ ၅၀% မကျော်တာကို တွေ့ရပြီးတော့ ကြံ့ခိုင်ရေးပါတီဟာ လွှတ်တော်တိုင်းမှာ ၁၇% ဝန်းကျင်ရှိနေတာကို တွေ့မြင်ရပါတယ်။

    ဒီအချက်အလက်တွေကို ကြည့်ရရင် ရခိုင်ပါတီတွေအများစုဟာ PR စနစ်ထဲမှာ ယခင်အနိုင်ရရှိခဲ့တဲ့ အရေအတွတ်ကို ပြည့်မှီနိုင်မယ်တယ်ဆိုတာ လုံးဝဖြစ်နိုင်ခြေမရှိတဲ့ အချက်တစ်ခုလည်းဖြစ်တယ်။ ဒါကြောင့် ဒီထက်ပိုမို အားနည်းတဲ့ တိုင်းရင်းသားပါတီတွေအဖြစ်ကို နေ့ချင်းညချင်းပြောင်းလဲနိုင်တဲ့ အခြေအနေတွေကို မြင်တွေ့ရတယ်။

    နောက်ထပ်စိုးရိမ်စရာကောင်းတဲ့ ဥပဒေတစ်ရပ်မှာ စစ်ကောင်စီမှနေ၍ အသစ်ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေပုဒ်မ(၁၂)၊(က)၊ (၁) (၂) ပါ အချက်အလက်တွေဖြစ်တယ်။ ပုဒ်မ (၁၂)(က)၊ (၁) တွင် ပြည်ထောင်စု တစ်ဝှမ်းလုံးပါတီတွေဟာ လွှတ်တော်အားလုံး ( တိုင်းရင်းသားရေးရာ ဝန်ကြီးအပါအဝင်)၏ အနည်းဆုံး တစ်ဝက်ကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဟု ဖော်ပြထားပေမဲ့လည်း၊ ပုဒ်မ (၁၂)၊(က)၊ (၂) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ပါတီများအတွက် လွှတ်တော်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဟု ဖော်ပြထားတဲ့အချက်ကို မတွေ့ရှိရပဲ တိုင်းရင်းသာရေးရာဝန်ကြီးအပါအဝင်ဟုသာ ဖော်ပြထားပါတယ်။ ဒီလိုဖော်ပြထားခြင်း မရှိတာဟာ ဥပဒေအရ လိုသလို ဆွဲဆန့်နိုင်ရန်အတွက် silence အဓိပ္ပါယ်ဖြစ်နေပါတယ်။

    ဒါကြောင့် ဒီဥပဒေထဲမှာ သတ်သတ်မှတ်မှတ်ဖော်ပြထားခြင်းမရှိတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ပါတီတွေဟာ ပြည်ထောင်စုလွှတ်တော်အဆင့်မှာ ဝင်ရောက်ခွင့် ယှဥ်ပြိုင်ခွင့် ရရှိမယ်ဆိုသည်မှာ မသေချာဘူးလို့ ဆိုရမှာဖြစ်တယ်။ ဒီလိုသာဖြစ်သွားမယ်ဆိုရင် လက်ရှိမှတ်ပုံတင်ထားကြတဲ့ တိုင်းရင်းသားပါတီတွေဟာ မိအေးနှစ်ခါနာဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြည်ထောင်စုအဆင့်မှာ ပြောရေးဆိုခွင့်မှာ လုံးဝနီးပါး ပျောက်ကွယ်သွားနိုင်တယ်။

    အဆုံးသတ်အနေဖြင့် ခြုံငုံသုံးသပ်ရရင် အချက် ၅ချက်ကိုတွေ့မြင်နိုင်ပါတယ်

    ၁။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ ပြည်ထောင်စုအဆင့်ပါတီတွေအဖြစ် မရပ်တည်နိုင်ကြတော့ပါ။ ဒါ့အပြင် သက်ဆိုင်ရာပြည်နယ်တွေရဲ့ ပြင်ပတွင်နေထိုင်ကြသော လူမျိုးများကိုလည်း စည်းရုံးခွင့်နဲ့ ကိုယ်စားပြုခွင့်တို့မှာ လုံးဝဆုံးရှံးမှာဖြစ်တယ်။ ဒါကြောင့် သက်ဆိုင်ရာတိုင်းရင်းသားတွေကို ကိုယ်စားပြုပါတီဆိုတာ လုံးဝမရှိဖြစ်သွားနိုင်ပါတယ်။

    ၂။ လူမျိူးတစ်မျိူးလုံးကို ကိုယ်စားပြုခွင့်ဆုံးရှံးနိုင်တဲ့ တိုင်ရင်းသားပါတီတွေဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးတွေမှာ ကိုယ်စားပြုလူမျိူးနဲ့ ပတ်သက်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခြားကဏ္ဍအသီးသီးတွေမှာလည်း ဥပဒေဘောင်အတွင်းမှနေ လုပ်ဆောင်နိုင်မည့်အရေးမှာ လုံးဝမရှိသလောက် နည်းပါးသွားမှာဖြစ်တယ်။

    ၃။ ပြည်နယ်အဆင့်မှာ ရပ်တည်နိုင်နေရတဲ့ တိုင်းရင်းသားပါတီတွေဟာ ပါတီရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိူးသားတန်းတူညီညွတ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ မူဝါဒတွေဟာ လုံးဝနီးပါးဆိတ်သုန်းသွားနိုင်ပြီး ဖက်ဒရယ်အိမ်မက်တွေဟာလည်း ပျက်စီးနိုင်ခြေရှိတယ်။

    ၄။ ဘယ်လောက်ထိ အားနည်းတဲ့တိုင်းရင်းသားပါတီတွေဖြစ်သွားပါစေ၊ ပါတီရပ်တည်နိုင်ရေးအတွက် စစ်ကောင်စီဆီမှာ မှတ်ပုံတင်ထားကြတဲ့အတွက် စစ်ကောင်စီကို တရားဝင်အစိုးရတစ်ရပ်အနေနဲ့ အသိမှတ်ပြုပေးတဲ့ ပါတီတွေအဖြစ်ကို ရောက်ရှိသွားနိုင်ပါတယ်။

    ၅။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ အခြေအနေတွေမှာ ပါတီတည်ရှိနေတဲ့အတွက် စစ်ကောင်စီရဲ့ ပြည်သူများအပေါ် အကြမ်းဖက်မူများ၊ လူအခွင့်အရေးချိူးဖောက်မူတွေကိုထောက်ပြခြင်းစတဲ့ အလုပ်များကို မလုပ်ဆောင်နိုင်တော့ပဲ social politics ကိုသာ လုပ်ဆောင်နိုင်ကြတော့မှာဖြစ်ပြီး၊ စစ်တပ်ရဲ့ လက်ကိုင်တုတ်အဖြစ်သို့သေချာပေါက်ရောက်ရှိသွားနိုင်ပါတယ်။

    စစ်ကောင်စီမှနေ၍ ရွေးကောက်ပွဲကျင်းပနိုင်ရင်တောင် PR စနစ်ဖြင့်သာ ကျင်းပမှာဖြစ်တဲ့အတွက် တိုင်းရင်းသားပါတီများသည် မိမိတို့နယ်မြေကို စစ်ကောင်စီလက်ကိုင်တုတ်ကြံ့ခိုင်ရေးပါတီအတွက် ဖယ်ပေးရနိုင်သည့်အပြင် ​စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်သာ အထောက်အပံ့ဖြစ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်လာမှာပါ။ ထို့ကြောင့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ စစ်ကောင် စီ ရဲ့မတရားအာဏာသိမ်းပိုက်မှုကို ရှုံချပြီး စစ်ကောင်စီကကျင်းပသောရွေးကောက်ပွဲကို အသိမှတ်မပြုပဲလွတ်လပ်သောတိုင်းရင်းသားပါတီများအဖြစ်သာ ရပ်တည်ပြီး စစ်ကောင်စီအစိုးရပြုတ်ကျရေးတွင် ပြည်သူများနှင့်သာ ပူးပေါင်းပါဝင်သင့်ပါတယ်။

    ဆက်စပ်အကြောင်းအရာများ